ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဦးဆောင်ကျင်းပသော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနား၌ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ် စက်တင်ဘာ (၁၅) ရက်ကျွန်တော့်အနေနဲ့ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်ခွင့်ရလို့ အထူး ဝမ်းသာ ဂုဏ်ယူပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကနေ ဦးဆောင်ကျင်းပတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ပဏာမအားဖြင့် ပြောချင်ပါတယ်။ဒီမိုကရေစီလို့ ပြောရင် အနှစ်သာရအားဖြင့် အမြောက်အမြားရှိတာ တွေ့ရပါတယ်။ ဒီနေ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ အများအပြားရှိတဲ့အထဲက အခြေခံကျတဲ့ အချက် (၃) ချက်ကို ကောက်နုတ် ပြောချင်ပါတယ်။ အဲဒီ့အချက် (၃) ချက်ကတော့ “တန်းတူညီမျှခြင်း” “လွတ်လပ်ခွင့်” နဲ့ “တရားဥပဒေစိုးမိုးမှု” ဆိုတဲ့ အချက် (၃) ချက်ပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီကို မြည်းစမ်းခွင့်သာ ရပြီး ဒီမိုကရေစီရဲ့ အရသာကို အချိန်ကြာကြာ စားသုံးခွင့် မရခဲ့ကြပါဘူး။ အခုလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်လို့ ဒီမိုကရေစီ အသွင်ကူးပြောင်း သန္ဓေတည်နေတဲ့ကာလမှာပဲ နောက်ကြောင်းပြန်မှု ဖြစ်ခဲ့ပါတယ်။ ဒါကို အခု ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထုရဲ့ သဘောထားနဲ့ အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိအောင် ပြန်လည် တွန်းတင်နေကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်း အလျင်အမြန် ပြန်ရောက်ဖို့ လိုပါတယ်။ဒီတစ်ခါ နွေဦးတော်လှန်ရေးမှာ တွေ့ရတဲ့ လူထုဒီမိုကရေစီကြိုးပမ်းမှုကြီးကတော့ ဒီမိုကရေစီသက်သက် မဟုတ်တော့ပါဘူး။ ဖက်ဒရယ်စနစ်လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးရဲ့ လူထုကြွေးကြော်သံဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးဖြစ်ပါတယ်။ ဖက်ဒရယ်ဟာ “တန်းတူညီမျှမှု” ကို ကိုယ်စားပြုတယ်လို့ ယူဆပါတယ်။ identity လို့ ခေါ်တဲ့ အမှတ်သရုပ်အရ တန်းတူညီမျှတာနဲ့ အာဏာခွဲဝေမှုအရ တန်းတူညီမျှတာတွေဟာ ဖက်ဒရယ်စနစ်ထဲမှာ အကြုံးဝင်တယ်လို့ ယူဆပါတယ်။ဒါ့အပြင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဲ့ အခြေခံနှုန်းစံတွေကလည်း ဖက်ဒရယ်စနစ်မှာ ပါဝင်နေပါတယ်။ လွတ်လပ်စွာ စီရင်ပြဋ္ဌာန်းပိုင်ခွင့်ဟာ အာဏာအရ တန်းတူညီမျှခွင့်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒီမိုကရေစီဟာ လူထုရဲ့ လွတ်လပ်ခွင့်ကို အာမခံထားချက်ဖြစ်ပြီး ဖက်ဒရယ်ကတော့ လူမျိုးစုပြဋ္ဌာန်းခွင့်ကို လွတ်လပ်ခွင့် ပေးထားတယ်လို့ ယူဆပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေခံ အုတ်မြစ်တွေ ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။ဒီမိုကရေစီမှာ လူထုတန်းတူညီမျှခွင့်ကို ဇောင်းပေးပြောတာတွေ့ရပြီး ဖက်ဒရယ်မှာတော့ လူမျိုးစုတွေရဲ့ တန်းတူညီမျှမှုကို အခြေခံပြီး ပြောတာတွေ့ရပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဟာ အခြေခံ မိတ်ဖက်တွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီနေ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ဟာ မွေးရာပါ မိတ်ဖက်တွေ ဖြစ်ကြောင်း ပြောချင်ပါတယ်။ ဒီနေ့ အခမ်းအနားကို တက်ရောက်လာသူ အားလုံးကလည်း ဒီအခြေခံအချက်ကို သတိတရ ရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။နောက်ထပ် ပြောကြားချင်တာကတော့ တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်ပြီး အထူးပြု ပြောချင်ပါတယ်။ ဒီမိုကရေစီမှာ လူထုလွတ်လပ်ခွင့်နဲ့ တန်းတူညီမျှမှုတွေ အရေးကြီးသလို တိုင်းပြည်နဲ့ လူထုအတွင်းမှာ တရားဥပဒေစိုးမိုးဖို့လည်း အရေးကြီးပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံ စံတန်ဖိုးတွေထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့ အခြေခံ အချက်ပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ အခု အချိန်မှာ တော်လှန်ရေးကာလအတွင်း ဖြတ်သန်းနေကြရပါတယ်။ လူထုဟာ မိုးထဲ ရေထဲမှာ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်နေကြရပါတယ်။ကျွန်တော်တို့ ပြည်သူလူထုဟာ နေ့စဉ်နဲ့ အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေနဲ့ ကြုံနေကြရပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မျှော်လင့်ချက် ပျက်သုဉ်းလိုက်တာနဲ့ ပြည်သူလူထုဟာ တရားသောဥပဒေတွေရဲ့ ကာကွယ်ပေးမှုကို မခံရတော့ပါဘူး။ ဒါကို သေချာ နားလည်ပြီး ကျွန်တော်တို့ဟာ တရားသော ဥပဒေတွေနဲ့ ထိန်းကျောင်းသော လူမှုအဆောက်အအုံကို တည်ဆောက်ဖို့ လိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ လွှတ်တော် institution တစ်ခုဖြစ်တာကြောင့် တရားသောဥပဒေတွေဟာ ကျွန်တော်တို့ နိုင်ငံမှာ အုတ်မြစ်ချနိုင်ရေးအတွက် အဓိက တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ယူဆပါတယ်။ဒါပေမယ့် ဒါဟာ အတူတကွ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြရမယ့်ကိစ္စဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရတွေကို ဘက်ပေါင်းစုံကနေ မြှင့်တင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ဒီမိုကရေစီရဲ့ မွေးရာပါ မိတ်ဖက်ဖြစ်တဲ့ ဖက်ဒရယ်နှုန်းစံတွေကိုလည်း ကျွန်တော်တို့ လူထုကြားထဲ သယ်ဆောင်လာကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။နိဂုံးချုပ်အားဖြင့် ပြောကြားချင်တာကတော့ ကျွန်တော်တို့ဟာ ယခုအချိန်မှာ နိုင်ငံသစ်နဲ့ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်နေကြခြင်း ဖြစ်ပါတယ်။ ဒီလို တည်ဆောက်တဲ့နေရာမှာ အဟောင်းကို ဖြိုတဲ့ လုပ်ငန်းစဉ်တွေ ရှိသလို၊ အသစ်ကို တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေလည်း ရှိပါတယ်။ အသစ်ကို တည်ဆောက်ရာမှာ / ဒီမိုကရေစီရဲ့ အခြေခံ စံတန်ဖိုးတွေဖြစ်တဲ့ တန်းတူညီမျှရေး၊ / လွတ်လပ်ခွင့်နဲ့ / တရားသော ဥပဒေမူဘောင်များ အုတ်မြစ်တည်နိုင်ရေးကို/ အမြော်အမြင်ရှိရှိ / သဘောထားကြီးကြီးနဲ့ တည်ဆောက်ကြဖို့ / တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများအား အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်း

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများအား အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့https://mohai.nugmyanmar.org/အမိန့်ကြော်ငြာစာအမှတ် ၀၃/၂၀၂၃၁၃၈၅ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁၄) ရက်၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများအား အကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆။ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂။ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမျိုးသားညီညွတ်ရေး အစိုးရ၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။၁။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားခြင်း ခံရသည့်  တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ယနေ့အထိ ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်း ၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း၊ ပြည်သူ့ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ စစ်မြေပြင်သုံးတိုက်လေယာဉ်များအား အသုံးပြု၍ စာသင်ကျောင်းများ၊ ကျေးရွာများ၊ ကလေးသူငယ်များ၊ အရပ်သားလူစုလူဝေးများအား ဗုံးကြဲ တိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများနှင့် တိုက်ခိုက်ခြင်း အစရှိသည့် အကြမ်းဖက်လုပ်ရပ် များနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေသည့် စစ်ရာဇဝတ်မှုမြောက်သည့် ပြစ်မှုများကို အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး ဆက်လက်၍လည်း ကျူးလွန်လျက်ရှိသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန နှင့် Assistance Association for Political Prisoners (Burma) – AAPP တို့၏ စာရင်းဇယားများအရ ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၈) ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏အမိန့်နာခံသူများ၏ လက်ချက်ဖြင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် အရပ်သားပြည်သူ (၄,၀၅၆) ဦး အသက်ဆုံးရှုံးခဲ့ပြီး (၂၄,၇၄၀) ဦး အဖမ်းဆီး ခံခဲ့ရကာ ယင်းတို့အနက် (၁၉၄၄၇) ဦးမှာ ထောင်သွင်း အကျဉ်းချခံရဆဲဖြစ်ပြီး (၇,၂၉၉) ဦးမှာ မတရား ပြစ်ဒဏ်ချမှတ်ခံထားရပါသည်။ ကျေးရွာ (၂၀၂၉) ရွာ၊ ရပ်ကွက် (၇၃) ခု၊ အိမ်ခြေပေါင်း (၇၅၉၂၀) ခု၊ ဆေးရုံ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများ အပါအဝင်အဆောက် အဦးပေါင်း (၁၃၅) ခု တို့မှာ  စစ်ကောင်စီ မှ မီးရှို့ဖျက်ဆီးခြင်းခံထားရပြီး မီးရှို့သတ်ဖြတ်ခံရသူဦးရေ (၃၃၄) ဦးထိရှိလာသည့်အပြင် ( ၁.၉ သန်းကျော် ) ဦးမှာ စစ်ဘေး ရှောင်ဘဝဖြင့် နေရပ်၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါသည်။၃။ အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အထက်အပိုဒ် (၁) နှင့် (၂) ပါ အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်နိုင်ရေးအတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု ၊ နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြားသေကြေပျက်စီးနိုင်သည့် လက်နက်များဝယ်ယူခြင်း အစရှိသည်တို့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဝန်ထမ်းများသည် အဓိကကြံရာပါများအဖြစ် ပါဝင်လျက်ရှိသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်၏ ဥက္ကဌဆိုသူမှစ၍ အောက်အဆင့်ဆင့် ဝန်ထမ်းကြီး၊ အလတ်၊ အငယ်များသည် အောက်ပါလုပ်ငန်းများကို ကျင့်ဝတ်နှင့် ဆောင်ရွက်ရမည့်တာဝန် ဝတ္တရားများနှင့်သွေဖည်ပြီး မလျော်ဩဇာသုံး၍ ကျူးလွန်နေသောကြောင့် ပြည်သူလူထုအပေါ် ကြီးမားပြင်းထန်သော ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ပါသည်။ (က) ဗဟိုဘဏ်တစ်ခုအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီပြီး ပြည်တွင်း ဈေးနှုန်းတည်ငြိမ်ရေးကိုရရှိစေမည့်ငွေကြေးမူဝါဒကိုချမှတ်၍ အကောင်အထည်ဖော်မှု မရှိခြင်း၊ ယင်းအစား ပြည်တွင်းသုံးငွေကြေး (မြန်မာကျပ်) အား အမြောက်အများ ရိုက်ထုတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုအတွက် အဓိကငွေကြေးထောက်တိုင်များအဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ ယင်း၏ အကျိုးဆက်အဖြစ် အဆမတန် ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခံစားကြရခြင်း၊(ခ) မိမိကိုင်တွယ်ကျင့်သုံးရမည့် ဥပဒေများအား ဥပက္ခာပြု၍ နိုင်ငံခြားငွေကြေး ဈေးကွက်ကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ချယ်လှယ်၊ ဆောင်ရွက်ခွင့်ပြုသဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း    မတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဘိုး အဆမတန် ကျဆင်းခြင်း၊ နောက်ဆက်တွဲအနေဖြင့် အခြေခံလူသုံးကုန်၊ ဆေးဝါး အပါအဝင် လူသုံးကုန်ပစ္စည်းများ ရှားပါးပြတ်လပ်လာခြင်း၊ (ဂ) ဗဟိုဘဏ်တစ်ခုအနေဖြင့် ပြည်သူ့ကိုယ်စား စီမံခန့်ခွဲရမည့် နိုင်ငံ၏ နိုင်ငံခြားသုံးသီးသန့်ငွေများအား အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြား တိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြား သေကြေပျက်စီးနိုင်သည့် လက်နက်များ ဝယ်ယူရာတွင်အသုံးပြုခြင်း၊ ပြည်သူပိုင်ငွေကို တလွဲ အသုံးပြုခြင်း။  ၄။ အထက်ပါ လုပ်ရပ်များကို ကျူးလွန်ခြင်းသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃။ ပုဒ်မခွဲ(ပ) ပါ အကြမ်းဖက်သမား ဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခုကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီဘဲ တစ်နည်းနည်းဖြင့်ကျူးလွန်သူ သို့မဟုတ် ကျူးလွန်ရန်အားထုတ်သူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအားညွှန်ကြားသူ သို့မဟုတ် စည်းရုံး သိမ်းသွင်းသူကိုသော်လည်း ကောင်း၊ အကြမ်းဖက်မှု ကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင် ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုသည်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီလျက် ရှိကြောင်း တွေ့ရှိရသည်။၅။ သို့ပါ၍ အောက်ဖော်ပြပါ လူပုဂ္ဂိုလ်များအား အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်သည်။၆။ ဤအမိန့်ကြော်ငြာစာဖြင့် အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာခြင်း ခံရသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၁၄) ပါ ပြဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ဥက္ကဌအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃)ကျင်းပပြုလုပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၁၄ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၃) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးချုပ်မှ " တော်လှန်ရေးအင်အားစုများတွင် နည်းပညာတိုးတက်မှုများအား ကောင်းကောင်းအသုံးချနိုင်သည့် အားသာချက်ရှိနေသလို ယခင်တော်လှန်ရေးအဆက်ဆက်၏ လိုအပ်ချက်များအား သင်ခန်းစာ​ယူ ပြင်ဆင်နိုင်ခြင်းသည်လည်း တော်လှန်ရေးအမြန်အောင်မြင်စေမည့် အချက်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ အခြေအနေနှင့်အချိန်အခါ အသာစီးရနေသည့်ကာလမျိုးတွင် စည်းစည်းလုံးလုံး စုစုစည်းစည်း ပန်းတိုင်ဆီ အရောက်ချီတက်နိုင်ရန် အရေးကြီးကြောင်း ၊တခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ်အောက်မှ သွားကြရန်  ယာယီသမ္မတကြီးမှ ပြည်သူ့ခုခံစစ် ၂ နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားသွားကြောင်း  ၊ အင်အားများကို စုစည်းနိုင်လေလေ ထိုးစစ်အရှိန်မြင့်တက်လာလေလေ ဖြစ်တာကြောင့် အချင်းချင်း စုစည်းညီညွတ်ကြဖို့ အထူးအလေးပေးတိုက်တွန်းလိုကြောင်း  " လမ်းညွှန်ပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၆/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁:၀၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါသည်။

ကြေညာချက် (၈/၂၀၂၃)

ကြေညာချက် (၈/၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgကြေညာချက် (၈/၂၀၂၃)၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၁။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူ သိမ်းပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်သယ် ဆောင်ရောင်းဝယ်မှုများသည် ယခင်ကာလများထက် ပိုမိုဖြစ်ပွားလာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများအဖြစ် အိမ်နီးချင်းနိုင်ငံများအထိပါ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ တတ်သော ဆေးဝါးများ၏အန္တရာယ် ကြီးမားကျယ်ပြန့်လာခဲ့ကြောင်း တွေ့ရှိရပါသည်။၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် လူသားတို့အား အညွန့်တုံးစေနိုင်သည့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ၏ ဘေးအန္တရာယ် တားဆီးကာကွယ် ရေးကို တော်လှန်ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်သည်။၃။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံက သဘောတူလက်မှတ်ရေးထိုးထား သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ တရားမဝင် သယ် ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းများပါ ပြ ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်သွားမည်။၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ် သော ဆေးဝါးများဆိုင်ရာဥပဒေ (၁၉၉၃)နှင့် ယင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈) ပါ ပြဌာန်းချက်များနှင့်အညီ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တ ရာယ်တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို လိုအပ်သည့်ယန္တရားများ ဖွဲ့စည်း၍ ကုလသမဂ္ဂကွန်ဗင်းရှင်းဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီး ချင်းနိုင်ငံများ၊ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွား မည်။၅။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ်တားဆီးကာ ကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထု၏ပါဝင်မှု သည် များစွာအရေးကြီးသဖြင့် ပြည်သူများအနေဖြင့် မိမိတို့အစိုးရနှင့်အတူ ပူးပေါင်းပါဝင်နိုင် ကြပါရန် ပန်ကြားအပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၁ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၁ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၃ ခုနှစ် စက်တင်ဘာ (၁၂) ရက် လက်ရှိ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်နဲ့ လူထုနိုင်ငံရေးတိုက်ပွဲကို မျဉ်းပြိုင်သဖွယ် ဆုပ်ကိုင်ပြီး ချီတက်နေကြတယ်ဆိုတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ထင်သာမြင်သာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါ့အပြင် စနစ်ကို ဖြိုချတိုက်ဖျက်ရတဲ့ နာမ်ပိုင်းဆိုင်ရာတော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါဟာ hardware ပိုင်းနဲ့ software ပိုင်း လို ခွဲခြားပြီး ကြည့်မြင်နိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ hardware ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ လူထုနိုင်ငံရေးတိုက်ပွဲကတော့ နွေဦးတော်လှန်ရေးရဲ့ software ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိမိတို့ ဦးဆောင်လျှောက်လှမ်းနေတဲ့ လမ်းခရီးရဲ့ အနေအထားကို သေချာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားဖို့ လိုပါတယ်။ ဒါမှသာလျှင် ဘေးထွက်ဆိုးကျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်ပြီး၊ လက်တွေ့အကျိုးရလဒ်တွေ များများထွက်ပေါ်အောင် လုပ်နိုင်ပါလိမ့်မယ်။ အခု နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ်ပြောချင်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အားလုံး သတိချပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါကတော့ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတာနဲ့အမျှ လူထုရဲ့ စိတ်နေသဘော အလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာ နယ်ပယ်ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စိတ်နေသဘော တိမ်းညွှတ်ချက်တွေဟာ အလှုပ်အရမ်းဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေဟာ တော်လှန်ရေးထဲမှာ တွေ့ရလေ့ရှိတဲ့ political behavior တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဓလေ့နဲ့ တော်လှန်ရေးအတွေးအခေါ် သဘာဝတွေကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ တော်လှန်ရေးလှိုင်းဟာ အမြဲတမ်း တက်နေတာတော့ မဟုတ်ပါဘူး။ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်တာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေး သဘော သဘာဝကလည်း အချိန်နဲ့ အမျှ တိမ်းညွှတ်ချက်တွေ အပြောင်းအလဲဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေဟာ နိုင်ငံရေးဝဲဩဃတွေကြားထဲမှာ တော်လှန်ရေးကြီးကို ပဲ့ထိန်းနေရတဲ့ မာလိန်မှူးတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် လှိုင်းရဲ့ သဘာဝနဲ့ မုန်တိုင်းရဲ့ သဘောကို နားလည်သဘောပေါက်ပြီး တော်လှန်ရေး ဦးတည်ချက် မပျက်မယွင်းစေဘဲ ပဲ့ကိုင်နိုင်ကြဖို့ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေနဲ့ လူထုက တွန်းတင်လိုက်လို့ ခေါင်းဆောင်တာဝန်တွေကို ယူကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ လူဆိုတာ အလုံးစုံ ပြည့်စုံတဲ့သူ မရှိပေမယ့်၊ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကို အထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားရပါလိမ့်မယ်။ သာမန် လူတစ်ယောက်ရဲ့ အားနည်းချက်က တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု မကြီးမားပေမယ့်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကတော့ တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ဒါ့ကြောင့် အသေးအဖွဲကိစ္စ ဖြစ်နေပါစေ သတိလက်လွတ် ပေါ့လျော့တာမျိုး မဖြစ်စေဖို့၊ ကျွန်တော့်အနေနဲ့ အထူး သတိပေးတိုက်တွန်းလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောကြားချင်တာကတော့ ကျွန်တော်တို့ဟာ တော်လှန်ရေးကြီးထဲ ဖြတ်သန်းနေရတဲ့ ကာလမှာ နိုင်ငံရေးဝဲဂယက်တွေထဲ မြုပ်မသွားဖို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ဒါ့အပြင် မုန်တိုင်းထဲမှာ ထူးချွန်တဲ့ ပဲ့ကိုင်ရှင်တွေ ဖြစ်ကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးခရီးကြမ်းကြီးကို သုညကနေ စတင်လိုက်တာဟာ အခုဆိုရင် အတော်ကြီး ခရီးပေါက်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဆက်သွားရမယ့် ခရီးရှည်ကြီး ရှိနေပါသေးတယ်။ ဒါ့ကြောင့် အိရောအိရော မလုပ်ဘဲ တော်လှန်ရေးဇွဲနပဲ ထက်ထက်သန်သန်နဲ့ ပန်းတိုင်ရောက်တဲ့အထိ အတူ ကြိုးစားချီတက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား…..။ အရေးတော်ပုံ မုချအောင်မြင်ရမည်။

အညာဒေသရှိ မီးရှို့ခံရစစ်ဘေးရှောင် အိမ်ထောင်စုများထံသို့ အမိုးအကာများထောက်ပံ့ပေးအပ်

အညာဒေသရှိ မီးရှို့ခံရစစ်ဘေးရှောင် အိမ်ထောင်စုများထံသို့ အမိုးအကာများထောက်ပံ့ပေးအပ်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ The End of Dictatorship (EOD) အစီအစဉ်ဖြင့် "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့" Campaign မှရရှိထားသောရန်ပုံငွေဖြင့် အညာဒေသမှ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်စာနာထောက်ထားရေး အကူအညီများဖြစ်တဲ့ အမိုးအကာနှင့်စားနပ်ရိက္ခာများကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ယခုအခါ အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ အညာဒေသရှိ စစ်ဘေးရှောင်အိမ်ထောင်စု (၁၄၆)စုအတွက် အရေးပေါ်အမိုးအကာချပ်များကို လူသားစာနာတာဝန်ခံများကတဆင့် အဆိုပါပြည်သူများလက်ဝယ် ဆက်လက်ပံ့ပိုးပေးလျက်ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◼️နွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးဘူးလို့ ယာယီသမ္မတပြောကြား◼️အတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း အသိပေးရမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားစက်တင်ဘာ ၁၂ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “လက်ရှိ နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်နဲ့ လူထုနိုင်ငံရေးတိုက်ပွဲကို မျဉ်းပြိုင်သဖွယ် ဆုပ်ကိုင်ပြီး ချီတက်နေကြတယ်ဆိုတဲ့ကိစ္စရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးအတွက် ထင်သာမြင်သာရှိတဲ့ ရုပ်ပိုင်း ဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါ့အပြင် စနစ်ကို ဖြိုချတိုက်ဖျက်ရတဲ့ နာမ်ပိုင်းဆိုင်ရာ တော်လှန်တိုက်ပွဲတွေ ရှိပါတယ်။ ဒါဟာ hardware ပိုင်းနဲ့ software ပိုင်းလို ခွဲခြားပြီး ကြည့်မြင်နိုင်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ hardware ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ လူထုနိုင်ငံရေးတိုက်ပွဲကတော့ နွေဦးတော်လှန်ရေးရဲ့ software ပိုင်းလို့ ယူဆနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိမိတို့ ဦးဆောင်လျှောက်လှမ်းနေတဲ့ လမ်းခရီးရဲ့ အနေအထားကို သေချာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားဖို့ လိုပါတယ်။ ဒါမှသာလျှင် ဘေးထွက်ဆိုးကျိုးတွေကို နည်းနိုင်သမျှ နည်းအောင် ရှောင်ရှားနိုင်ပြီး၊ လက်တွေ့အကျိုးရလဒ်တွေ များများထွက်ပေါ်အောင် လုပ်နိုင်ပါလိမ့်မယ်။ အခုနွေဦးတော်လှန်ရေးကြီးတစ်ခုလုံးဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလည်း လျော့လို့ မရသေးသလို၊ လူထုနိုင်ငံရေးတိုက်ပွဲကိုလည်း လျစ်လျူရှုလို့ မရသေးပါဘူး။ ဒါကို ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်‌တွေ အားလုံး ပြတ်ပြတ်သားသား နားလည်သဘောပေါက်ထားပြီး ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ နောက်ထပ်ပြောချင်တဲ့ကိစ္စကတော့ ကျွန်တော်တို့ အားလုံး သတိချပ်ရမယ့်ကိစ္စဖြစ်တယ်လို့ ယူဆပါတယ်။ အဲဒါကတော့ တော်လှန်ရေးသက်တမ်း အချိန်အတိုင်းအတာတစ်ခု ရောက်လာတာနဲ့အမျှ လူထုရဲ့ စိတ်နေသဘော အလှုပ်အရမ်းတွေကို ပိုပြီး တွေ့မြင်လာရပါတယ်။ ဒါ့အပြင် တော်လှန်ရေးမှာ နယ်ပယ်ကဏ္ဍအသီးသီးကနေ ပါဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စိတ်နေသဘော တိမ်းညွှတ်ချက်တွေဟာ အလှုပ်အရမ်းဖြစ်လာတဲ့ကိစ္စဖြစ်ပါတယ်။ ဒါတွေဟာ တော်လှန်ရေးထဲမှာ တွေ့ရလေ့ရှိတဲ့ political behavior တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဓလေ့နဲ့ တော်လှန်ရေးအတွေးအခေါ် သဘာဝတွေကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ တော်လှန်ရေးလှိုင်းဟာ အမြဲတမ်း တက်နေတာတော့ မဟုတ်ပါဘူး။ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်တာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေး သဘော သဘာဝကလည်း အချိန်နဲ့ အမျှ တိမ်းညွှတ်ချက်တွေ အပြောင်းအလဲဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေဟာ နိုင်ငံရေးဝဲဩဃတွေကြားထဲမှာ တော်လှန်ရေးကြီးကို ပဲ့ထိန်းနေရတဲ့ မာလိန်မှူးတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါ့ကြောင့် လှိုင်းရဲ့ သဘာဝနဲ့ မုန်တိုင်းရဲ့ သဘောကို နားလည်သဘောပေါက်ပြီး တော်လှန်ရေး ဦးတည်ချက် မပျက်မယွင်းစေဘဲ ပဲ့ကိုင်နိုင်ကြဖို့ အထူး သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေနဲ့ လူထုက တွန်းတင်လိုက်လို့ ခေါင်းဆောင်တာဝန်တွေကို ယူကြရတဲ့သူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။ လူဆိုတာ အလုံးစုံ ပြည့်စုံတဲ့သူ မရှိပေမယ့်၊ ကျွန်တော်တို့ ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကို အထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားရပါလိမ့်မယ်။ သာမန် လူတစ်ယောက်ရဲ့ အားနည်းချက်က တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု မကြီးမားပေမယ့်၊ ခေါင်းဆောင်တစ်ယောက်ရဲ့ အားနည်းချက်ကတော့ တိုင်းပြည်နဲ့ လူထုအပေါ် သက်ရောက်မှု ကြီးမားနိုင်ပါတယ်။ ဒါ့ကြောင့် အသေးအဖွဲကိစ္စ ဖြစ်နေပါစေ သတိလက်လွတ် ပေါ့လျော့တာမျိုး မဖြစ်စေဖို့၊ ကျွန်တော့်အနေနဲ့ အထူး သတိပေးတိုက်တွန်းလိုပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါ့အပြင် တော်လှန်ရေးကြီးထဲ ဖြတ်သန်းနေရတဲ့ ကာလမှာ နိုင်ငံရေးဝဲဂယက်တွေထဲ မြုပ်မသွားဖို့ အထူးဂရုစိုက်ဖို့ လိုကြောင်း၊ တော်လှန်ရေးခရီးကြမ်းကြီးကို သုညကနေ စတင်လိုက်တာဟာ အခုဆိုရင် အတော်ကြီး ခရီးပေါက်နေပြီ ဖြစ်ကြောင်း၊  ထက်ထက်သန်သန်နဲ့ ပန်းတိုင်ရောက်တဲ့အထိ အတူ ကြိုးစားချီတက်ကြဖို့အတွက် ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအရ အောင်ပွဲ တွေကတော့ အားရကျေနပ်စရာကောင်းတာကို တွေ့မြင်ရပြီး စစ်ကောင်စီအနေနဲ့ တပ်မတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ အင်အားချိနဲ့လာတာကိုလည်း တွေ့ရပါတယ်။ One Year Plan မှာ ချမှတ်ခဲ့တဲ့ အစီအမံတွေအရ အဘက်ဘက်က ထိုးစစ်တွေ အကောင်အထည်ဖော်နေမှုတွေကြောင့် စစ်ကောင်စီ အနေနဲ့ စစ်ရေးမျက်နှာစာ၊ ဘဏ္ဍာရေးမျက်နှာစာ၊ အုပ်ချုပ်ရေးမျက်နှာစာနဲ့ နိုင်ငံခြားရေး မျက်နှာစာ ကဏ္ဍစုံကနေ ဖိအားတွေ ဖြစ်ပေါ်နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဖိအားပေးနိုင်ရုံ အခြေအနေကနေ အဆုံးသတ်တိုက်ပွဲထိ တွန်းတွန်းတိုက်တိုက် ဆက်လက် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ လုပ်ဆောင်စရာရှိတဲ့ ကဏ္ဍတွေကို ရှုထောင့်စုံကနေ မလစ်ဟင်းအောင် ဂရုတစိုက် လုပ်ဆောင်ကြရင်း တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေကြရမှာ ဖြစ်ပါတယ်။ စောင့်ကြည့်လေ့လာရင်း သူလှမ်းမယ့် ခြေလှမ်းတွေကို ကြိုမြင်နေမှသာ ပြင်ဆင်သင့်တာတွေကိုလည်း ပြင်ဆင်နိုင်ကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးအခြေအနေ၊ လှမ်းနေတဲ့ ခြေလှမ်းတွေ စောင့်ကြည့်ကြဖို့ လိုပါတယ်။နောက်တစ်ခုကတော့ စစ်ကောင်စီက ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲ အခြေအနေပါ။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့တုန်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၄ မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်း လုပ်ငန်းစဉ်တွေ ပြီးဆုံးရင် ရွေးကောက်ပွဲ လုပ်မယ် ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ သူတို့ရဲ့ ထွက်ပေါက်လို့ ထင်နေတာကြောင့် မဖြစ်မနေ ကြိုးစားပြီး အားထုတ်လာမယ့် အနေအထားမျိုး တွေ့ရတာမို့ မိမိတို့ကလည်း ဒီအတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း ဒီရွေးကောက်ပွဲဟာ အာဏာလု အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လုပ်ခွင့်ကို မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ တိတိကျကျ ပြောပြထားနိုင်ဖို့ လိုအပ်ပါတယ်။  ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ဒီနေရာမှာလည်း ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ပြောခဲ့သလို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သံတမန်တွေဆီကို တော်လှန်ရေးရဲ့ အခြေအနေမှန်၊ တော်လှန်ရေးအင်အားစုတွေရဲ့ စီမံဆောင်ရွက် နေမှုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ခြေလှမ်းတွေကို မှန်မှန်ကန်ကန် သတင်းစကားပါးနိုင်ဖို့ ကိစ္စကလည်း အရေးကြီးပါတယ်။ ဒါတွေကို ပိုမိုသိရှိနိုင်အောင် ကျွန်တော်တို့ ဝန်ကြီးဌာနအသီးသီး အနေနဲ့ ဘက်ပေါင်းစုံက စဉ်းစား အားဖြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ် ၊ ပုံဖော် ဆင်နွှဲနိုင်ရေးစီမံချက်ရဲ့ action plan အား တင်ပြတာ ၊ အထွေထွေလူထုအုံကြွမှုပေါင်းစပ်ညှိနှိုင်းရေး ဗဟိုအဖွဲ့ ဖွဲစည်းကြောင်းတင်ပြတာ ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ ကြေညာချက်ထုတ်ပြန်မှုနဲ့ ဗဟိုအဖွဲ့ ဖွဲ့စည်းရန် ကိစ္စတင်ပြတာ၊ မြဝတီဘဏ်၊ အင်းဝဘဏ် ဒါရိုက်တာအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတာ ၊ စစ်ကောင်စီဗဟိုဘဏ်အဖွဲ့ကို အကြမ်းဖက်သမားများအဖြစ် ကြေညာတာ၊ နယ်စပ်ဖြတ်ကျော် အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းစဉ် တင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက NUCC မှာ အတည်ပြုပြီး ဖြစ်တဲ့ လူသားချင်းစာနာအကူအညီပေးခြင်းဆိုင်ရာ မူဝါဒကို တင်ပြတာ နဲ့ စက်တင်ဘာမှာ ပြုလုပ်မယ့် အားလုံးအကျုံးဝင်တဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကိစ္စတင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

Announcement No. (12/ 2023)

Announcement No. (12/ 2023)

Statement on the G20 Summit in New Delhi9 September 2023I welcome the opening of the G20 Summit in New Delhi, India today and congratulate Prime Minister Modi as G20 President and host.ASEAN Leaders this week issued a new call for international support in addressing the dire situation in Myanmar and its adverse impact on regional stability. They condemned the Myanmar military for its deliberate acts of violence and destruction, for the prolonged human suffering it has inflicted, and for the humanitarian crisis and transnational crime it has triggered. I implore G20 Leaders to take up ASEAN’s call. The military junta’s atrocities and its weaponization of humanitarian need have destroyed countless lives and forcibly displaced millions of people, threatening regional stability. They have also generated an economic disaster with mounting consequences for the global economy. The G20 Summit is a crucial opportunity for world leaders to put Myanmar on their agenda and to address its spiralling crises in their Leaders’ Declaration.I wish G20 Leaders a fruitful Summit and extend to them my full support.***