ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

ဘူးသီးတောင်မြို့ အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်

၁။ အကြမ်းဖက်စစ်အုပ်စုက လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် အတွင်း နေထိုင်ကြသည့် ရိုဟင်ဂျာများအား (တရားမဝင်အဓမ္မ) စစ်သားအဖြစ် စုဆောင်းခဲ့ပြီး စစ်သင်တန်းများ ပို့ချကာ လက်နက်များ တပ်ဆင်ပေးလျက် ရှိနေကြောင်း လေ့လာသိရှိရသည်။ 

၂။ အလားတူ အကြမ်းဖက်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်အား ရိုဟင်ဂျာများက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့် အတူ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင် ယုတ်မာကောက်ကျစ်သည့် အကြံဆိုးဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။ 

၃။ ထို့အပြင် ဘူးသီးတောင်မြို့အတွင်း အကြမ်းဖက်စစ်တပ်က ဦးဆောင်ကာ အရပ်သား ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြောင်း သိရှိရသည်။ 

၄။ ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေမှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသည့် အဖျက်အမှောင့်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချ ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးအလေးအနက်ထား မေတ္တာရပ်ခံ ပန်ကြားလိုပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ