ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာဌာန


ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို အပြည့်အဝ အာမခံချက် ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော လုပ်ငန်းစဉ်အဆင့်ဆင့်ကို အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည်။


၁။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် [၂၀၂၁၊ မတ်လ - ၃၁]

         ပြည်ထောင်စုစံတန်ဖိုးများ၊ လမ်းညွှန်အခြေခံမူများနှင့် အခြေခံမူဝါဒများသာမက၊ နိုင်ငံလမ်းပြမြေပုံ အဆင့် (၁၂) ဆင့်ကို ရေးသားဖော်ထုတ်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) ကို ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့ပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (မူကြမ်း) ရေးဆွဲရေးအတွက် ဖွဲ့စည်းခဲ့သော မူကြမ်းရေးဆွဲရေး (၉) ဦးကော်မတီတွင် ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း ပါဝင်ခဲ့ပါသည်။


၂။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် [၂၀၂၂၊ ဇန်နဝါရီလ ၂၇-၂၉ ရက်]

        ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) တို့ကို ၂၀၂၁၊ မေလမှ ၂၀၂၂၊ ဇန်နဝါရီလအထိ ပြန်လည်မွမ်းမံပြင်ဆင်ပြီး ၂၀၂၂၊ ဇန်နဝါရီလ (၂၇-၂၉) ရက်များတွင် ကျင်းပခဲ့သော ပြည်သူ့ညီလာခံတွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးဆောင်ခဲ့သော ထိုလုပ်ငန်းစဉ်တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုယ်စား ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့ ပါဝင်ခဲ့ပါသည်။ (နောက်ပိုင်းတွင် ဦးလွင်ကိုလတ်နေရာတွင် နိုင်ငံရေးခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက အစားထိုးပြောင်းလဲ တာဝန်ယူခဲ့ပါသည်။

• ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) တို့ကို အပြည့်အစုံဖတ်ရှုရန် အောက်ပါ Link ကို နှိပ်ပါ။


၃။ အသွင်ကူးပြောင်းရေးကာလအစီအမံများကို ရေးဆွဲဖော်ဆောင်ခြင်း

        ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနအနေဖြင့် အသွင်ကူးပြောင်းရေးကာလအစီအမံများ ရေး ဆွဲဖော်ဆောင်ခြင်းလုပ်ငန်းကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဖွဲ့စည်းပေးထား သော ‘‘ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ’’ (JCC-Federal) တွင် ပူးပေါင်းပါဝင်၍ ဆောင်ရွက်လျက်ရှိသည်။

(က) JCC- Federal ၏ လုပ်ငန်းလမ်းညွှန် (ToR)

(၁) အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြင်ဆင်မှုအစီအမံများအား အထောက်အကူပြုသည့် လုပ်ငန်း စဉ်များကို ကြိုတင်ဆွေးနွေးဖော်ထုတ်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သို့ တင်ပြရန်။
(၂) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်ကို ပဏာမ အားဖြင့် ပြင်ဆင်ဆောင်ရွက်ရန်နှင့် ရရှိလာသော မူကြမ်းကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC) သို့ တင်ပြရန်။
(၃) ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို ပဏာမအားဖြင့် ဆွေးနွေး ဖော်ထုတ် ပြင်ဆင်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သို့ တင်ပြရန်။
(၄) ပြည်သူ့ညီလာခံသို့ တင်ပြကာ အတည်ပြုချက်ရယူထားသော ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ပံ့ပိုးကူညီရန်။
(မှတ်ချက်။ ။ ၂၀၂၃၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် ကျင်းပခဲ့သော NUCC အစည်းအဝေးတွင် JCC-Federal ၏ရည်ရွယ်ချက်နံပါတ် (၁) နှင့် နံပါတ် (၂) တို့ကို ‘‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးလုပ်ငန်းအဖွဲ့ (TCWG) က ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။)


(ခ) ပြည်သူ့ညီလာခံက ချမှတ်ပေးထားသော အသွင်ကူးပြောင်းရေးကာလအစီအမံများ

        JCC-Federal က ဆောင်ရွက်ရမည့် အသွင်ကူးပြောင်းရေးကာလအစီအမံများဆိုင်ရာလုပ်ငန်းစဉ် (၁၂) ရပ်ကို ၂၀၂၂၊ ဇန်နဝါရီလ (၂၇-၂၉) ရက်များတွင် ကျင်းပခဲ့သော ပြည်သူ့ညီလာခံက အတည်ပြုပေး နိုင်ခဲ့ပါသည်။ ထိုလုပ်ငန်းစဉ် (၁၂) ခုအနက် အောက်ပါအကြောင်းအရာ (၆) ခုကို ဆွေးနွေးနိုင်ရန် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန (MoFUA) မှ စာတမ်းများ ရေးသားတင်သွင်းနိုင်ခဲ့သည်။ ယင်းတို့မှာ-

(၁) ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံမူများကို စနစ်တကျ ဖော်ဆောင်ခြင်း
(၂) အခြေခံအခွင့်အရေးများ၊ ရပိုင်ခွင့်နှင့် တာဝန်များကို ဖော်ထုတ်တင်ပြခြင်း
(၃) ပြည်ထောင်စုဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာစာတမ်း
(၄) ဖက်ဒရယ်ပြည်ထောင်စုအစိုးရ ဖွဲ့စည်းမှုပုံသဏ္ဌာန်ဆိုင်ရာစာတမ်း
(၅) ပြည်ထောင်စုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေရေးဆိုင်ရာစာတမ်း
(၆) တိုင်းပြုပြည်ပြုညီလာခံ ကျင်းပခြင်းဆိုင်ရာစာတမ်းတို့ ဖြစ်သည်။


(ဂ) ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ပြင်ဆင်ထားသော အသွင်ကူးပြောင်းရေးကာလ အစီအမံများ (အဆိုပြုချက်)

(၁) အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခြင်း
[ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၃)၊ နိုင်ငံရေးလမ်းပြမြေပုံ အဆင့်- ၈]
(၂) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအစိုးရ (အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ- TNUG) ကို ဖွဲ့စည်းခြင်း
[ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၃)၊ နိုင်ငံရေးလမ်းပြမြေပုံ အဆင့်- ၉]
(၃) ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အသွင်ကူးပြောင်းရေးကာလအစိုးရများကို ဖွဲ့စည်းခြင်း
[ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ အခန်း (၈)၊ ပုဒ်မ - ၅၂]
(၄) တိုင်းပြုပြည်ပြုညီလာခံ ကျင်းပ၍ အမြဲတမ်းကျင့်သုံးမည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခြင်း
[ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂)၊ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် - ၁၀]
(၅) ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများကို သက်ဆိုင်ရာ ပြည်နယ်/ ဖက်ဒရယ်ယူနစ်အသီးသီးက ရေးဆွဲပြဋ္ဌာန်းခြင်း
[ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၂) ပုဒ်မ - ၃]
(၆) အသွင်ကူးပြောင်းရေးကာလ လွတ်လပ်သောကော်မရှင်များ ဖွဲ့စည်းခြင်း
(က) အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မရှင်
(ခ) ခွဲခြားမှု ပပျောက်ရေးနှင့် လူ့အခွင့်အရေးကော်မရှင်
(ဂ) သတင်းအချက်အလက်များ သိရှိပိုင်ခွင့်ကော်မရှင်
(ဃ) ဂျန်ဒါတန်းတူရေးနှင့် ဂျန်ဒါအခြေခံပြု အကြမ်းဖက်မှုဆန့်ကျင်ရေးကော်မရှင်
(င) အခြားလိုအပ်သောကော်မရှင်များ
(၇) အသွင်ကူးပြောင်းရေးကာလတွင် ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး
(၈) အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံသားများ ပြန်လည်စိစစ်လက်ခံခြင်း
(၉) အသွင်ကူးပြောင်းရေးကာလ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးအစီအစဉ်
(၁၀) အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ခြင်း (Transitional Justice)
(၁၁) အသွင်ကူးပြောင်းရေးကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ
(၁၂) အသွင်ကူးပြောင်းရေးကာလ နိုင်ငံတကာအကူအညီ ရယူရေးအစီအစဉ်


(ဃ) တိုင်းပြုပြည်ပြုညီလာခံ

(၂၀၂၂၊ ဇွန်လ (၂၁) ရက်နေ့တွင် JCC-Federal ထံသို့ တင်ပြထားသောအဆိုပြုချက်)
(၁) ရည်ရွယ်ချက်
          တိုင်းပြုပြည်ပြုညီလာခံ ကျင်းပရခြင်း၏ရည်ရွယ်ချက်သည် အမြဲတမ်းကျင့်သုံးမည့် ‘‘ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ’’ အသစ်ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဖြစ်သည်။
(၂) တိုင်းပြုပြည်ပြုညီလာခံ ကျင်းပရန် လိုအပ်ခြင်း
          ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းရန် နည်းလမ်းများစွာရှိပါသည်။ သို့ရာတွင် မိမိ တို့ဆင်နွှဲနေသော တော်လှန်ရေး၏လိုအပ်ချက်အရ ၂၀၂၂၊ ဇန်နဝါရီလ (၂၇-၂၉) ရက်များတွင် ကျင်းပ ခဲ့သည့် ‘‘ပြည်သူ့ညီလာခံ’’ တွင် အတည်ပြုပြဋ္ဌာန်းထားသော ‘‘ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)’’ တွင် ပါရှိသည့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၀) တွင် ‘‘တိုင်းပြုပြည်ပြု ညီလာခံ’’ (Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲအတည်ပြုခြင်း’’ ကို ဆောင်ရွက်ရမည်ဟု အတိအလင်း ဖော်ပြထားပါ သည်။ ထို့ကြောင့် တိုင်းပြုပြည်ပြုညီလာခံ ကျင်းပခြင်းသည် မိမိတို့ရွေးချယ်ထားသော နိုင်ငံရေး ဖြစ်စဉ်တရပ်ပင် ဖြစ်ပါသည်။
(၃) တိုင်းပြုပြည်ပြုညီလာခံ ကျင်းပပိုင်ခွင့် အခွင့်အာဏာနှင့် လုပ်ပိုင်ခွင့်များ
 
(က) ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲကြီးတွင် တိုင်းရင်းသားပြည်သူ လူထုတရပ်လုံးက အပ်နှင်းထားသည့် တရားဝင်လုပ်ပိုင်ခွင့်အာဏာ (De Jury Mandate)
(ခ) နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်အာဏာ (De Facto Mandate)
(ဂ) အထက်ဖော်ပြပါ De Jury Mandate နှင့် De Facto Mandate တို့ကို ပေါင်းစပ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့် Mandate များ အပြည့်အစုံရှိပါသည်။
(ဃ) ထို့ကြောင့် တိုင်းပြုပြည်ပြုညီလာခံတရပ်ကျင်းပရန် ရွေးကောက်ပွဲအသစ်ထပ်မံကျင်းပရန် မလိုပါ။
(၄) ပါဝင်တက်ရောက်ကြမည့်သူများ
 
(က) ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော လွှတ်တော်ကိုယ်စားလှယ်များ
(ခ) နိုင်ငံရေးပါတီများ (ယခုကြားကာလတွင် ပါဝင်နိုင်ခြင်းမရှိသေးသော နိုင်ငံရေးပါတီများ လည်း) ပါဝင်ရမည်။
(ဂ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ
(ဃ) နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြသော အရပ်ဘက်အဖွဲ့အစည်းများ (ယခု နွေဦး တော်လှန်ရေးတွင် မပါဝင်နိုင်ကြသေးသော CBO-CSO များလည်း ပါဝင်စေရမည်။)
(င) ပြည်နယ်/ ဖက်ဒရယ်ယူနစ်ကောင်စီများ (ယခုကြားကာလတွင် မပါဝင်နိုင်ကြသေးသော အဖွဲ့အစည်းများနှင့် ကြားကာလအလွန်တွင် ထပ်မံဖွဲ့စည်းကြသည့် ပြည်နယ်/ ဖက်ဒရယ် ယူနစ်များလည်း ပါဝင်စေရမည်။)
မှတ်ချက်။ ။ အစုအဖွဲ့များ၏ ပါဝင်နှုန်းအချိုးအစားကို ဆက်လက်ညှိနှိုင်းဆွေးနွေးမည်။
(၅) တိုင်းပြုပြည်ပြုညီလာခံ မကျင်းပမီ ပြင်ဆင်ရန် လိုအပ်သောအချက်များ
 
(က) အသွင်ကူးပြောင်းရေးကာလမတိုင်မီ ကြားကာလတွင် အသွင်ကူးပြောင်းရေးအစီအမံများ ကို စနစ်တကျဆောင်ရွက်သင့်သည်။
(ခ) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းပြုပြည်ပြုညီလာခံ ကျင်းပ ခြင်းကို သီးသန့်အခန်းတခုအဖြစ် စနစ်တကျရေးသားပြဋ္ဌာန်းသင့်သည်။
(ဂ) တိုင်းပြုပြည်ပြုညီလာခံကို တည်ငြိမ်အေးချမ်းသောအခြေအနေအောက်တွင် ကျင်းပနိုင် ရေးအတွက် အသွင်ကူးပြောင်းရေးကာလကို တည်ငြိမ်စွာ ထိန်းသိမ်းမည့် ‘‘အသွင်ကူး ပြောင်းရေးကာလအမျိုးသားညီညွတ်ရေးအစိုးရ’’ ကို ဖွဲ့စည်းသည်။ ယင်းအစိုးရဖွဲ့စည်းခြင်း ဆိုင်ရာကိစ္စရပ်များကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စနစ်တကျ ရေးဆွဲပြဋ္ဌာန်းသင့်သည်။ [FDC Roadmap အဆင့် (၉)]
(ဃ) အသွင်ကူးပြောင်းရေးကာလအတွင်း ဥပဒေပြုရေးအာဏာကို ၂၀၂၀ ရွေးကောက်ပွဲတွင် လူထုတရပ်လုံးက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝအပ်နှင်းထားသည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းရှင်းလင်းလင်း ရေးသားပြဋ္ဌာန်းပါမည်။
(င) အသွင်ကူးပြောင်းရေးကာလအတွင်း ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို သက်ဆိုင်ရာ ပြည်နယ်/ ဖက်ဒယ်ယူနစ်များက ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့်ရှိ ကြောင်း အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှင်းရှင်းလင်းလင်း ရေး သားပြဋ္ဌာန်းပါမည်။
(စ) တိုင်းပြုပြည်ပြုညီလာခံကျင်းပခြင်းသည် ပြည်ထောင်စု၏အတိတ်ပြဿနာများကို ဖြေရှင်း ခြင်း၊ ပစ္စုပ္ပန်ကာလ၏ လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းနှင့် အနာဂတ်ဘဝကို နိုင်ငံရေး အရ အာမခံချက်ပေးနိုင်သော တိုင်းပြည်၏အမြင့်ဆုံးဥပဒေဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်သည့် ညီလာခံကြီးဖြစ်သောကြောင့် ပြည်ထောင်စု၏အနာဂတ်ကို စုပေါင်းပိုင်ဆိုင်ကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံနှင့် ဒေသပေါင်းစုံမှ လူထုတရပ်လုံး ပူးပေါင်း ပါဝင်နိုင်ရေးအတွက် ‘‘အားလုံးပါဝင်ရေးမူ’’ ကို အလေးထားဆောင်ရွက်သင့်သည်။
မှတ်ချက်။ ။ တိုင်းပြုပြည်ပြုညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အကောင်းဆုံးပြင် ဆင်မှုသည် အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေကို အခိုင်အမာ ရေးဆွဲပြဋ္ဌာန်းခြင်းပင်ဖြစ်သည်။
(၆) တိုင်းပြုပြည်ပြုညီလာခံကျင်းပရေးအတွက် လိုအပ်သောယန္တရားများကို ဖန်တီးခြင်းနှင့်ပြင်ဆင်ခြင်း
          တိုင်းပြုပြည်ပြုညီလာခံတရပ်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သော ယန္တရားများ ဖွဲ့စည်းမှုပုံစံသည် ပုံမှန်လွှတ်တော်တရပ်ဖွဲ့စည်းမှုပုံစံနှင့် သာမန်အားဖြင့် တူညီပါသည်။ သို့ရာတွင် တိုင်းပြုပြည်ပြုညီလာခံ၏ အဓိကတာဝန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ်ကို ရေးဆွဲပြဋ္ဌာန်းခြင်းဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရာတွင် လျင်မြန်ချောမွေ့ နိုင်ရေးအတွက် အောက်ပါယန္တရားများကို မရှိမဖြစ်ဖွဲ့စည်းရပေမည်။
 
(က) လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း (Thematic Committee)
(ခ) အုပ်ချုပ်စီမံရေးလုပ်ငန်းကော်မတီများ (Administratic Committee)
(ဂ) နည်းပညာအထောက်အကူအဖွဲ့နှင့် အတွင်းရေးမှူးအဖွဲ့များ
(ဃ) ပြည်တွင်းပြည်ပမှ ပညာရှင်အစုအဖွဲ့များ (လိုအပ်သလို အကြံဉာဏ်များ ရယူနိုင်ရေး အတွက် ပညာရှင်အဖွဲ့များကို အဆင်သင့်ထားရှိရန် လိုအပ်မည်ဖြစ်ပါသည်။)
(င) ဆုံးဖြတ်ချက် ချမည့်ပုံစံကို ကြိုတင်သဘောတူညီမှု ရယူထားရမည်။ (Decision making)
(စ) တစ်ဆို့မှုများကို ကျော်လွှားနိုင်ရန် ယန္တရားများ ဖန်တီးခြင်း (Deadlock-breaking Mechanism)
(၇) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်းလုပ်ငန်းစဉ်များ
 
(က) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ နိုင်ငံရေးမျှော်မှန်းချက်များ၊ စံတန်ဖိုးများ၊ လမ်းညွှန် အခြေခံမူများနှင့် ဖက်ဒရယ်ဒီမိုကရေစီ အခြေခံမူဝါဒများကို သဘောတူညီမှုရယူခြင်း [ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) တွင်ပါရှိသော အခြေခံမူများကို ကြား ကာလ (တော်လှန်ရေးကာလ) တွင်ပါဝင်နိုင်ခြင်းမရှိသေးသော အစုအဖွဲ့များနှင့် ဆက်လက် ညှိနှိုင်း၍ သဘောတူညီမှုရယူခြင်း]
(ခ) တိုင်းပြုပြည်ပြုညီလာခံကျင်းပခြင်း အခင်းအကျင်းများ၊ ယန္တရားများနှင့် လုပ်ငန်းစဉ်များကို သဘောတူညီခြင်း (Agreeing on institution and procedure for making constitution)
(ဂ) တိုင်းရင်းသားလူထုတရပ်လုံးနှင့် နှီးနှောတိုင်ပင်ခြင်း (Prepairing consultation by providing civic education on process, constitutional history and constitutional options)
(ဃ) ပညာရှင်များ၊ နည်းပညာပိုင်းဆိုင်ရာ တတ်ကျွမ်းသူများနှင့် တိုင်ပင်ခြင်း
(င) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို စတင်ရေးဆွဲခြင်း၊ ထိုသို့ရေးဆွဲနိုင်ရေးအတွက် လိုအပ် သော လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်း
(စ) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို တိုင်းရင်းသားလူထုတရပ်လုံးနှင့် နှီးနှောတိုင်ပင် ဆွေးနွေးခြင်း
(ဆ) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို အချောသတ်ခြင်း
(ဇ) ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို အချောသတ်၍ အတည်ပြုမူကြမ်းအဖြစ် တိုင်းပြု ပြည်ပြုညီလာခံတွင် လက်ခံအတည်ပြုခြင်း
(ဈ) တိုင်းပြုပြည်ပြုညီလာခံက လက်ခံအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု မူကြမ်းကို အတည်ပြုပြဋ္ဌာန်းခြင်း (Ratification)
  မှတ်ချက်။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်းကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြုမည်ဟု လမ်းပြမြေပုံ အဆင့် (၁၁) တွင် ဖော်ပြထားပါသည်။ သို့ရာတွင် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုစနစ်ကို ဖော်ထုတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၄)၊ အပိုင်း (၂) တွင် ဖော်ပြထားသည့်အတိုင်း ‘‘ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ယင်းပြည်နယ်အတွင်းရှိပြည်သူများသည် အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များဖြစ်ကြသည်။’’ ဟု ပါရှိသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်းကဏ္ဍတွင်လည်း ပြည်နယ်/ ဖက်ဒရယ်ယူနစ် များ၏ကဏ္ဍကို ချန်ထား၍ရမည်မဟုတ်ပါ။ ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်းတွင် ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအလိုက် ဆန္ဒခံယူပွဲများကျင်းပ၍ အတည်ပြုပြဋ္ဌာန်းရန် လိုအပ်ကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။
(ည) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ဖြင့် ရွေးကောက်ပွဲအသစ် ကျင်းပခြင်း
(ဋ) ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော နိုင်ငံရေးပါတီက ဖွဲ့စည်းလိုက်သည့် အစိုးရသစ်ထံ တွင် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရက တာဝန်လွှဲအပ်ပေးခြင်း နှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပယ်ဖျက်ရုပ်သိမ်းပြီးဖြစ်ကြောင်း ကြေညာခြင်း
(ဌ) အတည်ပြုပြဋ္ဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism) ကို ကျင့်သုံးခြင်း (ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နိုင်ငံရေးလမ်းပြ မြေပုံ အဆင့်-၁၂) တို့ ဖြစ်ပါသည်။


၄။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးလုပ်ငန်းအဖွဲ့ (TCWG)

         ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) ကို အကောင်အထည်ဖော်နိုင်ရေး အတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းအဖွဲ့ (TCWG) ကို ၂၀၂၂၊ ဇူလိုင်လ (၂၈) ရက်တွင် NUCC က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
        TCWG တွင် NUCC အဖွဲ့ဝင်အဖွဲ့အစည်းများအပြင် NUG နှင့် NLD၊ Kpict တို့လည်း ပါဝင်ခဲ့ပါသည်။ NUG ကိုယ်စား ဖက်ဒရယ်ပြည်ထောင်စုရေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမိုးဇော်ဦးတို့ ပါဝင်ခဲ့ပါသည်။
        TCWG ကို ဖွဲ့စည်းပြီး ယင်း၏လုပ်ငန်းလမ်းညွှန် (ToR) ကို ရေးဆွဲနေစဉ်တွင် တစ်ဆို့မှုများ ပေါ် ပေါက်ခဲ့ပါသည်။ ယင်းတစ်ဆို့မှုများကို ကျော်လွှားနိုင်ခြင်းမရှိဘဲ ၂၀၂၂၊ နိုဝင်ဘာမှစ၍ လုပ်ငန်းများရပ်တန့်ခဲ့ သည်မှာ ယနေ့အချိန်အထိပင်ဖြစ်ပါသည်။


၅။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအထောက်အကူပြုကော်မတီ (TCPC)

        အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အထောက်အကူပြုကော်မတီ (TCPC) ကို ၂၀၂၂၊ ဇူလိုင်လ (၂) ရက်နေ့တွင် ကျင်းပခဲ့သော ‘‘ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ’’ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်၏တာဝန်ပေး ချက်ဖြင့် ဇူလိုင်လ (၅) ရက်နေ့တွင် ‘‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင်ပြင်ဆင် ရေးလုပ်ငန်းအဖွဲ့’’ အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။
        ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်တွင် ကျင်းပခဲ့သော NUG ၏ အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ် ချက်အရ ယင်းလုပ်ငန်းအဖွဲ့ကို ‘‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အထောက်အကူပြုကော်မတီ (TCPC) အဖြစ် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ဦးဆောင်မှုဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။


(က) ရည်ရွယ်ချက်

အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အထောက်အကူပြုကော်မတီ (TCPC) ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ပြင်ဆင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ အတွင်း ပွင့်လင်းမြင်သာမှု၊ စုပေါင်းတာဝန်ယူမှုနှင့် စုပေါင်းတာဝန်ခံမှုဖြင့် ဆောင်ရွက်ရန်။
(၂) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် လိုအပ် သော ပြင်ဆင်မှုကို ဆောင်ရွက်ခြင်းနှင့် လိုအပ်သော အချက်အလက်များ စုဆောင်းခြင်းတို့ ကို ဆောင်ရွက်ရန်။
(၃) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဖွဲ့စည်းတာဝန်ပေးအပ်သော ‘‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲရေးအဖွဲ့’’ (TCWG) တွင် ပါဝင်ကြသည့် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်များကို အထောက်အကူ ပြုရန်။


(ခ) မာတိကာ

အမျိုးသားညီညွတ်ရေးအစိုးရ၏ TCPC မှ ပြင်ဆင်ရေးဆွဲထားသော အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (ကြိုတင်ပြင်ဆင်ရေးမူကြမ်း) တွင် အောက်ပါ အခန်း (၁၅) ခန်း ပါဝင်သည်။
အခန်း (၁) ဖက်ဒရယ်ပြည်ထောင်စု၏ အခြေခံမူများ
အခန်း (၂) အခြေခံအခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တာဝန်များ
အခန်း (၃) အသွင်ကူးပြောင်းရေးကာလ အစီအမံများ
အခန်း (၄) တိုင်းပြုပြည်ပြုညီလာခံ
အခန်း (၅) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းမှုပုံသဏ္ဌာန်
အခန်း (၆) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုဥပဒေပြုရေး
အခန်း (၇) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေး
အခန်း (၈) အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စုတရားစီရင်ရေး
အခန်း (၉) ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြား အာဏာခွဲဝေခြင်းနှင့် အရင်းအမြစ်များ ခွဲဝေခြင်း
အခန်း (၁၀) နိုင်ငံသားဖြစ်ခြင်း
အခန်း (၁၁) ဖက်ဒရယ်ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေး
အခန်း (၁၂) အရေးပေါ်အခြေအနေဆိုင်ရာ ပြဋ္ဌာန်းချက်များ
အခန်း (၁၃) အထွေထွေပြဋ္ဌာန်းချက်များ
အခန်း (၁၄) အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ
အခန်း (၁၅) အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း


(ဂ) TCPC ၏ လုပ်ငန်းအစီရင်ခံစာ

        TCPC မှ ကြိုတင်ပြင်ဆင်ရေးမူကြမ်းကို ရေးဆွဲပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်း အဝေးတွင် (၂) ကြိမ် မှတ်တမ်းတင်ပြီးနောက် ၂၀၂၃၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ထိုကြိုတင်ပြင်ဆင် ရေးမူ ကြမ်းကို တင်ပြနိုင်ခဲ့ပါသည်။ ထိုကာလလုပ်ငန်းဆောင်ရွက်ချက်များကို အောက်ပါအတိုင်း NUCC ထံ သို့ တင်ပြခဲ့ပါသည်။
(၁) အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ လုပ်ငန်းလမ်းညွှန် (TOR) အပိုဒ် (၈၃) အရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသောအခါ အမျိုးသား ညီညွတ် ရေးအစိုးရ ပါဝင်ခွင့်ရှိရမည်ဟုပြဋ္ဌာန်းထားပါသည်။ ထိုပြဋ္ဌာန်းချက်နှင့်အညီ NUCC မှ ဖွဲ့စည်းပေးလိုက်သော ‘‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းအဖွဲ့’’ (TCWG) တွင် NUG ကိုယ်စားလှယ် (၂) ဦး ပါဝင်ခွင့်ရရှိထားပါသည်။
(၂) NUG ကိုယ်စား TCWG တွင် ပါဝင်နေကြသည့် ကိုယ်စားလှယ် (၂) ဦးကို အထောက်အကူ ပြု နိုင်ရေးအတွက်သော်လည်းကောင်း၊ ထိုကိုယ်စားလှယ် (၂) ဦး၏ လုပ်ငန်းဆောင်ရွက်ချက် များသည် NUG အစိုးရတရပ်လုံးကို ကိုယ်စားပြုသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အတွက်သော်လည်းကောင်း ‘‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးလုပ်ငန်းအဖွဲ့’’ (TCPT) ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ဖွဲ့စည်းပြီး ယင်းကို ‘‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီ’’ (TCPC) အဖြစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကျင်းပခဲ့သော NUG ၏ အစိုးရအဖွဲ့ အစည်းအဝေးတွင် အဆင့်မြှင့်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။
(၃) TCPC ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်သည် TCWG တွင် ပါဝင်ကြမည့် ကိုယ်စားလှယ် (၂) ဦးက NUG ကိုယ်စားတင်ပြမည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ပြီး ထိုကဲ့သို့ပြင်ဆင် ထားသော ‘‘ကြိုတင်ပြင် ဆင်ရေး မူကြမ်း’’ ကို TCWG ထံသို့ တင်ပြဆွေးနွေးရန်ဖြစ်ပါသည်။
(၄) သို့ရာတွင် TCWG တွင် တစ်ဆို့မှုများ ဖြစ်ပေါ်လာပြီး လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်သွား ခဲ့သည်။ ထိုကဲ့သို့ TCWG ရပ်တန့်နေချိန်တွင် TCPC က ပုံမှန်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ထို့ကြောင့် TCPC မှ လိုအပ်သောပြင်ဆင်မှုများကို အပတ်စဉ် ပုံမှန်ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်ရေးမူကြမ်းအပြည့်အစုံကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၄) ရက် နေ့တွင် NUG အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြကာ တရားဝင်မှတ်တမ်းတင်ခြင်းကို ပြု လုပ်နိုင်ခဲ့သည်။
(၅) NUG အစိုးရအဖွဲ့တွင် မှတ်တမ်းတင်ထားသော TCPC ၏ ကြိုတင်ပြင်ဆင်ရေးမူကြမ်းကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့မှာ ဇွန်လ (၂၆) ရက်နေ့အထိ NUG ဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများအားလုံး ပါဝင်တက်ရောက်သော ‘‘ဝန်ကြီးများအစည်းအဝေး’’ (Ministerial Meeting) တွင် ထပ်မံတင်ပြပြီး အပတ်စဉ်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပါသည်။ ထိုဝန်ကြီး များအစည်းအဝေးမှ ဆွေးနွေးချက်ရလဒ်ပေါ် အခြေခံ၍ လိုအပ်သော ပြင်ဆင်မှုများ ထပ်မံ ပြုလုပ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် ကျင်းပသော NUG အစိုးရအဖွဲ့ အစည်း အဝေးတွင် ဒုတိယအကြိမ်မှတ်တမ်းတင်ခြင်းကို ပြုလုပ်နိုင် ခဲ့ပါသည်။
(၆) NUG ၏ TCPC က အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင် ရေးအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရာတွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ် အပိုင်း (၁) နှင့် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းရေး ကော်မတီ (FCDCC) က ပြင်ဆင်ခဲ့သော ‘‘ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွဲ့ စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) တို့ကို အခြေခံကျောရိုးအဖြစ်အသုံးပြုပြီး ကိုးကား သင့်ကိုးကားထိုက်သော စာရွက်စာတမ်းများ၊ မူကြမ်းများနှင့် အဆိုပြုချက်များ (ဥပမာ- PPST ၏အခြေခံမူ (၂၂) ချက်၊ ERO ၁၂ ဖွဲ့ အခြေခံမူ (၂၄) ချက်... စသည်များ) ကို ပြည့်စုံနိုင်သမျှ ပြည့်စုံစွာ ကိုးကားမှီငြမ်းထားပါသည်။
(၇) NUG ၏ TCPC ကြိုတင်ပြင်ဆင်ရေးမူကြမ်းတွင် နည်းပညာနှင့် ဥပဒေရှုထောင့်မှ လိုအပ် သော ကြိုတင်ပြင်ဆင်မှုများကိုသာ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ နိုင်ငံရေးအရ သဘောတူညီ ချက် ရယူပြီးမှ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်းသင့်သော ပုဒ်မများကို ကွက်လပ်ဖြင့် ချန်လှပ်ထားပါသည်။ တချို့နေရာများတွင် အဆိုပြုချက်များ ဖော်ပြထားသော်လည်း၊ ယတိပြတ်ဆုံးဖြတ်ခြင်းမဟုတ်ကြောင်း သိသာ ထင်ရှားစေရန် ‘‘ဆက်လက်ဆွေးနွေးရန်’’ စသည်ဖြင့် မှတ်ချက်များ ဖော်ပြထားပါသည်။
(၈) ဤတိုင်းပြည်တွင် သုံးကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့သော စစ်တပ်၏ မတရားအာဏာသိမ်းပိုက်မှု နှင့် နှစ်ပေါင်း (၇၅) နှစ်ကျော်ကြာပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခအားလုံး၏ အခြေခံ နိုင်ငံရေးပြဿနာသည် ‘‘ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း’’ (Constitutional Crisis) ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း လုပ်ငန်းသည် နှစ်ပေါင်း (၇၅) နှစ်ကျော်ကြာပြီဖြစ်သည့် တိုင်းပြည်၏ပြဿနာအရင်းအမြစ် ကို ဖြေရှင်းခြင်းဖြစ်၍ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ လူမျိုးတမျိုး၊ ဒေသ တခု၊ အစုအဖွဲ့တခုတည်းက ဆောင်ရွက်နိုင်ကောင်းသောအရာမဟုတ်ပါ။ ပြည်ထောင်စု ဘွား တိုင်းရင်းသားလူမျိုးအားလုံး၊ ဒေသအားလုံး၊ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ ပူးပေါင်း ပါဝင်၍ စုပေါင်းဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါသည်။ ထိုမျှကြီးမားသော တိုင်းပြည်၏သမိုင်း ပေးတာဝန်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် NUG အစိုးရမှ တတ်နိုင်သမျှ အား ထုတ်၍ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းနိုင် ရေးအတွက် အထောက်အကူဖြစ်စေခြင်းငှာ လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်ပြီး NUCC ၏ TCWG ထံသို့ တင်ပြပြင်ဆင်ထားခဲ့ပါသည်။
(၉) သို့ရာတွင် NUCC ၏ TCWG ယနေ့အထိ တစ်ဆို့နေပါသဖြင့်၊ NUG- TCPC မှ ပြင်ဆင်ထား သော (ကြိုတင်ပြင်ဆင်ရေးမူကြမ်း) ကို NUG နှင့် NUCC ၏ လစဉ်ပုံမှန်အစည်းအဝေးသို့ တိုက်ရိုက်တင်ပြရန် ၂၀၂၃၊ ဩဂုတ်လ (၂၂) ရက်တွင် ကျင်းပသော NUG အစိုးရအဖွဲ့ အစည်း အဝေး (Cabinet Meeting) တွင် ဆုံးဖြတ်ထားပါသည်။ ထိုဆုံးဖြတ်ချက်နှင့်အညီ ၂၀၂၃၊ ဩဂုတ်လ (၂၅) ရက်တွင် ကျင်းပမည့် NUG- NUCC လစဉ်အစည်းအဝေးသို့ တင်ပြရန် ဆုံးဖြတ်ထားခြင်းဖြစ်ပါသည်။
(၁၀) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ၂၀၂၃၊ ဩဂုတ် (၂၅) ရက်နေ့တွင် ကျင်းပသော NUG-NUCC လစဉ်ပုံမှန်အစည်းအဝေးသို့ တင်ပြပြီး ထိုအစည်းအဝေးတွင် NUG-TCPC ၏ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (ကြိုတင်ပြင်ဆင်ရေးမူကြမ်း) ကို တရားဝင်မှတ်တမ်း တင်ကြောင်း။ ထိုဆုံးဖြတ်ချက်နှင့်အညီ ၂၀၂၃၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ကျင်းပ သော NUCC အစည်းအဝေးသို့ ဤအသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (ကြိုတင်ပြင်ဆင်ရေးမူကြမ်း) အပြည့်အစုံကိုလိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် တရားဝင်တင်ပြခဲ့ပါသည်။


(ဃ) TCPC ကော်မတီဝင်များစာရင်း

(၁) ဒေါက်တာလျန်မှုန်းဆာခေါင်း (အဖွဲ့ခေါင်းဆောင်)
ပြည်ထောင်စုဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(၂) ဦးလွင်ကိုလတ် (အဖွဲ့ဝင်)
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
(၃) ဦးရည်မွန် (အဖွဲ့ဝင်)
ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန
(၄) နော်ဆူစန်နာလှလှစိုး (အဖွဲ့ဝင်)
ပြည်ထောင်စုဝန်ကြီး၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန
(၅) ဦးသိန်းဦး (အဖွဲ့ဝင်)
ပြည်ထောင်စုဝန်ကြီး၊ တရားရေးဝန်ကြီးဌာန
(၆) ဒေါက်တာတူးခေါင် (အဖွဲ့ဝင်)
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
(၇) ဒေါ်ခင်မမမျိုး (အဖွဲ့ဝင်)
ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
(၈) ဦးမိုးဇော်ဦး (အဖွဲ့ဝင်)
ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၉) ဦးချစ်ထွန်း (အဖွဲ့ဝင်)
ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(၁၀) မိုင်းဝင်းထူး (အဖွဲ့ဝင်)
ဒုတိယဝန်ကြီး၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန
(၁၁) မင်းဇေယျာဦး (အဖွဲ့ဝင်)
ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
(၁၂) ဒေါက်တာစိုင်းခိုင်မျိုးထွန်း (အဖွဲ့ဝင်)
ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန