(၇၅) နှစ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

(၇၅) နှစ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာ

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်

ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင်ကျရောက်သည့် မွန်အမျိုးသားနေ့ သမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပါသည်။

ဗုဒ္ဓသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင် မွန်အမျိုးသားညီနောင်နှစ်ပါးဖြစ်သည့် သမလမင်းနှင့် ဝိမလမင်းတို့က မျက်မှောက်ခေတ် ပဲခူးမြို့နေရာဒေသတွင် မွန်အမျိုးနွယ်စုတို့အား ဦးဆောင်ကာ ပထမဟံသာဝတီ မွန်နေပြည်တော်ကိုထူထောင်ခဲ့သည်။ ယင်းနေ့ကို မွန်အမျိုးသားနေ့ အဖြစ်သတ်မှတ်လိုက်ခြင်းဖြင့် လွန်ခဲ့သည့်ပထမထောင်စုနှစ်ကာလကတည်းကပင် မွန်လူမျိုးတို့၏ ကြီးမြတ်သောသမိုင်းနှင့် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစွာတည်ရှိခဲ့ခြင်းကို အသိအမှတ်ပြု မှတ်တမ်းတင်ဖော်ပြခြင်းပင်ဖြစ်သည်။

ရာမညဒေသဟုအမည်တွင်သည့် လက်ရှိ ပြည်ထောင်စုမြန်မာနိုင်ငံတောင်ပိုင်းဒေသတွင် မွန်လူမျိုး တို့သည် ဗုဒ္ဓသာသနာထွန်းကားရေးအတွက် စေတီပုထိုးကျောင်းကန်များတည်ဆောက်ခြင်း၊ မြို့ပြရပ်ရွာများ ထူထောင်ခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကူးလူးဆက်ဆံရောင်းဝယ်ဖောက်ကားခြင်းများ ရှိခဲ့သည်သာမက အရှေ့တောင်အာရှ ဒေသတွင် ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း သမိုင်းမှတ်တမ်း များ၌ အထင်အရှားတွေ့ရှိရပေသည်။

ခေတ်အဆက်ဆက် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝကျင့်သုံးခဲ့ကြသည့် မွန်လူမျိုးတို့သည် ဗြိတိသျှကိုလိုနီလက်အောက်သို့ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ရောက်ရှိခဲ့ရသည်။ ထို့အတူ ပြည်ထောင်စုမြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားလူမျိုးများနည်းတူ ဗြိတိသျှနှင့် ဂျပန်တို့အား ဆန့်ကျင်တော်လှန်ရာတွင်တက်ကြွစွာပါဝင်ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိ ပြီးနောက် ဖဆပလခေါင်းဆောင်များထံ မွန်ပြည်နယ်သတ်မှတ်ပေးရန် အရေးဆိုသည့်အခါ ဖဆပလ ခေါင်းဆောင်များက ငြင်းပယ်ခဲ့သဖြင့် လက်နက်ကိုင်တော်လှန်ရေးကို မလွဲမရှောင်သာဆောင်ရွက်ခဲ့ကြသည်။ 

မွန်အမျိုးသားများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ခိုင်မာပြတ်သားသောရပ်တည်မှုများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ ခေတ်အဆက်ဆက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးအတွက် အခြားသော တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။  

ယခုအချိန်သည် အကြမ်းဖက်စစ်အာဏာရှင်က နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့ပြီး နိုင်ငံသူနိုင်ငံသားများအပေါ် အကြမ်းဖက်နှိမ်နှင်းခြင်းများကို နေ့စဉ်ရက်ဆက် ကျူးလွန်နေသောကြောင့် ပြည်သူတစ်ရပ်လုံးက ရရာနည်းလမ်းများဖြင့် ခုခံတွန်းလှန်နေကြရချိန်ဖြစ်သည်။ ထိုကဲ့သို့သောအချိန်အခါတွင် မွန်အမျိုးသားနိုင်ငံရေးအင်အားစုများသည် အခြားသောတိုင်းရင်းသား ပြည်သူများနှင့်အတူ တစ်စိတ်တစ်ဝမ်း တည်းဖြင့် စစ်အာဏာရှင်စနစ်အောက်မှ ပြည်သူ့ဘဝ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး၊ တန်းတူညီမျှရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် နိုင်ငံရေးဦးတည်ချက်များဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့ဘဝလွတ်မြောက်ရေးအတွက် စုစည်းလက်တွဲပြီး ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရပါသည်။

ယနေ့ကျရောက်သည့် မွန်အမျိုးသားနေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကျော် အသက်သွေးချွေးပေးအပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် မွန်လူမျိုးတို့အား ဦးညွတ်ဂုဏ်ပြုပါကြောင်းနှင့် နွေဦးတော်လှန်ရေးတွင် ဖက်ဒရယ် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် မွန်ပြည်သူများ၊ မွန်လူငယ်များ၊ မွန်အမျိုးသမီးများ၊ မွန်ကျောင်းသားများအား အထူးပင် ဦးညွတ်ဂုဏ်ပြုပါကြောင်းဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ