အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

၂ ဧပြီ ၂၀၂၆လက်ရှိ မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတို့ Online မှ တဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။  အကြောင်းအရာနှင့်ပတ်သက်၍ တာဝန်ရှိသူများက  တော်လှန်ရေးနှင့် ပြည်သူလူထုကို မထိခိုက်စေသော နည်းနာများဖြင့် အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ကြရေး ရင်းနှီးပွင့်လင်းစွာဖြင့် အလေးထားဆွေးနွေးခဲ့ကြသည်။ မြေပြင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို နားလည်မှုလွဲစေနိုင်သည့်၊ ရန်သူအကြမ်းဖက်စစ်တပ် အကြိုက်တွေ့စေမည့် ရေးသားမှုများ၊ထုတ်ပြန်မှုများကို မပြုလုပ်ကြရေး နှင့်  ပြဿနာကို ပိုမိုကြီးထွားစေသည့် ဆောင်ရွက်ချက်များကိုလည်း ထိန်းကျောင်းကြရန် ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုအစိုးရ နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရ အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး(Division of competences) နှင့် ဆက်နွယ်နေသော ကိစ္စရပ်များဖြစ်သဖြင့် ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ယူနစ်အကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအတူတကွတည်ဆောက်နိုင်ရေးဦးတည်ချက်ဖြင့် အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြရန်လည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) ထုတ်ပြန်ကြေညာချက်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) ထုတ်ပြန်ကြေညာချက်

 ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက် ကျွန်ုပ်တို့ဆင်နွှဲလျက်ရှိသော တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲ ရယူ နိုင်ရန်၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန်  "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)" ကို အောက်ပါ ၁။ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် ၂။ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့်၃။ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး တရားဝင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးကို လေးနက်တည်ကြည်စွာ အသိပေးကြေညာအပ် ပါသည်။ ကျွန်ုပ်တို့၏မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ရန်ဖြစ်ပြီး ကျွန်ုပ်တို့၏ နိုင်ငံရေး ရည်မှန်းချက်များ၊ ရပ်တည်ချက်များကို လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တခုကို စုစည်းညီညွတ်စွာ စတင် လိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော စုံလင် ကွဲပြားသည့် လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးပြီး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာကောင်းမွန်စွာ တည်ဆောက်သွားရန် ဖြစ်ပါသည်။ ဤရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်စေရန် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှု၊ ညီညွတ်မှုနှင့် တာဝန်ယူ၊တာဝန်ခံမှုရှိသော ခေါင်းဆောင်မှုတို့ဖြင့် ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် အောက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ခိုင်မာစွာ ချမှတ်ထားပါသည်။    (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန် (၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်                                         "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ပါသည် ။ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ် များ၏ သဘောထားအမြင်များထင်ဟပ်ပါဝင်သည့် "စုပေါင်းခေါင်းဆောင်မှု (Collective Leadership)" ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည် ။  ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံ၍ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း - one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး   ပိုမိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများ  နှင့်ဆက်လက်ပူးပေါင်းညှိနှိုင်း၍ ကျွန်ုပ်တို့၏ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ဆက်သွယ်ရန် ဒေါ်ဇင်မာအောင်  - +၆၆၉၄၅၁၅၃၁၇၂ဆလိုင်းထက်နီ  - +၉၁၆၉၀၉၇၅၁၇၂၁ အောင်ဆန်းမြင့်  - +၆၆၆၃၀၇၄၉၀၈၇ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ

ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) အတွက်  ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ

ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) အတွက်ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဗဟိုကော်မတီဝင် ရဲဘော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ၎င်း၏ နိုင်ငံရေးဘဝ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နေစဉ်ကာလ၌ ကွယ်လွန်တိမ်းပါးသွား ခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲရပါကြောင်း ဝမ်းနည်းမှတ်တမ်း ရေးထိုး အပ်ပါသည်။ရဲဘော်ရဲဘက် တော်လှန်ရေးနှင့် နိုင်ငံရေးမိတ်ဆွေကြီး ဦးချစ်ထွန်းသည် ၁၉၉၂ ခုနှစ်၊ ကရင်နီ ပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၏ စစ်ရေး၊ နိုင်ငံရေးနှင့်ဆက်ဆံရေး တာဝန်များ စတင်၍ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့မှစတင်၍ စစ်အာဏာရှင် တော်လှန်ရေးကာလတွင်မူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ် အနာဂတ်ပြည်ထောင်စုအတွက် အရေးပါသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် တော်လှန်‌ရေးတာဝန်များကို စွမ်းစွမ်းတမံ ဦးဆောင် တာဝန်ယူ ထမ်းရွက်ခဲ့သူဖြစ်သည်။တော်လှန်ရေးအင်အားစုအားလုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန်အတွက် ခေါင်းဆောင်ကောင်းတစ်ဦး၏ အသက်၊ ခွန်အားနှင့် ဉာဏ်ပညာတို့ကို အားပြုအရင်းတည်လျက် စွန့်လွှတ်ရင်း တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်ကောင်းတဦးဖြစ်သူ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ မိသားစုဝင်တဦးဖြစ်သည့် ဦးချစ်ထွန်းအတွက် ရပ်တည်ချက်နှင့် ယုံကြည်ချက်အပေါ် တစိုက်မတ်မတ် ပေးဆပ်ဆောင်ရွက်ခဲ့သည့် အချိန်များ အတွက် လေးမြတ်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပြီး တော်လှန်ရေးမှတ်တမ်းတွင် ထာဝရ မော်ကွန်းတင် အသိအမှတ်ပြုပါသည်။တော်လှန်ရေးမိတ်ဆွေကြီး၏ ဆောလျင်စွာ ချန်ရစ်ခဲ့သော မပြီးဆုံးသေးသည့် တော်လှန်ရေး နှင့် တည်ဆောက်ရေးလုပ်ငန်းစဉ် အနာဂတ်ကာလအတွက် ကျွန်ုပ်တို့သည် ဝမ်းနည်းခြင်းမှ သည် ပြည်ထောင်စု၏ပန်းတိုင်ရောက်သည့်တိုင်၊ ကျွန်ုပ်တို့ မျှော်ရည်သည့် ပြည်နယ်အားပြု ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ ဆက်လက်အားထုတ် ကြိုးပမ်းဆောင်ရွက်သွားကြ မည်ဟု တော်လှန်ကတိ၊ တော်လှန်သစ္စာ ပြုအပ်ပါသည်။ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမိသားစုအမျိုးသားညီညွတ်ရေးအစိုးရ

ပူးတွဲထုတ်ပြန်ကြေညာချက်

ပူးတွဲထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ( ၁၈ ) ရက်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ပြည်သူ့အစိုးရအဖွဲ့ဝင် များကို မတရားဖမ်းဆီးပြီး ပြည်သူ့အာဏာကို သိမ်းယူခဲ့ခြင်းသည် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှု များကို ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာခဲ့သည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် အဆိုပါ အကြမ်းဖက်အုပ်စု ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ - Enemy of the State” အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ အနေဖြင့်(က) “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” က အသွင်ပြောင်းထားသည့် “နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” သည်လည်း အထက်ပါ ကြေညာချက် များ နှင့် အကျုံးဝင်သော အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သောကြောင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ” ဖြစ်ကြောင်း(ခ) ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ သည်လည်း အကြမ်းဖက်အုပ်စုဝင် အဖွဲ့အစည်းများ ဖြစ်ကြောင်း(ဂ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများအား ၎င်းတို့က အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခြင်းများသည် တရားမဝင်ပျက်ပြယ်ပြီး ဖြစ် ကြောင်း(ဃ) နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများအားလုံး၏ လုပ်ဆောင်ချက်မှန်သမျှသည်လည်း တရားဝင်မှုမရှိကြောင်း နှင့်(င) ၎င်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ဆက်သွယ်ရန်ဦးနေမျိုး ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( Signal +66 926 529 412)ဒေါ်နှင်းနှင်းမွှေး ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( Signal +66 928 402 330)ဦးနေဘုန်းလတ် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ( Signal + 66 654 867 824)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံရန်ရှိသည့် သတင်းနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံရန်ရှိသည့် သတင်းနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက်

၂၀၂၅ ခုနှစ် ဧပြီလ ၁၆ ရက်၁။ မြန်မာပြည်သူလူထုအားနေ့စဥ်နှင့်အမျှ အကြမ်းဖက်ဖိနှိပ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အာဆီယံခေါင်းဆောင်များ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံကြပြီး ငလျင်ဘေး ဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စများကို ဆွေးနွေးကြမည်ဟု သိရှိရပါသည်။ ၂။ အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် တိုင်းပြည်၏ ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် စစ်လက်နက်ကြီးငယ်၊ တိုက်လေယာဉ်များ၊ ဗုံးများဖြင့် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား မြေငလျင်ဘေးဒဏ်သင့် ပြည်သူများကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဟူသည့် အကြောင်းပြချက်ဖြင့် အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့် အပေါ် မိမိတို့က များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိသည်။ ၃။ ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုကင်းသော လူသားချင်းစာနာထောက်ထားမှုအကူအညီများအား တိုင်းပြည် နယ်နိမိတ်စုစုပေါင်း၏ (၂၂)ရာခိုင်နှုန်းကိုသာ စိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်သည့် စစ်အုပ်စုထံ တိုက်ရိုက် ဆက်ဆံပေးအပ်ခြင်း မဟုတ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက ထိန်းချုပ်စီမံအုပ်ချုပ်ထားသည့် နယ်မြေများရှိ ပါဝင်ပတ်သက်သူ အစုအဖွဲ့ များအားလုံးနှင့် ချိတ်ဆက်ပေးအပ် ထောက်ပံ့ရန် လိုအပ်ပါသည်။ ၄။ စစ်အုပ်စုသည် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ချက်ပါ အခြေခံအချက် တခုဖြစ်သော အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေးဆိုသည့် မူအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ရှေ့မှောက်တွင် လိုက်နာရန်သဘောတူညီခဲ့မှုအား ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေသည့် တရားခံလည်း ဖြစ်သည်။ ၅။ လက်ရှိတွင် စစ်အုပ်စုသည် တိုင်းပြည်၏ အချုပ်အခြာကို ထိန်းချုပ်ထားသည့် တခုတည်းသော အာဏာပိုင် မဟုတ်သလို ပြည်သူလူထုကို ကိုယ်စားပြုခြင်းလည်း လုံးဝမရှိတော့ သည်ကို သတိချပ်ရမည် ဖြစ်သည်။ တိုင်းပြည်၏ အချုပ်အခြာအာဏာသည် နေပြည်တော်မှ တိုက်ရိုက်စီမံအုပ်ချုပ်နေသည့် အခြေအနေမဟုတ်တော့ပဲ နယ်မြေအသီးသီးရှိ ပြည်သူလူထု လက်ဝယ် သက်ဆင်းသွားပြီးဖြစ်သည်ကို သတိမူသင့်ပြီဖြစ်ပါသည်။ ၆။ ထို့ကြောင့်လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် စစ်အုပ်စု နှင့် ထိတွေ့ဆက်ဆံခြင်းနှင့် တိုက်ရိုက်ဦးတည်ထောက်ပံ့နေခြင်းသာမက အမှန်တကယ် ထိခိုက်ခံစား နေရသည့် သဘာဝဘေး ၊ စစ်ဘေးဒဏ်ခံ မြန်မာပြည်သူများ ထံသို့ အကူအညီ ပေးရေး အစီအစဥ်များ တိုက်ရိုက်ရောက်ရှိနိုင်စေရန် သက်ဆိုင်သူများအားလုံးနှင့် လုပ်ငန်းစဉ် တရပ်အဖြစ် ချိတ်ဆက် ဆောင်ရွက် သွားရန် အထူးပင်လိုအပ်ပါသည်။ ၇။ ထို့အပြင် စစ်ဘေးဒဏ်နှင့် မြေငလျင်သဘာဝဘေးဒဏ်ကြောင့် အတိဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို အရေးတကြီး ဆောင်ရွက်ရမည့် ကာလတွင် စစ်အုပ်စုက တဖက်သတ်ဦးစီးကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲဆိုသည်မှာလည်း မြန်မာ့အရေးကို ဖြေရှင်းနိုင်မည့် ဦးစားပေးလုပ်ငန်းစဉ် မဟုတ်ကြောင်း ထပ်လောင်းအသိပေးလိုသည်။ ၈။ မြန်မာပြည်အတွင်း အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိနိုင်ရန် အတွက် မြန်မာပြည်သူလူထု၏ လိုလားချက် မျှော်မှန်းချက်များကို ကိုယ်စားပြုသည့် သဘောထား ထင်ဟပ် စေနိုင်မည့် ( Myanmar-Owned and Myanmar-led process) ဖြစ်စေရန်အတွက် စစ်ခေါင်းဆောင် နှင့် တဖက်သတ် ဆက်ဆံဆောင်ရွက်မှုများကို အထူးသတိပြုသင့်ပါသည်။ ၉။ အာဆီယံခေါင်းဆောင်များ အနေဖြင့် လူသားခြင်းစာနာထောက်ထားသည့် အကူအညီများကို ခွဲခြား ဆက်ဆံမှုမရှိ ၊ ဘက်မလိုက်ဘဲ Humanitarian Principles များနှင့်အညီ ထိရောက်စွာ အကူအညီ ပေးနိုင်ရေးအတွက် ဆောင်ရွက်ရာတွင်စစ်ခေါင်းဆောင်မင်းအောင်လှိုင် မှတဆင့် ပေးအပ်ခြင်းကိုသာ ပြုလုပ်ပါက လူသားချင်းစာနာထောက်ထားသည့်အကူအညီများသည် နိုင်ငံရေးအရ အလွဲ အသုံးချမည့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမည် ဖြစ်သောကြောင့် စစ်အုပ်စု မှတဆင့်သာ ပေးအပ်ခြင်းကို မိမိတို့အနေဖြင့် အပြင်းအထန်ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကရင်အမျိုးသားအစည်းအရုံး(KNU)ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ(KNPP)ချင်းအမျိုးသားတပ်ဦး(CNF)မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ(WLB)ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC)အမည်မဖော်လိုသည့် အင်အားစုများ

အမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ထုတ်ပြန်ခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ ထုတ်ပြန်ခြင်း

၁၆ ဧပြီ ၂၀၂၅အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ၂၀၂၅ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ထုတ်ပြန်အပ်ပါသည်။ အောက်ပါ လင့်ခ် မှနေ၍ Download ရယူနိုင်ပါသည်။ https://assets-gov.nugmyanmar.org/images/2025/04/NUG-4-Years-Report.pdf

ပူးတွဲထုတ်ပြန်ကြေညာချက်

ပူးတွဲထုတ်ပြန်ကြေညာချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်၁။ ကျွန်ုပ်တို့၏ ဘုံရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အသွင်သဏ္ဍာန်နှင့် အနှစ်သာရပြောင်းလဲမည့် စနစ်ပြောင်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဖြစ်သည်နှင့်အညီ တန်းတူညီမျှမှုနှင့် ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ်/ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom – up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေး ကာလ/ကြားကာလမှ စတင်ကာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ ဦးတည်လျှောက်လှမ်းနေပြီ ဖြစ်သည်။၂။ ကျွန်ုပ်တို့သည် ၂၀၂၅ ခုနှစ်တွင် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင့်တလျက်ရှိသည့် အောင်မြင်မှုပန်းတိုင်သို့ အရောက်လှမ်း ချီတက်နိုင်ရန် ရရှိထားပြီးသော စုစည်းညီညွတ်မှုများထက် ပိုမိုကျယ်ပြန့်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ရရှိစေရန် ကြိုးပမ်းအားထုတ်ရင်း စုပေါင်းတော်လှန် တိုက်ပွဲဝင်လျက်ရှိပါသည်။၃။ ကျွန်ုပ်တို့အနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများနှင့်တကွ ၁၀/၂၇ စစ်ဆင်ရေး အပါအဝင် နိုင်ငံတဝှမ်းအလားတူအောင်မြင်မှုများ၊ ကဏ္ဍစုံမှအောင်မြင်မှုများအတွက် တော်လှန်ပြည်သူ များနှင့်သက်ဆိုင်ရာ နိုင်ငံရေး/တော်လှန်ရေးအင်အားစုများအား လေးနက်စွာ ဂုဏ်ပြုသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင်သံအမတ်ကြီးဦးကျော်မိုးထွန်းအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြုတာဝန်များ ဆက်လက်ထမ်းဆောင်ခွင့်ရခြင်းကို သံတမန်ရေးရာ ပြည်သူ့အောင်ပွဲအဖြစ် မှတ်ယူသည်။၄။ ကျွန်ုပ်တို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးသည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးသည်ဟု မှတ်ယူပါသည်။၅။ ကျွန်ုပ်တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အောက်ဖော်ပြပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ချမှတ်ထားပါသည်။ (က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး အနာဂတ်တွင် စစ်တပ်၏နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် (ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန် (ဂ) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန် (ဃ) သက်ဆိုင်သူ အစုအဖွဲ့များအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ ပြဌာန်းရန်၊ (င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသစ်အား တည်ဆောက်ရန်၊ (စ) ပဋိပက္ခအတွင်း “လိင်နှင့် ကျား၊မအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်" မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေးနှင့် အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ် ဖော်ဆောင်ရန်၊၆။ ကျွန်ုပ်တို့သည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေး ကိစ္စရပ်များကို အသွင်ကူးပြောင်းရေးကာလရောက်ရှိသည့်အခါ ပြည်သူလူထု၏ဆန္ဒကိုအခြေခံ၍ မည်သည့် ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အဓိကသက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်သွားမည်။ တော်လှန်ရေးအင်အားစုများ အချင်းချင်းကြား ဖြစ်ပွားသော မည်သည့်အငြင်းပွားမှုကိုမဆို မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသော နည်းလမ်းများဖြင့်သာ ဖြေရှင်းဆောင်ရွက်သွားကြမည်။၇။ အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုသည် မြန်မာနိုင်ငံ ပြိုကွဲမည့် အခြေအနေသို့ တွန်းပို့ဖန်တီးနေသည့် အဓိကတရားခံ ဖြစ်သည့်အပြင် မင်းအောင်လှိုင်နှင့်အပေါင်းအပါတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မဖြစ်မနေတာဝန်ခံရမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သားအားလုံးအနေဖြင့် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှစွန့်ခွာ၍ ပြည်သူလူထုလိုလားသော ဂုဏ်သိက္ခာ ရှိသည့် တပ်မတော်တရပ်အဖြစ် ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းကြရန် ဖိတ်ခေါ်အပ်ပါသည်။၈။ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာမရှိသည့်အပြင် လက်ရှိ နိုင်ငံရေးအခြေအနေသည်လည်း ရွေးကောက်ပွဲ ကျင်းပနိုင်မည့် အခြေအနေ မဟုတ်ပါ။ အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပရန်ပြင်ဆင်နေခြင်းသည် မြန်မာနိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခများကိုသာ တိုးပွားလာစေမည့်အပြင် ဒေသတွင်းမတည်ငြိမ်မှုများ ပိုမိုပေါ်ပေါက်လာစေမည် ဖြစ်သောကြောင့် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းပါဝင်ခြင်း၊ ပံ့ပိုးကူညီခြင်း၊ အသိအမှတ်ပြုခြင်းများအား ရှောင်ကြဉ်ကြရန် တိုက်တွန်းအပ်ပါသည်။၉။ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများနှင့် အဓမ္မစစ်သားစုဆောင်းခြင်းလုပ်ရပ် တို့ကြောင့် မြန်မာပြည်သူတို့၏ လူမှုစီးပွားဘဝကို အလွန်အမင်းထိခိုက်ပျက်စီး စေပြီး ပြည်တွင်း၊ ပြည်ပသို့ နေရပ်စွန့်ခွါမှုများ တိုးပွားလာစေကာ ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေသည်။ ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ လက်ရှိခံစားနေရသည့် အတိဒုက္ခများကို အမြန်ဆုံးကုစားနိုင်ရန် ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ လက်တွေ့ကျပြီး ထိရောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ရန် တောင်းဆိုပါသည်။ ထို့အပြင် နိုင်ငံအချို့အနေဖြင့် အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ ပြည်သူအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နိုင်စေရန် လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းများ ပံ့ပိုးရောင်းချခြင်း၊ သံတမန်ရေးရာအရ အသိအမှတ်ပြုဆက်ဆံခြင်းတို့ကို ရပ်တန့်ရန် ကျွန်ုပ်တို့က တောင်းဆိုပါသည်။၁၀။ ကျွန်ုပ်တို့သည် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး လိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်။ဆက်သွယ်ရန်Salai Boi Uk (CB) +91 6909-093438U Sithu Maung(CRPH) +66 6131-20009U Kyaw Htwe(NLD) +1 612 743-5095U Toe Kyaw Hlaing (NUCC) +1 260 240-6792

အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ  ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်ထံသို့ သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်ထံသို့ သဝဏ်လွှာပေးပို့

ဇန်နဝါရီ ၂၀ ၊ ၂၀၂၅အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Dato' Seri Anwar Ibrahim ထံသို့ ဇန်နဝါရီ ၇ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။ သဝဏ်လွှာတွင် မလေးရှားနိုင်ငံ​၏ ၂၀၂၅ အာဆီယံ ဥက္ကဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မလေးရှားပြည်သူများအတွက် နှစ်သစ်ကူးဆုတောင်းကို ဖော်ပြထားသည်။ သဝဏ်လွှာထဲတွင် မလေးရှား ၊ မြန်မာနှစ်နိုင်ငံကြားက ဆက်ဆံရေးသည် ခိုင်မြဲအရေးပါပြီး အာဆီယံမှတဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အတူတကွလက်တွဲလုပ်ဆောင်လိုကြောင်းလည်း ပြောဆိုထားသည်။၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့သည် မြန်မာပြည်သူများ​၏ နွေဦးတော်လှန်ရေးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ​၏ မတရားအာဏာရယူထားခြင်းမှ ဒီမိုကရေစီပြန်ရဖို့ ခုခံကာကွယ်တာ ၄ နှစ်ပြည့်ဖြစ်ကြောင်းနှင့် အဆိုပါကာလတွေအတွင်း စစ်တပ်​၏ ရက်စက်ယုတ်မာမှု၊ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုကို အကြမ်းဖက်မှု၊ စီးပွားရေးဆုတ်ယုတ်မှု ၊ နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် ပြည်သူတရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရသည်ဟုလည်း ပါဝင်သည်။ထိုကဲ့သို့ အခက်အခဲများကို မြန်မာပြည်သူလူထုသည် ကြံ့ကြံ့ခံပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖြစ်အောင် စည်းလုံးစွာ ကြိုးပမ်းခဲ့ကြောင်းရေးသားခဲ့ပြီး နွေဦးတော်လှန်ရေးကာလတွေအတွင်း မလေးရှားနိုင်ငံ​၏ မြန်မာပြည်သူများအတွက် ကြိုးပမ်းမှုကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်းနှင့် ဒီမိုကရေစီမိတ်ဖက်အဖြစ် မြန်မာပြည်သူများက မှတ်ယူထားသည်ဟုလည်း ယာယီသမ္မတကြီးက ထည့်သွင်းရေးသားထားသည်။ယခုနှစ်ဟာ အလှည့်အပြောင်းနှစ်ဖြစ်ကြောင်း၊ယခုအခါစစ်တပ်သည် တိုင်းပြည်​၏နယ်မြေထဲက ၂၅ ရာခိုင်နှုန်းထက်လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး အဲ့ဒီ့ရာခိုင်နှုန်းဟာလည်း နေ့စဉ်နဲ့အမျှလျှော့နည်းလျက်ရှိကြောင်း၊  အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသောနေရာဒေသများမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက အစီအစဉ်ချပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ပြုလုပ်ရန်ကြိုးစားနေခြင်းသည် မြန်မာနိုင်ငံ​၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေတခုဖြစ်လာမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေပိုများလာစေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ မတည်မငြိမ်ဖြစ်စေသည်အထိ သက်ရောက်လာလိမ့်မည်ဟု ပြောကြားထားပါသည်။ အာဆီယံအလှည့်ကျဥက္ကဌအနေနှင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ​၏ စစ်မှန်သော သဘောထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အဆိုပါ ခြေလှမ်းများတွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ၊ တိုင်းရင်းသားအဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု​၏ စစ်မှန်သော သဘောထားနှင့်လိုက်လျောညီထွေရှိသော အဖြေများကိုရှာဖွေခြင်းလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်ကြောင်းကိုလည်း ဖော်ပြထားသည်။