ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံပန်ကြားလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံခြားရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက် (၅/ ၂၀၂၄)

(၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်)

===================

ထိုင်းအစိုးရထံသို့ မေတ္တာရပ်ခံပန်ကြားလွှာ

၁။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နှင့်အနီးတဝိုက်ဒေသအတွင်း တော်လှန်ရေးအင်အားစုများ နှင့် အကြမ်းဖက်စစ်အုပ်စုတို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများတွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံ၊ အသက်အိုးအိမ်စည်းစိမ်တို့အား ပစ်မှတ်ထား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့် ချီ၍ တက်ခ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

၂။ ထိုသို့တိမ်းရှောင်ထွက်ပြေးလာသည့် စစ်ဘေးရှောင်ပြည်သူများအတွက် နေရာထိုင်ခင်း စီစဉ်ကာ လိုအပ်သည့်ကယ်ဆယ်ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ပါသော ထိုင်းအစိုးရ၊ ထိုင်းတော်ဝင် တပ်မတော်၊ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တက်ခ်ခရိုင်တာဝန်ရှိသူများအားလုံးကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာပြည်သူများကိုယ်စား အထူးပင်လှိုက်လှိုက်လှဲလှဲကျေးဇူးတင် ရှိပါသည်။ အိမ်နီးချင်းကောင်း ပီသသည့် အဆိုပါဆောင်ရွက်ချက်ကို မိမိတို့ မြန်မာပြည်သူများ အနေဖြင့် အမြဲ အမှတ်ရနေမည် ဖြစ်ပါသည်။ 

၃။ အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူလူထုနှင့် အရပ်ဘက်အဆောက်အအုံ များကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလျက်ရှိရာ စစ်ဘေးရှောင် ပြည်သူ ဦးရေ ဆက်လက်များပြားလာနိုင်ကြောင်း မိမိတို့အနေဖြင့် မှန်းဆထားပါသည်။ 

၄။  ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ နေရာထိုင်ခင်းများအား အရေးပေါ်လိုအပ်နေသည့် ပြည်သူများအတွက်  ကူညီထောက်ပံ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့်လည်း ထိုင်းအစိုးရ၊  သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်း‌ ဆောင်ရွက်သွားရန် အသင့်ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ