(၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org

(၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့် သဝဏ်လွှာ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်

၁။ ကချင်အမျိုးသားခေါင်းဆောင်များသည် အင်္ဂလိပ်နယ်ချဲ့အစိုးရ လက်အောက်မှ လွတ်လပ်ရေးကို အတူတကွ ရယူရန်အတွက် အခြားတိုင်းရင်းသားများနှင့်အတူ ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ သို့ရာတွင် ပင်လုံစာချုပ်ပါ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်တို့ကို ရှုံးဆုံးခဲ့ရသည့်အတွက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ စတင်ကာ လက်နက်ကိုင် တော်လှန်လာခဲ့ကြရာ ယနေ့သည် ကချင်တော်လှန်ရေး၏ (၆၁) နှစ်မြောက်သော နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါသည်။

၂။ နှစ်ပေါင်း (၆၁) နှစ်အတွင်း အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး အတွက် တိုက်ပွဲဝင်ရင်း စွန့်လွှတ်စွန့်စား အသက်ပေးသွားကြသည့် ကချင့်တော်လှန်ရေး ရဲဘော်များနှင့် ကချင့်အာဇာနည်များကိုသာမက တော်လှန်ရေးကာလတစ်လျှောက် အနှစ်နာခံပေးဆပ်ခဲ့ကြသည့် မိသားစုဝင်များနှင့် ကချင်ပြည်သူလူထုအပေါင်းကို ကိုယ်ချင်းစာ အသိအမှတ်ပြုလျက် အလေးအနက် ဦးညွတ်ဂုဏ်ပြုလိုက်ပါသည်။ 

၃။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုမှ နိုင်ငံတော် အာဏာကို လက်နက်အားကိုး ထပ်မံသိမ်းပိုက်လိုက်ခြင်းကြောင့် မြန်မာလူထုတစ်ရပ်လုံးသည် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြ ဆန့်ကျင်ခဲ့ကြပါသည်။ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြ ကြသည့် ပြည်သူလူထုတစ်ရပ်လုံးအား အာဏာသိမ်းစစ်အုပ်စုသည် အကြမ်းဖက်သတ်ဖြတ်ခြင်း နှင့် မတရားရိုက်နှက်ဖမ်းဆီးထောင်ချခြင်းတို့ကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်သာမက ပြည်သူ့အိုးအိမ်စည်းစိမ်များကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီး လျက်ရှိသည်။ အကြမ်းဖက် စစ်တပ်၏ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအား တိုင်းရင်းသားပြည်နယ် များတွင် ဆယ်စုနှစ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရပြီး ဖြစ်သည်။ ခေတ်အဆက်ဆက်အာဏာရှင်များ၏ သတင်းအမှောင်ချမှု၊ ရည်ရွယ်ချက်ချက်ရှိရှိ မှားယွင်းစွာ ဝါဒဖြန့်မှုများကြောင့် တိုင်းရင်းသားများ၏ လက်နက်ကိုင်တော်လှန်မှုအား အဖျက်အမှောင့်လုပ်ရပ်အဖြစ် ရှုမြင်ခဲ့ကြသည့် ပြည်မနေ ဗမာလူထုအများစုသည် ယခုအခါ အကြမ်းဖက်စစ်တပ်၏ လူမဆန်သည့် လုပ်ရပ်များအား မျက်မြင်ကိုယ်တွေ့ ခံစားနေရကြရလျက်ရှိပြီး တိုင်းရင်းသားများ၏ နစ်နာမှုများအား ကွက်ကွက် ကွင်းကွင်း သိမြင် ကိုယ်ချင်းစာလျက် ရှိနေကြပြီး ဖြစ်ပါသည်။ 

၄။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူများနှင့် တစ်သမတ်တည်း ရပ်တည်လျက် ရှိသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) နှင့် ကချင်အမျိုးသားခေါင်းဆောင်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစဉ်အမြဲ သတိတရကျေးဇူးတင်ရှိလျက်ရှိပြီး အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ဦးတည်ဆောင်ရွက်နေသည့် အနာဂတ် မြန်မာနိုင်ငံသစ်ထူထောင်မည့် တော်လှန်ရေးခရီးတွင် အမြဲလက်တွဲကာ ‌အောင်ပန်းဆွတ်ခူးသည်အထိ အတူတကွ ဆက်လက်ဆင်နွှဲကြပါစို့ဟု တိုက်တွန်းရင်း ယနေ့ကျရောက်သည့် (၆၁) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို အလေးအမြတ် ဂုဏ်ပြုလိုက်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်