အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား

အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၁/၂၀၂၄)၁၃၈၅ ခုနှစ်၊ နတ်တော်လဆုတ် ၅ ရက်(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်)အမျိုးသားညီညွတ်ရေးအစိုးရ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထား1။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူကို ဗဟိုပြုသည့် စံတန်ဖိုးများကို ဖော်ဆောင်သော ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရန် ရည်မှန်းထားသည်နှင့်အညီ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ချမှတ် လိုက်နာကျင့်သုံးလျက်ရှိသည်။2။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နှစ်နိုင်ငံအကြား သမိုင်းကြောင်း အရ အလွန်ခိုင်မာ၍ နီးကပ်သည့်ဆက်နွှယ်မှု အစဉ်အလာများရှိသည်သာမက တရုတ်နိုင်ငံသည် ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသည့်နိုင်ငံဖြစ်သည်ဟု ခံယူသည်။3။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နယ်နိမိတ်အားဖြင့် ကီလိုမီတာ နှစ်ထောင်ကျော် ထိစပ်လျက်ရှိပြီး၊ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲ နေထိုင်သွားရမည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား စစ်မှန်သည့် “ဆွေမျိုး-ပေါက်ဖော်” ဆက်ဆံရေးတည်ဆောက်သွားမည်။ တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး မြန်မာနိုင်ငံက အမြဲ ကြိုးပမ်း၊ ရပ်တည်မည်။4။ တရုတ် တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်။ 5။ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ပြည်သူနှင့်ပြည်သူ ဆက်ဆံရေးကို အလေးထားလျက် အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် မြှင့်တင်၊ ဆောင်ရွက်သွားမည်။6။ နှစ်နိုင်ငံကြား လူမှုစီးပွားအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို အစဉ်သဖြင့် ထိန်းသိမ်း၊ မြှင့်တင်၊ ဆောင်ရွက်သွားမည်။7။ နှစ်နိုင်ငံပြည်သူများ၏အကျိုးစီးပွားဖြစ်ထွန်းရေးကိုမျှော်ရည်လျှက် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံ၏ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုများနှင့် အခြားလူမှုစီးပွားလုပ်ငန်းများ၏ လုံခြုံရေး ကို ထိန်းသိမ်းကာကွယ်မည်။8။ အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မည်သည့် အဖွဲ့ အစည်းကိုမျှ မြန်မာ့ပိုင်နက်အတွင်း အခြေချခွင့်မပြု။ 9။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမတိုင်ခင် နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်များ အပါအဝင် နှစ်နိုင်ငံကြား သဘောတူချုပ်ဆိုခဲ့သည့် စာချုပ်များအားလုံးကို မြန်မာနိုင်ငံမှ တာဝန်ယူ ဆက်ခံမည်။10။ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေး နှင့် လုံခြုံရေးသာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ  ထိခိုက်စေသည့် ကျားဖြန့် အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းများကို တရုတ်နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း၍ တိုက်ဖျက်သွားမည်။နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ / ၂၀၂၄ )

နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ / ၂၀၂၄ )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသားညီညွတ်ရေးအစိုးရနှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ( ၁ /  ၂၀၂၄ )၁၃၈၅ ခုနှစ်၊ နတ်တော်လဆုတ် ၅  ရက်နေ့(၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်)စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်နေကြသော တော်လှန်ရေး အင်အားစု အသီးသီးကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဤ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက် ကို ထုတ်ပြန်အပ်ပါသည်။၁။ အကြမ်းဖက် စစ်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ယနေ့ထိတိုင် သုံးနှစ်နီးပါးကြာ နည်းလမ်း ပေါင်းစုံဖြင့် ပြည်သူလူထုတရပ်လုံး ကြိုးပမ်းတော်လှန်ခဲ့ကြသော တော်လှန်ရေးကြီးသည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအင်အားစုအားလုံး၏ စုစည်းညီညွတ်မှုဖြင့် ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတို့နှင့်အတူ နိုင်ငံတဝန်း အချိန်ကိုက်ထိုးစစ်များဖြင့် သိသာထင်ရှား၍ လက်တွေ့ကျသည့် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ပါသည်။ ၎င်းအောင်မြင်မှုများသည် ပြည်သူလူထု၏ မဆုတ်မနစ်သော ထောက်ခံအားပေးမှု၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ သမိုင်းတွင်သော ပူးပေါင်းစွမ်းဆောင်မှုနှင့် ပြည်တွင်း၊ ပြည်ပမှ နိုင်ငံသားများ၏ ကူညီပံ့ပိုးမှုတို့ကြောင့်ဖြစ်ကြောင်း ကျွန်ုပ်တို့က လေးစားစွာ မှတ်တမ်းတင်အပ်ပါ သည်။ ၂။ ပြည်သူ့ခုခံတွန်းလှန်စစ်၏ ထင်ရှားသောအောင်မြင်မှုမှာ အကြမ်းဖက်စစ်အုပ်စု၏ ထိန်းချုပ် နယ်မြေများ တစတစ လျော့နည်းလာပြီး၊ နိုင်ငံတဝန်း ဒေသအသီးသီး၌ တော်လှန်ရေး အင်အားစု များ၏ စိုးမိုးနယ်မြေများ နေ့စဉ်နှင့်အမျှ ကျယ်ပြန့်လာသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ အရေးပါ သည့် စစ်စခန်းအများအပြားကိုလည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ၃။ တချိန်တည်းမှာပင် အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူသန်းနှင့်ချီ၍ အကြမ်းဖက်စစ်အုပ်စု၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ကြရသည်ဖြစ်ရာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများအပြား လိုအပ်နေပါသည်။ ဒေသတွင်းနိုင်ငံ များအပါအဝင် နိုင်ငံတကာအစိုးရများက ကျွန်ုပ်တို့နှင့် တိုက်ရိုက်ချိတ်ဆက် ကူညီပေးကြရန် လိုအပ် ပါသည်။ ၄။ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများကို နေ့စဉ်နှင့်အမျှ ရက်စက်စွာ ကျူးလွန် နေသည့်ကြားမှ ပြည်သူလူထုတရပ်လုံးက “လူထုတိုက်ပွဲ” မျက်နှာစာတွင် ယင်းတို့အား အကြမ်း မဖက် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ၊ ဘူးသပိတ်များ၊ ပူးပေါင်းဆောင်ရွက်မှု လုံးဝ မပြုရေးမူစသည့် နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်လျက်ရှိသည့် နှလုံးရည်တိုက်ပွဲကို ကျွန်ုပ်တို့က လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ထို့အပြင် “စီးပွားရေး/ဘဏ္ဍာရေး” မျက်နှာစာတွင်လည်း နိုင်ငံ တကာအစိုးရများ၏ ပိတ်ဆို့အရေးယူခြင်းတို့အပါအဝင် တော်လှန်ရေးအင်အားစုများက အကြမ်းဖက် စစ်အုပ်စု၏ အဓိက စီးပွားရေးထောက်တိုင်များအား ထိရောက်စွာ ဖြိုဖျက်တိုက်ခိုက်လျက် ရှိကြောင်း ပြည်သူလူထုအား အသိပေးတင်ပြအပ်ပါသည်။၅။ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ဒေသတခု လုံးတည်ငြိမ် အေးချမ်း ဖွံ့ဖြိုးရေးအတွက် ကျွန်ုပ်တို့နှင့်အတူ မြန်မာပြည်သူတရပ်လုံးတွင် ခိုင်မာသော စိတ်ဓာတ်နှင့် တိကျသောပန်းတိုင် ရှိပြီးဖြစ်ပါသည်။ ယင်းတို့ကို ဖော်ဆောင်ရာတွင် အကြမ်းဖက် စစ်အုပ်စုသည် အဓိကအဟန့်အတားဖြစ်သည်။ စစ်အာဏာရှင် ခေတ်အဆက်ဆက် ဆယ်စုနှစ်ပေါင်း များစွာ ငြိမ်းချမ်းရေးကို လုံးဝမတည်ဆောက်နိုင်ခဲ့ပါ။ ထို့အပြင် စစ်အာဏာရှင်၏ လက်ဝေခံများဖြစ် သော နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များနှင့် အခြားအင်အားစုများသည် တရားမဝင် လုပ်ငန်းများ ဖြင့် ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးမှုကို ကြီးမားစွာ အနှောက်အယှက် ဖြစ်စေပါသည်။ NUCC၊ NUG နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ဒေသအသီးသီးမှ တော်လှန် ရေးအင်အားစုအားလုံးသည် အကြမ်းဖက်စစ်အုပ်စု၏ ဒေသတွင်း ခြိမ်းခြောက်မှု ဖြစ်စေသော အခြေအနေများကို ကောင်းစွာသတိပြုမိပြီး၊ နိုင်ငံတွင်းနှင့် ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့ကို အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံတကာနှင့် ဒေသတွင်း နိုင်ငံ များ၏ အားပေးထောက်ခံမှုရရန် လိုအပ်ကြောင်း အသိပေးအပ်ပါသည်။  ၆။ ယခုအခါ ကျွန်ုပ်တို့တော်လှန်ရေး အင်အားစုများအကြား ဘုံနိုင်ငံရေးသဘောတူညီချက်တရပ် အမြန်ဆုံးရရှိရန် အရှိန်အဟုန်မြှင့်ပြီး ကြိုးပမ်းဆောင်ရွက်နေပါသည်။ တော်လှန်ရေးအင်အားစု အသီး သီး၏ ထိန်းချုပ်ဒေသများတွင် ဒေသန္တရအုပ်ချုပ်ရေး၊ လူသားမျိုးနွယ် လုံခြုံရေးနှင့် အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်ရေးအစီအမံများအတွက် ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်မှုများလည်း စဉ်ဆက် မပြတ်ရှိနေပါသည်။ ၎င်းအပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ပေါက် ရေးအတွက်လည်း လိုအပ်သောပြင်ဆင်မှုများကို ဆောင်ရွက်နေပါသည်။ အကြမ်းဖက်စစ်အုပ်စုပြိုကျ ပြီးသည့် တော်လှန်ရေးအလွန်ကာလအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အပါအဝင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြန်လည်ထူထောင်ရေး အစီအမံများကိုလည်း တော်လှန်ရေးအင်အားစု များအကြားညှိနှိုင်းဆွေးနွေးလျက်ရှိပါသည်။ ဤသည်တို့မှာ တော်လှန်ရေးအလွန်ကာလတွင် တန်းတူ ညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဌာန်းမှုတို့ကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ညီညွတ်ရေးတို့ ပိုမိုအားကောင်းလာစေ ရန်အတွက်လည်း ကျွန်ုပ်တို့၏ အထူးသတိထား ဆောင်ရွက်ချက် ဖြစ်ကြောင်း နိုင်ငံတကာ အစိုးရများ နှင့်တကွ တိုင်းရင်းသားပြည်သူတရပ်လုံးအား အသိပေးအပ်ပါသည်။ ၇။ နွေဦးတော်လှန်ရေးသည် အမျိုးသမီးများအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံ၊ လူထုလူတန်းစား အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်သည့် တော်လှန်ရေး အင်အားစုများအကြား ပူးပေါင်းဆောင်ရွက်မှု၊ စုပေါင်းခေါင်းဆောင်မှု (coordinated and collective leadership) တို့ဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး သန္နိဌာန်ဖြင့် မဆုတ်မနစ် ဆင်နွှဲနေသည့် တန်ဖိုးကြီးမားသော တော်လှန်ရေးကြီးဖြစ်ကြောင်း အထင်အရှား တွေ့မြင်နိုင်ပါသည်။၈။ အကြမ်းဖက်စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက်အမိန့်နာခံနေကြသော စစ်ဗိုလ်ချုပ်ကြီး များနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားများအား ဤနှစ်သစ်ကူးကြေညာချက်ဖြင့် အသိပေးလို သည်မှာ နိုင်ငံကိုသာမက စစ်တပ်ကိုပါ အလုံးစုံပျက်သုဉ်းအောင် ပြုလုပ်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့၏ အကြမ်းဖက်လူသတ်ဝါဒ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန် သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုတို့ကို ဆက်လက်ကျူးလွန်ရန် အမိန့်ပေးစေခိုင်းမှုတို့ကို ကျောခိုင်း ၍ အချိန်မနှောင်းမီ ပြည်သူ့ဘက်က အမြန်ဆုံး ရပ်တည်ကာ နည်းမျိုးစုံဖြင့် ပြန်လည် ဆန့်ကျင် တော်လှန်ကြရန် တိုက်တွန်းလိုက်ပါသည်။ ၉။ ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးအတွက် အပြီးသတ်အောင်ပွဲခံမည့်နှစ်ဖြစ် စေရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။ ပြည်သူလူထုတရပ်လုံး ဤနှစ်သစ်တွင် ဘေးကင်းကျန်းမာလုံခြုံစွာဖြင့် နွေဦးတော်လှန်ရေး အောင်ပွဲ ကို အတူပါဝင်ဆင်နွှဲနိုင် ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ အရေးတော်ပုံ မုချ အောင်ရမည်။တော်လှန်ရေးသစ္စာဖြင့်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရဆက်သွယ်ရန် (Signal)(၁) ဦးတိုးကျော်လှိုင် +1 260-240-6792(၂) ဇက်နန်ရော် +1 540-214-4843(၃) ဦးကျော်ဇော် +1‪6475353518 ‬(၄) ဦးနေဘုန်းလတ် +66654867824

"မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"

"မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပူးတွဲ ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၂၃)၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်) "မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်"၁။ ဝေလူးကျေးရွာသည် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အစပ် မတူပီမြို့နယ်မှ မိုင် (၄၀) ခန့် အကွာတွင် တည်ရှိကာအိမ်ခြေ (၈၀) ခန့်ရှိသော ကျေးရွာဖြစ်ပြီး ရွာအနေအထားမှာ အိမ်များကို နီးနီးကပ်ကပ် ထူထူထပ်ထပ် ဆောက်ထားသည့်ရွာဖြစ်၍ လူဦးရေမှာ အတန်အသင့် အနေများပြီး Dai (ဒိုင်) လူမျိုးအများစုနေထိုင်ကြကာ ဒေသခံကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတစ်ကြိမ်တစ်ခါမျှ ဖြစ်ပွားခဲ့ခြင်းမရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။၂။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၊ ညနေ (၁၈း၄၀) နာရီ အချိန်ခန့်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ ချင်းပြည်နယ်တောင်ပိုင်း မတူပီခရိုင်၊ မတူပီမြို့နယ် ဝေလူးကျေးရွာအလယ်သို့ တိုက်လေယာဉ်နှစ်စီးအသုံးပြုကာ တစ်စီးက Cluster Bomb ကဲ့သို့ ဆင့်ပွါးပြန်လည်ပေါက်ကွဲသည့်ဗုံးဖြင့် ဗုံးကြဲချပြီး ကျန်လေယာဉ် (၁) စင်းမှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ကလေးငယ် (၈) ဦး အပါအဝင် ပြည်သူ (၁၁) ဦး သေဆုံးခဲ့ပြီး အသက် (၅) နှစ် အရွယ်ကလေးအပါအဝင် (၄) ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ ပါသည်။ ဝေလူးကျေးရွာဒေသခံများဖြစ်သည့် ဦးဟာလောင်း (၃၄)နှစ် နှင့်သား(၃)ဦးဖြစ်သည့် မောင်ရှမွေလ(၁၂)နှစ်၊ မောင်ကီးနွန်(၉)နှစ်၊ မောင်ညဏ်ဝင်းအောင်(၅)နှစ် တို့သေဆုံးသွား ခဲ့ပြီး  ဦးဟာလောင်း၏ဇနီးတွင်တစ်ကိုယ်လုံးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ ထို့အပြင် ဦးမိခ်ကာ၏ သားသမီးများဖြစ်သော မောင်ထန်ဟုန်း (၁၁) နှစ်၊ မောင်ဘွေကုန်းထန် (၇) နှစ်၊ မဇွန်လီဆန်း (၇) နှစ် တို့လည်း သေဆုံးခဲ့ပြီး အခြားသေဆုံးသူများမှာ ဦးသဲမ်းနိုင် (၃၅) နှစ် ၊ ဦးအွမ်စာ (၆၅) နှစ်၊ မလီလီမိုး (၅) နှစ်နှင့် မခိုင်ဇသင် (၁၁) နှစ်တို့ဖြစ်ပါသည်။၃။ အကြောင်းမဲ့လေကြောင်းမှတဆင့် ဗုံးကြဲခံရမှုကြောင့် ဒေါ်ခေးချိန်း၊ ဒေါ်နှီးချောမ်၊ ဒေါ်ပါမ်ဆောမ်၊ မလီကွီး(၅)နှစ် တို့သည်အပြင်းအထန်ဒဏ်ရာရရှိသောကြောင့် ဆေးကုသမှု ခံယူလျက်ရှိပြီး ဝေလူးကျေးရွာ အတွင်းရှိ BCM.ဘုရားကျောင်း (၁)ဆောင်၊ စာသင်ဆောင် (၂) ဆောင်နှင့်  သွပ်မိုးပျဉ်ထောင်အိမ် (၁၈) လုံးတို့ပျက်စီးခဲ့ပြီး အုတ်ညှပ်အိမ် (၄)လုံး မီးလောင်ကျွမ်း ခဲ့သည်။၄။ အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်သော စစ်ဘေးရှောင်စခန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်စွာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်။ အရပ်သားပြည်သူများ၏ ထိခိုက်ဆုံးရှုံးမှု အပေါ် ထပ်တူနာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေး နိုင်ရေး အတူတကွ အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ပညာရေးဝန်ကြီးဌာနအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

"အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံသို့ရောက်ရှိ"

"အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံသို့ရောက်ရှိ"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် ရောက်ရှိပြီး ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ရုံးအဖွဲ့ဝင်အချို့မှ သွားရောက် ကြိုဆိုနှုှုဆက်ခဲ့ကြပါသည် ။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဂျပန်နိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း လက်ရှိမြန်မာနိုင်ငံအတွင်း ပြည်သူလူထုကြုံတွေ့ခံစားနေရသော ပကတိအခြေအနေမှန်များ ၊အမျိုးသားညီညွတ်ရေးအစိုးရ​၏ နိုင်ငံခြားရေးမူဝါဒများကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊သတင်းမီဒီယာများနှင့်တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပါသည် ။ထို့အပြင် ဂျပန်နိုင်ငံသို့ရောက်ရှိနေကြသော ပြည်ထောင်စုမြန်မာနိုင်ငံသားများ ၊မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံသော အဖွဲ့အစည်းများနှင့်လည်း ရင်းရင်းနှီးနှီး တွေ့ဆုံသွားနိုင်ရန်အတွက် ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ စီစဉ်ဆောင်ရွက်လျှက်ရှိပြီး အသေးစိတ်အစီအစဉ်များ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရဂျပန်ကိုယ်စားလှယ်ရုံး

ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက် ထောက်ပံ့ပေးလျက်ရှိ

ရှမ်းပြည်မြောက်ပိုင်း စစ်ဘေးရှောင် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆက်လက် ထောက်ပံ့ပေးလျက်ရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး ညီနောင်မဟာမိတ် (၃)ကစတင်သည့် “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ PDF ပူးပေါင်းတပ်များကပါ စစ်ဆင်ရေးတွင် နေရာအနှံ့က ပါဝင်တိုက်ပွဲဝင်လျက်ရှိရာ မြန်မာနိုင်ငံတဝှမ်းတွင် အချိန်ကိုက်ပူးပေါင်း စစ်ဆင်ရေးများမှသည် အောင်မြင်မှုများဆက်လက် ရရှိလျက်ရှိပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ အရပ်သားပြည်သူများ ထိခိုက်ခံစားရမှုအနည်းဆုံး ဖြစ်စေရန်အတွက် လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများနှင့် ကျဆုံး/ ထိခိုက်ဒဏ်ရာရသူများကို လူသားချင်းစာနာမှု အကူအညီများကို ပံ့ပိုးပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ လူသားစာနာအကူအညီထောက်ပံ့မှုအဖြစ် စုစုပေါင်းငွေကျပ် (၃၀,၉၅၀,၀၀ဝိ/-) ကိုလူသားစာနာဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့ပြီး ဆက်လက်၍လည်း ထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် လတ်တလော စစ်ရှိန်မြင့်နေသည့် မြန်မာနိုင်ငံအဝှမ်း နေရာအနှံ့အပြားရှိ ဒေသများဖြစ်သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင်လည်း အရေးပေါ်လူသားချင်းစာနာမှု အကူအညီများထောက်ပံ့ပေးလျက်ရှိပြီး တော်လှန်ရေးကာလအတွင်း ပြည်သူများလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရမည့် “နွေဦးတော်လှန်ရေး ပြည်သူ့လက်စွဲ" ပါအချက်အလက်များကို တိုက်တွန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါနေရပ်စွန့်ခွာပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် လူသုံးကုန်ပစ္စည်းများ၊ ကျန်းမာရေး ဆိုင်ရာစောင့်ရှောက်မှု လိုအပ်ချက်များကိုလည်း ပူးပေါင်းပါဝင်ပံ့ပိုးကြဖို့ အလေးအနက်ထား တိုက်တွန်းအပ်ပါတယ်။

UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များအား ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ခြင်းနှင့် ပတ်သက်သည့် ပူးတွဲထုတ်ပြန်ကြေညာချက်

UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များအား ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ခြင်းနှင့် ပတ်သက်သည့် ပူးတွဲထုတ်ပြန်ကြေညာချက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ (United Nations-UN) နှင့်  အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) ၏ ဝန်ထမ်းများနှင့် မိသားစုဝင်ပေါင်း (၂၂၈) ဦးအား ဘေးကင်းလုံခြုံစွာဖြင့် ရွှေ့ပြောင်းနိုင်ရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံမှ စစ်ဆင်ရေးမှူးများ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့အကြား ညှိနှိုင်း၍ ပစ်ခတ်တိုက်ခိုက်မှုကို လျော့ချကာ စီစဉ်ပေးခဲ့ကြသည်။ ထိုသို့ စီစဉ်ပေးမှုကြောင့် အထက်ပါ UN နှင့် INGO  ဝန်ထမ်းများနှင့် မိသားစုဝင်များလိုက်ပါသော မော်တော်ယာဉ် (၃၃) စီးပါ ယာဉ်တန်းသည် လွိုင်ကော်မြို့မှ ထွက်ခွာ၍ တောင်ကြီးမြို့သို့ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။ ထိုကဲ့သို့ UN နှင့် INGO များ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ခဲ့သော်လည်း လွိုင်ကော်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေဆဲဖြစ်ပြီး အန္တရာယ်ဇုန်အတွင်း ရှိနေကြဆဲ ဖြစ်သည်။ ထို့အပြင် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည့် ပြည်သူဦးရေ (၃၅,၀၀၀) ကျော်အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာများလည်း အရေးပေါ်လိုအပ်နေပါသည်။ ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်အတွက် UN အပါအဝင် INGO များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် လွိုင်ကော်မြို့တွင်း ပိတ်မိနေသော ပြည်သူများကို ဘေးလွတ်ရာသို့  ထွက်ခွာခွင့် ပေးရန်လိုအပ်သည်။ မြေပြင်တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အားလုံးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)    တို့က အထူးပင် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)

သတင်းထုတ်ပြန်ချက် ၀၆/၂၀၂၃

သတင်းထုတ်ပြန်ချက် ၀၆/၂၀၂၃

၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ (၁၀)ရက်အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန်  မြန်မာ့ဒီမိုကရေစီရေး ကနေဒါ လွှတ်တော်မိတ်ဆွေများ အဖွဲ့ (Parliamentary Friends of a Democratic Burma ) က ကနေဒါအစိုးရကို တိုက်တွန်းသည့်ထုတ်ပြန်ချက် နိုဝင်ဘာလ(၉)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် လူမှုဘ၀ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် ကနေဒါအစိုးရအနေဖြင့် အဓိကလုပ်ဆောင်ရမည့် အောက်ပါအချက်(၃)ချက်ကို အဆိုပါထုတ်ပြန်ချက်တွင် အကြံပြုတိုက်တွန်းထားပါသည်။(၁) အမျိုးသားညီညွတ်ရေးအစိုးရနှင့်မဟာမိတ်များ ထိန်းချုပ်ထားသည့် ဒေသများကို တိုက်ရိုက်အကူအညီများပေးအပ်ရန်(၂) အဆိုပါဒေသများအတွင်း လေကြောင်းရန် အန္တရာယ်သတိပေးချက်စနစ်များ၊အခြေခံအဆောက်အအုံများနှင့်သတင်းအချက်အလက်ရရှိနိုင်ရေးတို့အတွက်အကူအညီများပေးအပ်ရန်(၃) ကနေဒါအစိုးရအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာနိုင်ငံဧ။်တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်သွားရန် တို့ဖြစ်ပါသည်။စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေခြင်းကြောင့် မြန်မာပြည်သူများအတွက် လေကြောင်းရန်အန္တရာယ်ကြိုတင်သတိပေးချက်စနစ်များကို အဓိက ဦးစားပေးကူညီပေးသွားရန်လည်း တိုက်တွန်းထားပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတအကြံပေးနှင့် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော်တို့သည် ကနေဒါ လွှတ်တော်မိတ်ဆွေများ အဖွဲ့ ၏ လွှတ်တော်အမတ်များအပါအဝင် မြန်မာ့အရေးကို တက်ကြွစွာလှုပ်ရှားနေသော ကနေဒါလွှတ်တော်အမတ်များနှင့် အောက်တိုဘာလ (၂၅ )ရက်နေ့က ပါလီမန်အဆောက်အအုံတွင်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုအပြီး သီတင်းနှစ်ပတ်ကျော်အကြာတွင် ယခုကဲ့သို့ ကနေဒါအစိုးရကို တိုက်တွန်းသည့်ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

“သတင်းထုတ်ပြန်ချက်”

“သတင်းထုတ်ပြန်ချက်”

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် Stimson Center သုတေသနအဖွဲ့အစည်းက ကမကထပြုစီစဥ်သည့် နိုဝင်ဘာ ၈ ရက်နေ့ ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ပါဝင်ဆွေးနွေးခဲ့ပါသည်။"Operation 1027: Implications for the Military Junta in Myanmar" ဆိုသည့်ခေါင်းစဥ်ဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး လက်ရှိတွင် ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့များအပါအဝင် ပူးပေါင်းတပ်ဖွဲ့များ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေး၏ ထူးခြားမှုနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ပါဝင်သူများက ဆွေးနွေးခဲ့ကြပါသည်။ဆွေးနွေးပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နှင့်အတူ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ (USIP) ၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Priscilla Clapp ၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုကျော်ဆန်းလှိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။သမ္မတရုံးပြောခွင့်ရ၏ ဆွေးနွေးချက်များထဲမှ အဓိကအချက်အချို့ကို အောက်တွင်ကောက်နုတ်ဖော်ပြ လိုက်ပါသည်။♦ ၁၀၂၇ စစ်ဆင်ရေးသည် သမားရိုးကျ စစ်ဆင်ရေးတခုမဟုတ်ပါ။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆိုသည့် နိုင်ငံရေးရည်မှန်းချက်ပါရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။♦ အဖိနှိပ်ခံတိုင်းရင်းသားများ လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ဖယ်ရှားနိုင်ရေး အတွက် ၁၀၂၇ စစ်ဆင်ရေးအပါအဝင် အခြားစစ်ဆင်ရေးကြီးများကို ဖော်ဆောင်နေခြင်း ဖြစ်ပါသည်။♦ ၁၀၂၇ စစ်ဆင်ရေးသည် လူမျိုးစုများကြား ညီညွတ်ရေးအင်အားကို အထင်အရှား ပြသခြင်းဖြစ်သလို အကြမ်းဖက်စစ်ကောင်စီ၏ အင်အားချိနဲ့မှုကိုလည်း ဖွင့်ချလိုက်ခြင်းဖြစ်သည်။♦ လူသားစာနာမှုအထောက်အကူရရှိရေး၊ ပူးပေါင်းပါဝင်မှု အားကောင်းသော အင်စတီကျူးရှင်းများ  တည်ထောင်ရေးနှင့် စစ်အာဏာရှင်အလွန် အသွင်ကူးပြောင်းရေးကာလအတွက် မြန်မာနိုင်ငံအနေဖြင့် အကူအညီများ လိုအပ်ပါသည်။♦ အကြမ်းဖက်စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်များနှင့် တည်ငြိမ်မှု ကင်းမဲ့စေသည့် အခြေအနေများကို ပိုမိုဖန်တီးပြီး ဖမ်းဆီးသတ်ဖြတ်မှုများကို ဆက်တိုက်ကျူးလွန်နေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ခုခံတွန်းလှန်ရေးတပ်ဖွဲ့များက အဆိုပါ ဆိုးရွားသည့် အခြေအနေများ အဆုံးသတ်သွားစေရန် တိုးမြှင့်လုပ်ဆောင်နေပါသည်။♦ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တည်ငြိမ်မှုတို့ကို အာမခံသည့် ငြိမ်းချမ်းသော မြန်မာနိုင်ငံတော်သစ် တည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် တိုင်းရင်းသားလူမျိုးစုမဟာမိတ်များ၊ မြန်မာ့အိမ်နီးချင်းများနှင့် ပိုမိုတိုးတက်ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်သွားရန် အခိုင်အမာ သန္နိဋ္ဌာန်ချထားပါသည်။နိုင်ငံတော်သမ္မတရုံးအမျိုးသားညီညွတ်ရေးအစိုးရ