(၂၂) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://www.nugmyanmar.org

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က

(၂၂) နှစ်မြောက် ကယန်းအမျိုးသားနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၀) ရက်

၁။ ယနေ့ကျရောက်သည့် (၂၂) နှစ်မြောက် ကယန်းအမျိုးသားနေ့အချိန်အခါသမယတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ၌ရောက်ရှိနေထိုင်နေကြသော ကယန်းအမျိုးသမီး၊ အမျိုးသားများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

၂။ ကယန်းလူမျိုးသည် ကရင်နီအမျိုးသားအုပ်စုတွင်ပါဝင်သည့် လူမျိုးတစ်မျိုးဖြစ်သည်။ ကယန်းလူမျိုး အပါအဝင်ဖြစ်သော ကရင်နီအမျိုးသားအုပ်စုသည် ကရင်အမျိုးသားအုပ်စု၊ ပအိုဝ်းအမျိုးသားအုပ်စုတို့နှင့်အတူ လူမျိုးတူစုဖြစ်ပြီး ဘာသာစကားရင်းအရ  (၇၅) ရာခိုင်နှုန်းကျော်တူညီကြောင်းသိရှိရသည်။ ထို့အတူ ကယန်း လူမျိုးများအနေဖြင့် ခရစ်နှစ် ၁၀၅၇ တွင် ကရင်နီပြည်အဖြစ် စတင်ထူထောင်ကြရာ၌ လည်းကောင်း၊ ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ဗြိတိသျှအစိုးရနှင့် မင်းတုန်းမင်းတို့က ကရင်နီပြည်ကို သီးခြားလွတ်လပ်သော ပြည်အဖြစ် အသိအမှတ်ပြုလာခဲ့ပြီးနောက်တွင်လည်းကောင်း အခြားသော ကရင်နီအမျိုးသားအုပ်စုဝင် လူမျိုး များနှင့်အတူတကွ အေးအတူပူအမျှ နေထိုင်လာခဲ့ကြသည်။

၃။ ခရစ်နှစ် ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ (၈-၁၀) ရက်များအတွင်း ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်း ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင်နေထိုင်သည့် ကယန်းလူမျိုးခေါင်းဆောင်များ၊ ကယန်းလူမျိုးနွယ်စု (၄) မျိုး ဖြစ်သော ကယန်းကငန်၊ ကယန်းကဲဒေါ့၊ ကယန်းလထာနှင့် ကယန်းကခေါင်းတို့မှ ခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ ကယန်းလူမျိုးဆရာတော်ကြီးများ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များစုဝေးကာ ကယန်းလူမျိုးအတွက် အရေးကြီးသည့်ဆုံးဖြတ်ချက် (၃) ရပ်ဖြစ်သော လက်တင် အက္ခရာဖြင့်အသုံးပြုထားသည့်စာကို ပြုပြင်မွမ်းမံ၍ ကယန်းအမျိုးသားစာပေအဖြစ် အတည်ပြုခြင်း၊ ကယန်း ကငန်၊ ကယန်းကဲဒေါ့၊ ကယန်းလထာနှင့် ကယန်းကခေါင်းဟူသည့် မျိုးနွယ်စုများသည် ကယန်းအမျိုးသား တစ်ခုတည်းအဖြစ် ခံယူအတည်ပြုခြင်းနှင့် ကယန်းအမျိုးသားအလံတော်ကို အတည်ပြုခြင်းတို့ဖြစ်သည်။ ယင်းနှစ် ဧပြီလ (၁၀) ရက်နေ့တွင် ကယန်းအမျိုးသားနေ့ကို ပထမဆုံးအကြိမ်စတင်ကျင်းပလာခဲ့ပြီး ယခု အခါ (၂၂) နှစ် ပြည့်မြောက်ပြီဖြစ်သည်။

၄။ ကယန်းလူမျိုးတို့၏ အန္တိမရည်မှန်းချက်မှာ အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်နီအမျိုးသားဖြစ်သော ကယန်းလူမျိုးတို့ နေထိုင်ရာဒေသသည် ကရင်နီပြည်အတွင်း ပြန်လည်စုစည်းရောက်ရှိရေးဖြစ်ကြောင်း သိရှိရသည်။ ယင်းအတွက် ကယန်းပြည်သစ် ပါတီအပါအဝင် ကယန်းနိုင်ငံရေးအင်အားစုများက ဦးစီးဦးဆောင်ပြု ကြိုးပမ်းလျက်ရှိသည်ကိုလည်း တွေ့ရ ပေသည်။

၅။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထပ်မံလုယူ သိမ်းပိုက်ရန် ကြိုးစားလာခဲ့သောအခါ ကယန်းလူမျိုးများစွာက လက်မခံဘဲ ဆန့်ကျင့်ခဲ့ကြသည်။ ယခုအခါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုကြသည့် ကယန်းလူမျိုးများအနေဖြင့် လက်တွေ့ ကျသည့် နိုင်ငံရေးအခင်းအကျင်းထဲသို့ ဝင်ရောက်ဆင်နွှဲနေကြသည်ကို တွေ့ရသည့်အတွက်လည်း များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

၆။ ယနေ့ကျရောက်သည့် (၂၂) နှစ်မြောက် ကယန်းအမျိုးသားနေ့မှစ၍ စစ်အာဏာရှင်ချုပ်ငြိမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကယန်းအမျိုးသမီး၊ အမျိုးသား များပါဝင်ဆင်နွှဲနေကြသော လွတ်မြောက်ရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများ လျင်မြန်စွာ ပြီးမြောက် အောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ