အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဒါန (DANA)နှင့်စပ်လျဉ်း၍ သတိပေးချက် ထုတ်ပြန်ခြင်း(၂၄-၁၀-၂၀၂၄)◾️နိုင်ငံတကာ မိုးလေဝသဌာနများ၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်း ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် အာရေဗျဘာသာစကားအရ စွန့်ကျဲပေးကမ်းခြင်းဟု အဓိပ္ပာယ်ရသည့် အမည်ပေးဆိုင်ကလုန်းမုန်တိုင်း ဒါန (DANA- means Generosity in Arabic) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဤယနေ့ အောက်တိုဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပါသည်။ အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် အောက်တိုဘာလ (၂၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေမြောက်ပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် (၆၅)မိုင်မှ (၇၅)မိုင်ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းရပါသည်။ ◾️အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်းမရှိသော်လည်း မုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျောက်တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး လေတိုက်နှုန်းမှာလည်း တစ်နာရီလျှင် (၂၅) မိုင်မှ မိုင် (၄၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ ◾️မုန်တိုင်းသည် အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့ ပိုမိုနီးကပ်စွာရွေ့လျားသွားခြင်းကြောင့် မြန်မာနိုင်ငံဒေသ အတော်များများတွင် မိုးရွာသွန်းမှု သိသိသာသာ ပြန်လည်လျော့ကျသွားနိုင်ပါသည်။ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါသည်။ အကြံပြုချက်••••••••••••◾️ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကမ်းနီးကမ်းဝေး ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင် ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ပါသည်။