ဝန်ကြီးဌာန

ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနသည် အမျိုးသားညီညွတ်ရေးအစိုးရတွင် ဖွဲ့စည်းထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဖက်ဒရယ်ပြည်ထောင်စုအစိုးရဝန်ကြီးဌာနတခုဖြစ်သည်။
                 အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) သည် ပြည်ထောင်စုအတွင်း နှစ်ပေါင်း (၇၀) ကျော် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ အပါအဝင် နိုင်ငံရေးအကျပ်အတည်းများ၏ အရင်းခံ ပြဿနာများ ချုပ်ငြိမ်းရေး၊ ပင်လုံစာချုပ်တွင် အာမခံချက်ပေးထားသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တိုင်းရင်း သားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးထားသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ အပြန်အလှန် အသိအမှတ်ပြခြင်း၊ ချစ်ကြည်ရိုင်းပင်းခြင်းနှင့် သွေးစည်းညီညွတ်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန် သော တိုင်းရင်းသားပြည်သူတရပ်လုံး လူမျိုးမခွဲ၊ ဘာသာမခွဲ၊ ကျား-မ မခွဲခြားဘဲ၊ လူသားတိုင်း၏ မွေးရာပါအခွင့်အရေး အဖြစ် ပိုင်ဆိုင်ထားသော အခြေခံအခွင့်အရေးများ အာမခံချက်ရရှိရေး၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ဖယ်ရှား ရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့အတွက် ပြည်သူလူထုတရပ်လုံးက လွတ်လပ် ၍ တရားမျှတသော ရွေးကောက်ပွဲမှတဆင့် အပ်နှင်းထားသော နိုင်ငံရေးလုပ်ပိုင်ခွင့် (De Jure Mandate) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် နွေဦးတော်လှန်ရေး တွင်ပါဝင်နေကြသော တော်လှန်ရေးအင်အားစု အသီးသီး၏ နိုင်ငံရေးလုပ်ပိုင်ခွင့် (De Facto Mandate) တို့ကို ပေါင်းစပ်၍ ဖွဲ့စည်းထားသော ပြည်သူ့အစိုးရတရပ် ဖြစ်ပါသည်။
                 စစ်အာဏာရှင်စနစ် တည်ဆောက်ရေးအတွက် စစ်တပ်၏ဦးဆောင်မှုဖြင့် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖျက်သိမ်းပြီးဖြစ်ကြောင်း ၂၀၂၁၊ မတ်လ (၃၁) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးနှင့် လွတ်လပ်သော နိုင်ငံတနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သော ကြား ကာလ (တော်လှန်ရေးကာလ) နှင့် အသွင်ကူးပြောင်းရေးကာလသာမက အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရေးအတွက် လိုအပ်သောလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ရန် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၏ ဦးဆောင်မှုဖြင့် ကျင်းပခဲ့သော ‘‘ပြည်သူ့ညီလာခံ’’ က အတည်ပြု ပြဋ္ဌာန်းထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နှင့် အစိတ်အပိုင်း (၂) တို့ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မျှော်မှန်းချက်

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အပြီးတိုင်ဖယ်ရှားပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့် တရားမျှတမှုတည်းဟူသော လောကပါလတရားများကို အခြေခံ၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ကို အပြည့်အဝအာမခံချက် ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး။

ရည်ရွယ်ချက်

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက် ပေးနိုင်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်သော ပြည်ထောင်စု၏မျှော်ရည် ချက်နှင့် စံတန်ဖိုးများ၊ လမ်းညွှန်အခြေခံမူများနှင့် အခြေခံမူဝါဒများ ဖော်ထုတ်ပြီး၊ ကြားကာလ (တော်လှန်ရေးကာလ) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများ၊ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အမြဲတမ်းကျင့် သုံးရမည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် လိုအပ်သော ပြင်ဆင်မှု များ ဆောင်ရွက်ရေးနှင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး တို့ကို ဖော်ဆောင်ရန်။

လုပ်ငန်းစဉ်များ

  • ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ပြည်ထောင်စု၏ မျှော်ရည်ချက်များနှင့် စံတန်ဖိုးများ၊ လမ်းညွှန်အခြေခံမူများနှင့် အခြေခံမူဝါဒများကိုဖော်ထုတ်ခြင်းလုပ်ငန်းစဉ် (ဖက်ဒရယ်ဒီမို ကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအစီအမံများ (ဖက်ဒရယ် ဒီမိုကရေစီအစိတ်အပိုင်း-၂) တို့ကို ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်။
  • အသွင်ကူးပြောင်းရေးကာလအစီအမံများ ရေးဆွဲဖော်ဆောင်ခြင်းလုပ်ငန်းစဉ်။
  • အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးလုပ်ငန်းစဉ်။
  • အမြဲတမ်းကျင့်သုံးမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် လိုအပ်သော ပြင်ဆင်ခြင်းလုပ်ငန်းစဉ်။
  • ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ ကြားကာလအစိုးရအဖွဲ့ များ ပေါ်ပေါက်နိုင်ရေးအတွက် လိုအပ်သော အထောက်အကူပြုလုပ်ငန်းများနှင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်။

နောက်ဆုံးသတင်းများ

အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

၂ ဧပြီ ၂၀၂၆လက်ရှိ မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတို့ Online မှ တဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။  အကြောင်းအရာနှင့်ပတ်သက်၍ တာဝန်ရှိသူများက  တော်လှန်ရေးနှင့် ပြည်သူလူထုကို မထိခိုက်စေသော နည်းနာများဖြင့် အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ကြရေး ရင်းနှီးပွင့်လင်းစွာဖြင့် အလေးထားဆွေးနွေးခဲ့ကြသည်။ မြေပြင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို နားလည်မှုလွဲစေနိုင်သည့်၊ ရန်သူအကြမ်းဖက်စစ်တပ် အကြိုက်တွေ့စေမည့် ရေးသားမှုများ၊ထုတ်ပြန်မှုများကို မပြုလုပ်ကြရေး နှင့်  ပြဿနာကို ပိုမိုကြီးထွားစေသည့် ဆောင်ရွက်ချက်များကိုလည်း ထိန်းကျောင်းကြရန် ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုအစိုးရ နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရ အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး(Division of competences) နှင့် ဆက်နွယ်နေသော ကိစ္စရပ်များဖြစ်သဖြင့် ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ယူနစ်အကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအတူတကွတည်ဆောက်နိုင်ရေးဦးတည်ချက်ဖြင့် အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြရန်လည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) ထုတ်ပြန်ကြေညာချက်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF) ထုတ်ပြန်ကြေညာချက်

 ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ (၃၀) ရက် ကျွန်ုပ်တို့ဆင်နွှဲလျက်ရှိသော တော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်၍ အမြန်ဆုံးအောင်ပွဲ ရယူ နိုင်ရန်၊ လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် တို့အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန်  "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ (Steering Council for the Emergence of a Federal Democratic Union - SCEF)" ကို အောက်ပါ ၁။ ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင် ၂။ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင် နှင့်၃။ အမျိုးသမီးကိုယ်စားပြု/ ကိုယ်စားလှယ်များ မဏ္ဍိုင်တို့ကို အခြေခံပြီး တရားဝင်ဖွဲ့စည်း လိုက်ပြီဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးကို လေးနက်တည်ကြည်စွာ အသိပေးကြေညာအပ် ပါသည်။ ကျွန်ုပ်တို့၏မျှော်မှန်းချက်နှင့် မဟာဗျူဟာရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ရန်ဖြစ်ပြီး ကျွန်ုပ်တို့၏ နိုင်ငံရေး ရည်မှန်းချက်များ၊ ရပ်တည်ချက်များကို လက်တွေ့ကျကျ၊ ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်မည့် နိုင်ငံရေးအခင်းအကျင်းအသစ်တခုကို စုစည်းညီညွတ်စွာ စတင် လိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော စုံလင် ကွဲပြားသည့် လူမျိုးများ၏ ကိုယ်ပိုင်လက္ခဏာများကို ကာကွယ်မြှင့်တင်ပေးပြီး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ပြည်နယ်များဖြင့် စုဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ခိုင်မာကောင်းမွန်စွာ တည်ဆောက်သွားရန် ဖြစ်ပါသည်။ ဤရည်မှန်းချက်များ အမြန်ဆုံး အောင်မြင်နိုင်စေရန် တော်လှန်ရေးအဖွဲ့အစည်းအသီးသီး၏ စစ်ရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများကို တရားဝင်မှု၊ ညီညွတ်မှုနှင့် တာဝန်ယူ၊တာဝန်ခံမှုရှိသော ခေါင်းဆောင်မှုတို့ဖြင့် ဦးဆောင်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အဆိုပါ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် အောက်ပါ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ခိုင်မာစွာ ချမှတ်ထားပါသည်။    (၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန် (၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်                                         "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ” အနေဖြင့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ် များအကြား "မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)" မူကို ကိုင်စွဲမည် ဖြစ်ပါသည် ။ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ် များ၏ သဘောထားအမြင်များထင်ဟပ်ပါဝင်သည့် "စုပေါင်းခေါင်းဆောင်မှု (Collective Leadership)" ဖြင့် ဖော်ဆောင်သွားမည် ဖြစ်ပါသည် ။  ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှုတို့ကိုအခြေခံ၍ “မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း - one policy, one strategy” မူဝါဒကို ချမှတ်ကျင့်သုံး၍ စစ်ရေး၊ နိုင်ငံရေး နှင့် အုပ်ချုပ်ရေး ကဏ္ဍများကို ဟန်ချက်ညီပူးတွဲဖော်ဆောင်ပြီး   ပိုမိုကျယ်ပြန်သည့် နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ် အင်အားစုများ  နှင့်ဆက်လက်ပူးပေါင်းညှိနှိုင်း၍ ကျွန်ုပ်တို့၏ ရည်မှန်ချက်ပန်းတိုင်ရောက်အောင် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ဆက်သွယ်ရန် ဒေါ်ဇင်မာအောင်  - +၆၆၉၄၅၁၅၃၁၇၂ဆလိုင်းထက်နီ  - +၉၁၆၉၀၉၇၅၁၇၂၁ အောင်ဆန်းမြင့်  - +၆၆၆၃၀၇၄၉၀၈၇ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ

ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) အတွက်  ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ

ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) အတွက် ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) အတွက်ဝမ်းနည်းကြောင်း မှတ်တမ်းလွှာ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ဗဟိုကော်မတီဝင် ရဲဘော်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ၎င်း၏ နိုင်ငံရေးဘဝ တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နေစဉ်ကာလ၌ ကွယ်လွန်တိမ်းပါးသွား ခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲရပါကြောင်း ဝမ်းနည်းမှတ်တမ်း ရေးထိုး အပ်ပါသည်။ရဲဘော်ရဲဘက် တော်လှန်ရေးနှင့် နိုင်ငံရေးမိတ်ဆွေကြီး ဦးချစ်ထွန်းသည် ၁၉၉၂ ခုနှစ်၊ ကရင်နီ ပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၏ စစ်ရေး၊ နိုင်ငံရေးနှင့်ဆက်ဆံရေး တာဝန်များ စတင်၍ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့မှစတင်၍ စစ်အာဏာရှင် တော်လှန်ရေးကာလတွင်မူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ် အနာဂတ်ပြည်ထောင်စုအတွက် အရေးပါသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် တော်လှန်‌ရေးတာဝန်များကို စွမ်းစွမ်းတမံ ဦးဆောင် တာဝန်ယူ ထမ်းရွက်ခဲ့သူဖြစ်သည်။တော်လှန်ရေးအင်အားစုအားလုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန်အတွက် ခေါင်းဆောင်ကောင်းတစ်ဦး၏ အသက်၊ ခွန်အားနှင့် ဉာဏ်ပညာတို့ကို အားပြုအရင်းတည်လျက် စွန့်လွှတ်ရင်း တာဝန်ထမ်းဆောင်ခဲ့သော ခေါင်းဆောင်ကောင်းတဦးဖြစ်သူ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ မိသားစုဝင်တဦးဖြစ်သည့် ဦးချစ်ထွန်းအတွက် ရပ်တည်ချက်နှင့် ယုံကြည်ချက်အပေါ် တစိုက်မတ်မတ် ပေးဆပ်ဆောင်ရွက်ခဲ့သည့် အချိန်များ အတွက် လေးမြတ်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပြီး တော်လှန်ရေးမှတ်တမ်းတွင် ထာဝရ မော်ကွန်းတင် အသိအမှတ်ပြုပါသည်။တော်လှန်ရေးမိတ်ဆွေကြီး၏ ဆောလျင်စွာ ချန်ရစ်ခဲ့သော မပြီးဆုံးသေးသည့် တော်လှန်ရေး နှင့် တည်ဆောက်ရေးလုပ်ငန်းစဉ် အနာဂတ်ကာလအတွက် ကျွန်ုပ်တို့သည် ဝမ်းနည်းခြင်းမှ သည် ပြည်ထောင်စု၏ပန်းတိုင်ရောက်သည့်တိုင်၊ ကျွန်ုပ်တို့ မျှော်ရည်သည့် ပြည်နယ်အားပြု ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ ဆက်လက်အားထုတ် ကြိုးပမ်းဆောင်ရွက်သွားကြ မည်ဟု တော်လှန်ကတိ၊ တော်လှန်သစ္စာ ပြုအပ်ပါသည်။ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမိသားစုအမျိုးသားညီညွတ်ရေးအစိုးရ

ပူးတွဲထုတ်ပြန်ကြေညာချက်

ပူးတွဲထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ( ၁၈ ) ရက်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ ပြည်သူ့အစိုးရအဖွဲ့ဝင် များကို မတရားဖမ်းဆီးပြီး ပြည်သူ့အာဏာကို သိမ်းယူခဲ့ခြင်းသည် နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ အကြမ်းဖက်မှု များကို ကျူးလွန်လျက်ရှိသည့် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” အား “အကြမ်းဖက်အုပ်စု” အဖြစ် ကြေညာခဲ့သည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ ကလည်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် အဆိုပါ အကြမ်းဖက်အုပ်စု ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ - Enemy of the State” အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန်ခဲ့သည်။သို့ဖြစ်ပါ၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ အနေဖြင့်(က) “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” က အသွင်ပြောင်းထားသည့် “နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” သည်လည်း အထက်ပါ ကြေညာချက် များ နှင့် အကျုံးဝင်သော အကြမ်းဖက်အဖွဲ့အစည်း ဖြစ်သောကြောင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နှင့် ပြည်သူလူထု၏ ရန်သူ” ဖြစ်ကြောင်း(ခ) ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများ သည်လည်း အကြမ်းဖက်အုပ်စုဝင် အဖွဲ့အစည်းများ ဖြစ်ကြောင်း(ဂ) တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများအား ၎င်းတို့က အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခြင်းများသည် တရားမဝင်ပျက်ပြယ်ပြီး ဖြစ် ကြောင်း(ဃ) နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်နှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများအားလုံး၏ လုပ်ဆောင်ချက်မှန်သမျှသည်လည်း တရားဝင်မှုမရှိကြောင်း နှင့်(င) ၎င်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ဆက်သွယ်ရန်ဦးနေမျိုး ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( Signal +66 926 529 412)ဒေါ်နှင်းနှင်းမွှေး ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( Signal +66 928 402 330)ဦးနေဘုန်းလတ် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ( Signal + 66 654 867 824)

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်သူသို့ အစီရင်ခံခြင်း။