ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်စာစောင်

ပင်လုံစာချုပ်၏ ရည်ရွယ်ချက်၊ အနှစ်သာရနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်

ပင်လုံစာချုပ် ချုပ်ဆိုခြင်း၏ ရည်ရွယ်ချက်

            ပင်လုံစာချုပ် ချုပ်ဆိုရခြင်း၏ ပထမရည်ရွယ်ချက်သည် ပင်လုံစာချုပ်၏ နိဒါန်းတွင် ဖော်ပြ ထားသည့်အတိုင်း “ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင် နှင့် ချင်း တို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင် များက ယုံကြည်သည့်အတိုင်း” အချက် (၉) ချက်ပါဝင်သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ရှမ်း၊ ကချင် နှင့် ချင်း တို့သည် သီးခြားစီဖြင့် လွတ်လပ်ရေးရယူ၍ သီးခြား အမျိုးသားနိုင်ငံများ ထူထောင်ပိုင်ခွင့် ရှိသော်လည်း ကြားဖြတ်မြန်မာအစိုးရနှင့် ပူးပေါင်းလိုက်ခြင်း အားဖြင့် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိကြမည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။

ပင်လုံစာချုပ်၏ အနှစ်သာရ

ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” အရ ဗြိတိသျှကိုလိုနီ (၄) ခုကို ပေါင်းစု၍ ဖွဲ့စည်းထူထောင်ထားသော တိုင်းပြည်ဖြစ် သည်။ ထိုကိုလိုနီနယ် (၄) ခုတို့ကို နယ်ချဲ့ဗြိတိသျှတို့က သီးခြားအချိန်တွင် သီးခြားစီဖြင့် တိုက်ခိုက် သိမ်းပိုက်ပြိး ကိုလိုနီဘဝတစ်လျှောက်လုံး သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများဖြင့် သီးခြားစီ အုပ်ချုပ်ခဲ့သော ကိုလိုနီများပင်ဖြစ်ကြသည်။ ယင်းတို့မှာ -

§  ၁၈၉၅ ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့သော “Kachin Hills Tribes Regulation” အရ အုပ်ချုပ်ခဲ့သော “ကချင်တောင်တန်းဒေသ”

§  ၁၈၉၆ ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့သော “Chin Hills Regulation” အရ အုပ်ချုပ်ခဲ့သော “ချင်းတောင်တန်းဒေသ”

§  ၁၈၈၈ ခုနှစ်တွင် ရေးဆွဲပြဌာန်းခဲ့သော “Shan States Act” ကို ၁၉၂၂ တွင် “Federated Shan States Act” အဖြစ် ပြင်ဆင်ပြဌာန်း၍ အုပ်ချုပ်ခဲ့သော “ပြည်ထောင်စုရှမ်းပြည်” နှင့်

§  ၁၉၃၅ ခုနှစ်တွင် ရေးဆွဲပြဌာန်း၍ ၁၉၃၇ ခုနှစ်တွင် အသက်ဝင် ကျင့်သုံးခဲ့သော “1935 Burma Act” အရ အုပ်ချုပ်ခဲ့သည့် ကိုလိုနီခေတ်မတိုင်ခင် မြန်မာမင်းများ ပိုင်ဆိုင်ခဲ့သည့် နယ်မြေတို့ပင် ဖြစ်ကြသည်။

1935 Burma Act အရ အုပ်ချုပ်ခဲ့သော နယ်မြေများထဲတွင် ဗြိတိသျှကိုလိုနီခေတ် မတိုင်မှီ မြန်မာမင်းများက တိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်ခဲ့သော မွန်ပြည်နှင့် ရခိုင်ပြည်တို့ အပါအဝင် ကရင်လူ မျိုးများ အများစုနေထိုင်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ ပါဝင်ခဲ့သည်။

ကိုလိုနီခေတ်တစ်လျှောက်လုံး လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်တိုင်းပြည်အဖြစ် ရပ် တည်ခဲ့သော ကရင်နီပြည် (ယခု ကယားပြည်နယ်) ကိုမူ ပင်လုံညီလာခံသို့ ဖိတ်ကြားခြင်း မပြုခဲ့ပေ။ လေ့လာသူအချို့သာ တက်ရောက်ခဲ့ကြသည်။ အကြောင်းမှာ ပင်လုံညီလာခံသည် ဗြိတိသျှကိုလိုနီ စနစ်အောက်တွင် လွတ်လပ်ရေး ဆုံးရှုံးခဲ့ကြသော လူမျိုးများ၏ အနာဂတ်အရေးကို တိုင်ပင်သော ညီလာခံဖြစ်၍ လွတ်လပ်သော ကရင်နီလူမျိုးများအရေးကို တိုင်ပင်စရာအကြောင်း မရှိသောကြောင့် ဖြစ်သည်။

ဗြိတိသျှနယ်ချဲ့တို့သည် ကိုလိုနီနယ်များကို လွတ်လပ်သော လူမျိုးများအဖြစ် ရှိနေသော ဘဝမှ သီးခြားအချိန်တွင် သီးခြားစီ တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သောကြောင့် ကိုလိုနီခေတ် ကုန်ဆုံး သော အချိန်တွင်လည်း ထိုကိုလိုနီနယ် (၄) ခုတို့သည် သီးခြားစီဖြင့် လွတ်လပ်ရေးရယူ၍ သီးခြား အမျိုးသားနိုင်ငံတော်များကို သီးခြားစီ ထူထောင်ပိုင်ခွင့် ရှိခဲ့ကြသည်။ သို့ရာတွင် ထိုကိုလိုနီနယ် (၄) ခုမှ အမျိုးသားခေါင်းဆောင်ကြီးများသည် ၁၉၄၆ ခုနှစ် မတ်လတွင် တစ်ကြိမ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လတွင် တစ်ကြိမ်၊ “ပင်လုံညီလာခံ”ကြီးကို နှစ်ကြိမ်တိုင်တိုင် ကျင်းပ၍ လွတ်လပ်ရေးကို အတူတကွ ရယူရန် ဆုံးဖြတ်ခဲ့ကြသည်။

 ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” သည် ကိုလိုနီခေတ်မတိုင်ခင် သီးခြားလွတ်လပ်၍ ကိုလိုနီခေတ်တစ်လျှောက်လုံး သီးခြားဖွဲ့စည်းပုံအခြေခံ ဥပဒေများဖြင့် အုပ်ချုပ်ခဲ့သော ဗြိတိသျှကိုလိုနီ (၄) ခုရှိ တိုင်းရင်းသားလူမျိုးများက သီးခြားစီဖြင့် လွတ်လပ်ရေးရယူ၍ မိမိတို့၏ အမျိုးသားနိုင်ငံတောများကို သီးခြားစီ ထူထောင်ခြင်း မပြုဘဲ လွတ်လပ်ရေးကို အတူတကွ ရယူကာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်ထောင်စုနိုင်ငံတော်တစ်ခုကို အတူတကွ ထူထောင်ကြရန် ပဋိဉာဉ်ပြုခဲ့ကြသော စာချုပ်ပင်ဖြစ်ပါသည်။

  

ပင်လုံစာချုပ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

 ၁။        ပင်လုံစာချုပ်သည် ၁၉၂၂ Federated Shan States Act အရ အုပ်ချုပ်ခဲ့သော ပြည်ထောင်စု ရှမ်းပြည်၊ ၁၈၉၅ Kachin Hills Tribes Regulation အရ အုပ်ချုပ်ခဲ့သော ကချင်တောင်တန်း ဒေသနှင့် ၁၈၉၆ Chin Hills Regulation အရ အုပ်ချုပ်ခဲ့သော ချင်းတောင်တန်းဒေသတို့က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သာ မြန်မာပြည်ကြားဖြတ်အစိုးရနှင့် ပူးပေါင်း၍ လွတ်လပ်ရေး ကို အတူတကွ ရယူကာ တန်းတူရည်တူ ပူးပေါင်းသော ပြည်ထောင်စုနိုင်ငံတော်သစ်တစ်ခုကို အတူတကွ ထူထောင်ကြရမည်ဟု ပဋိဉာဉ်ပြုသော စာချုပ်ပင် ဖြစ်သည်။

 ၂။         ပင်လုံစာချုပ်အရ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းထူထောင်မည့် ပြည်ထောင်စုတွင် အဖွဲ့ဝင်ပြည် နယ်များအဖြစ် ပါဝင်နေကြမည့် တောင်တန်းဒေသများဟု ခေါ်ဆိုခဲ့ကြသော ပြည်ထောင်စု ရှမ်းပြည်၊ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသများ၏ မိမိတို့နယ်မြေအတွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိစေရန် “မူ” အားဖြင့် သဘောတူကြသည်။ ပင်လုံစာချုပ်တွင် တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် တည်းဟူသော တောင်တန်းဒေသများအတွင်း လွတ်လပ်စွာ အုပ်ချုပ်ခွင့်နှင့် စီမံခန့်ခွဲခွင့်များ ကို နိုင်ငံရေးအရ အလွန်အနှစ်သာရ ပြည့်ဝသော (Full Autonomy) ဆိုသည့် အင်္ဂလိပ်စကား လုံးကို သုံးထားပါသည်။ ယင်းသည် ပင်လုံစာချုပ်အပိုဒ် (၅) ဖြစ်သည်။

 ၃။        ပင်လုံစာချုပ်အပိုဒ် (၆) အရ ကချင်ပြည်နယ်ကို ဖွဲ့စည်းသောအခါ ယခင် Kachin Hills Tribes Regulation အရ အုပ်ချုပ်ခဲ့သော ကချင်တောင်တန်းဒေသ သာမက မြစ်ကြီးနားခရိုင် နှင့် ဗန်းမော်ခရိုင်တို့ကို ကချင်ပြည်နယ်တွင် ထည့်သွင်းထားရမည်ဟူသော အချက်ဖြစ်သည်။ ယင်းအချက်သည် ပြည်ထောင်စုကို ထူထောင်ခဲ့သည့် ဖျောက်ဖျက်၍ မရသော ပင်လုံစာချုပ် ၏ သဘောတူညီချက် ဖြစ်သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၆) အရ ကချင်ပြည်နယ် နယ်နိမိတ်အတွင်း မြစ်ကြီးနားခရိုင်နှင့် ဗန်းမော် ခရိုင်တို့ကို ထည့်သွင်းထားခြင်း ဖြစ်သည်။

 ၄။       ပင်လုံစာချုပ်အပိုဒ် (၇) အရ ဖွဲ့စည်းထူထောင်မည့် ပြည်ထောင်စုကြီးတွင် အဖွဲ့ဝင်ပြည်နယ် များအဖြစ် ပါဝင်လာကြမည့် တောင်တန်းဒေသများတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည် ဖြစ်ပြီး ထိုဒေသများရှိ တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ အပြည့်အဝ ခံစားခွင့် ရှိစေရမည်ဟု အာမခံချက် ပေးထား သည်။

 ၅။       ပင်လုံစာချုပ်အပိုဒ် (၈) အရ ပြည်ထောင်စုရှမ်းပြည်၏ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်စွာ စီမံ ခန့်ခွဲပိုင်ခွင့်ကို အာမခံချက်ထားပြီး၊ ထိုစာချုပ် အပိုဒ် (၉) အရ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသများကို ပြည်ထောင်စုရှမ်းပြည်ကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့် ရရှိရေးနှင့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအကြား ဘဏ္ဍာရေးနှင့် သဘာ ဝသယံဇာတများကို မျှဝေခံစားကျင့်သုံးခွင့် ရှိစေရေးကို နည်းလမ်းရှာဖွေရန် အာမခံချက် ပေးထားသော အချက်ဖြစ်သည်။

 

ရည်ညွှန်းကိုးကား။       

ပင်လုံလက်စွဲ (၂၀၁၈)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ