(၄၂)ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၂) ကျင်းပပြုလုပ်

ဇန်နဝါရီ ၈၊ ၂၀၂၂

(၄၂)ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်အဝေး (၅/၂၀၂၂)ကို ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ 

အစည်းအဝေးတွင် ယာယီသမ္မတကြီဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန် ကြုံရွယ်မှု တစ်နှစ်ပြည့်နေ့တွင် လူထုဦးဆောင်တဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သော silent strike လှုပ်ရှားမှုကို လူထုတရပ်လုံး ရဲရဲဝံ့ဝံ့ပါဝင်ခဲ့ကြတာကို လေးစား ဂုဏ်ယူမိပါကြောင်း၊ တဖက်မှာလည်း အာဏာသိမ်း တစ်နှစ်ပြည့်တဲ့အနေနဲ့ အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်အစိုးရတို့ပူးပေါင်းပြီး အာဏာရှင်များနှင့် ၄င်းတို့၏ ထောက်တိုင်များကို စီးပွားရေးအရ ပိတ်စို့ဒဏ်ခတ်အရေးယူမှုကို ပြုလုပ်ခဲ့ပါကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အင်္ဂလိပ်ကိုလိုနီလက်အောက်မှ အတူလွတ်လပ်ရေးယူခဲ့ကြသည့် ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းနှင့် ဗမာခေါင်းဆောင်များ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြကြောင်း၊ တိုင်းပြည်ကို ဒီမိုကရေစီ နှင့် တိုင်းရင်းသားများ ကိုယ်ပိုင်ပြဠာန်းအပြည့်အဝရှိသည့် ဖက်ဒရယ်စနစ်အဖြစ် တည်ထောင်ဖို့ ကတိပြုခဲ့ကြသော်လည်း အဆက်ဆက်သော တိုင်းပြည်ကို ဦးဆောင်ခဲ့သည့် ခေါင်းဆောင်များနှင့် အာဏာရှင်များအနေဖြင့် အကောင်အထည် မဖော်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် တိုင်းပြည်သည်လည်း ပြည်တွင်းစစ်နွံ့ထဲ ဆယ်စုနှစ် နှစ်ပေါင်းများစွာ နစ်ကာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အဖြစ် ရပ်တည်ခဲ့ကြောင်း၊ 

ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်ပြီး တိုင်းရင်းသားပြည်သူအပေါင်းတို့ လိုလားတောင့်တသည့် ငြိမ်းချမ်းသော၊ လွတ်လပ်မှုကို အာမခံပေးနိုင်သည့် လူ့အဖွဲ့အစည်းတရပ်ကို ဖော်ဆောင်ပြီး ကိုယ်ပိုင်ပြဠာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုဖန်တီးခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ ကတိပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးခရီးတွင် အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြသော အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်များ အားလုံး ညီညီညွတ်ညွတ် အတူလက်တွဲပါဝင်လာနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရ ကတ်ဘိနက်အဖွဲ့ ဝင်များ အတူဝိုင်းဝန်းကြိုးစားကြစို့လို့ တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါတယ်။ 

ပြည်ထောင်စုဝန်ကြီးချုပ်က တော်လှန်ရေးကာလဖြစ်တာကြောင့် နေ့စဉ်နှင့်အမျှ စိတ်မချမ်းမြေ့စရာ အခြေအနေတွေကို ကြားသိနေရသလို တဘက်ကလည်း စိတ်အားတက်စရာ အခြေအနေတွေကို ကြားရပြန်ကြောင်း။ တကယ်‌တော့ လူတစု အာဏာရူးပြီး စတင်လုပ်ဆောင်လိုက်တဲ့ ဒီအာဏာသိမ်းပွဲမှာ ပေးဆပ်လိုက်ရတဲ့ အသက်တွေ ဘဝတွေအတွက် နေ့စဉ်စိတ်မကောင်းဖြစ်စွာနဲ့ဘဲ ကျွန်တော်တို့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့ အားစိုက်ကြိုးစား နေပါကြောင်း။ ဆက်လက်ပြီးတော့လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ အတူအတကွ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာကို ဒီကနေ့ အစည်းအဝေးမှာ ထပ်လောင်းကတိပြု ပြောကြားလိုပါကြောင်း။

ဒီအပတ်အတွင်းမှာ ကော်မတီအစည်းအဝေးတွေ အတော်များများ တက်ရောက်ခဲ့ပြီး မူဝါဒဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးစီမံဆောင်ရွက်ခဲ့ပါကြောင်း။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ကော်မတီအနေနဲ့ဆိုရင် စီမံဆောင်ရွက်နေတာတွေ အတော်များပါကြောင်း။ ကြားကာလအုပ်ချုပ်မှု ဖော်ဆောင်နိုင်ရေးအတွက် မြို့နယ်အသစ်တွေ ဖွဲ့စည်းနိုင်ဖို့လည်း စီမံဆောင်ရွက်နေတာတွေရှိသလို တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ဖွဲ့စည်းရေး စီမံချက်ကိုလည်း ရေးဆွဲနေတာရှိပါကြောင်း။ ဒါ့အပြင် ရဲတပ်ဖွဲ့ ဥပဒေကြမ်းကိုလည်း ပြည်ထဲရေးကဦးဆောင်ပြီး ရေးဆွဲနေတာပြီးသွားပြီဖြစ်ပါကြောင်း။ 

ဒီတပတ်အတွင်းမှာ ကြားကာလတရာားစီရင်မှု ဖော်ဆောင်ရေးကော်မတီ အစည်းအဝေး တွေစီမံဆောင်ရွက်ခဲ့သလို ပုံမှန်ဆောင်ရွက်နေကြ ပြည်သူ့ရင်ခွင်ဖော်ဆောင်မှု ကော်မတီရဲ့ လုပ်ငန်းစဉ် တွေလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း။ ဒီဖေဖော်ဝါရီလဟာ ကျွန်တော်တို့ပြည်သူတွေ အပ်နှင်းထားတဲ့ ပြည်သူ့အာဏာကို လူတစုရဲ့ မတရားသိမ်းပိုက်ခြင်းကို ခံရတဲ့လဖြစ်သလို ကျွန်တော်တို့ ပြည်သူတွေရဲ့  မတရားမှုကို လက်မခံနိုင်ဘူး ဆိုတဲ့ ပြင်းပြတဲ့ စုစည်းမှုအားတွေကို စတင်ပြသနိုင်ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းအတွက် အင်မတန်အရေးပါတဲ့ လတလဖြစ်ပါကြောင်း။ ကျွန်တော်တို့NUG အနေနဲ့လည်း အကြမ်းဖက်ခြင်းကိုနည်းမျိုးစုံနဲ့ ခံနေရတဲ့ပြည်သူတွေအတွက် တော်လှန်ရေး အင်အားစုများနဲ့ အတူတကွ ပုံစံမျိုးစုံနဲ့ ဆက်လက်တော်လှန်သွားမှာဖြစ်ပါကြောင်း။ အခုဆိုရင် ကျနော်တို့ ခုခံကာကွယ်စစ်ဟာလည်း အတော်လေးခရီးရောက်နေပြီဖြစ်သလို မြို့ကြီးတွေရော ကျေးလက်ပါ မကျန် ပြည်သူတွေရဲ့ တော်လှန်မှုပုံစံမျိုးစုံကလည်း အားမကျသွားဘဲ လူထုဟာ တောင့်ခံတွန်းလှန် နေကြဆဲ ဖြစ်တာမို့ မဝေးတော့တဲ့ အောင်မြင်မှုတွေအတွက် ကျွန်တာ်တို့ ရေကုန်ရေခမ်း တိုက်ပွဲဝင်သွားကြရအောင်လို့ ပြောကြားလိုပါကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးတွေက တင်ပြဆွေးနေးရာ ဖက်ဒရယ်ပြည်ထောင်စု ရေးရာပြည်ထောင်စုဝန်ကြီး ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၅နှစ်မြောက် အခမ်းအနားကျင်းပရေး ပြင်ဆင်နေမှုတွေကို တင်ပြဆွေးနွေးပြီး အစည်းအဝေးကို မနက် ၁ဝနာရီ ၄၅မိနစ်မှာ  ရုတ်သိမ်းခဲ့ပါတယ်။