ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၃ ခုနှစ် မတ်လ (၃၁) ရက် ပထမဦးစွာ ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားမှာ  လူမျိုးစု ခေါင်းဆောင်အသီးသီးနဲ့ တော်လှန်ရေးအင်အားစုအသီးသီးက ကိုယ်စားလှယ်များ/ ခေါင်းဆောင်များကို  တစ်ညီတစ်ညွတ်တည်း တွေ့ခွင့်ဆုံခွင့်ရလို့ အထူး ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ တစ်ဆက်တည်းမှာ ယခု တက်ရောက်လာသော ကိုယ်စားလှယ်များ၊ ခေါင်းဆောင် များကို နွေဦးတော်လှန်ရေး ဘက်တော်သားများအဖြစ် အလေးအမြတ် ဦးညွှတ်ကြောင်း ပြောကြားချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ် လူထုရဲ့ နားလည်လက်ခံထားမှုကို အနည်းငယ် ပြောကြားချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ နွေဦးတော်လှန်ရေးကာလ အတွင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံရေးလမ်းပြမြေပုံအဖြစ် တည်ရှိနေပါတယ်။ ထိုနည်းတူစွာပဲ လွတ်လပ်ပွင့်လင်း၍ တရားမျှတသော၊ တန်းတူညီမျှသော လူ့ဘောင်အဖွဲ့အစည်း ကို စနစ်တကျ တည်ထောင်ဖို့ ရည်ညွှန်းထားတဲ့ အခြေခံမူ အပေါင်းအစုလည်း ဖြစ်ပါတယ်။ လူထုကိုယ်၌က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အပေါ်မှာ ဒီလို နားလည်ထားသလို၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း လူထုသဘောထားနဲ့ ထပ်တူ နားလည်လက်ခံထားကြောင်း ပြောကြားလိုပါတယ်။ တော်လှန်သော လူထုလှုပ်ရှားမှုလှိုင်းလုံးကြီးထဲမှာ လူထုရဲ့ အင်နဲ့ အားနဲ့ တော်လှန်မှုကို ကျွန်တော်တို့ အားလုံး ထင်ထင်ရှားရှား မြင်တွေ့ရပြီး ဖြစ်ပါတယ်။ ဒီလို လူထုလှုပ်ရှားမှုအတွင်းမှာ တော်လှန်ရေး အင်အားစုအားလုံး ဝိုင်းဝန်း သဘောညီထားတဲ့ နိုင်ငံရေးဘုံသဘောတူညီချက် တစ်ခုဟာ မဖြစ်မနေ ရှိထားရပါလိမ့်မယ်။ ဒီလိုအပ်ချက်ကြောင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ပေါ်ထွက် လာတာဖြစ်သလို ဒီလိုအပ်ချက်ကြောင့်ပဲ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ ခြေခြေမြစ်မြစ် ပေါ်ထွက်လာရခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက် လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား နားလည်ထားကြဖို့ လိုပါတယ်။ အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲ ဝင်နေခြင်းဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော / အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသလို၊ စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားပါတယ်။ ဒီနေရာမှာ လက်တွေ့ကျကျ မလုပ်နိုင်တာတွေနဲ့ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာလည်း သတိချပ်ဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ အကန့်အသတ်တွေ ရှိနေပါစေ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ စုဖွဲ့မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စနစ်တကျ ဆွေးနွေးအတည်ပြု ပြဋ္ဌာန်းနိုင်ခြင်းဟာ အောင်မြင်မှု တစ်ရပ်ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ မူအပေါ်မှာ အခြေခံတဲ့ နိုင်ငံရေးလျှောက်လမ်းကို စနစ်တကျ လျှောက်လှမ်း နေပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ အခြေခံမူကောင်းတွေနဲ့ ထိန်းကွပ်ဦးဆောင်နိုင်စွမ်းရှိဖို့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို နိုင်ငံရေးအခြေခံမူတွေအဖြစ် ကိုင်စွဲပြီး လျှောက်လှမ်းနေပါတယ်။ ယခု တက်ရောက်လာတဲ့ ခေါင်းဆောင်အသီးသီး၊ ကိုယ်စားလှယ်အသီးသီးကလည်း ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကို လေးစားတန်ဖိုးထားကြတဲ့သူတွေ ဖြစ်ကြောင်း ကျွန်တော့် အနေနဲ့ အလေးအနက် ယုံကြည်ထားပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်ရာမှာ ကျွန်တော်တို့ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ အခြေခံမူတွေကို ဗဟိုပြုပြီး ခေါင်းဆောင်မှု ပြုကြပါလို့ အထူး တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရပါလိမ့်မယ်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ တော်လှန်ရေးအင်အားစုအားလုံး သဘောညီထားတဲ့ နိုင်ငံရေးသဘောတူညီချက်တစ်ခုဖြစ်သလို၊ အနာဂတ်နိုင်ငံတော်သစ်ရဲ့ လမ်းစဉ်မူဝါဒတွေဖြစ်ကြောင်း အတည်ပြု ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် ခင်ဗျား…..အရေးတော်ပုံမုချအောင်ရမည်...

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

(၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်)           ဒီနေ့ (၁၃/၂၀၂၃) အစည်းအဝေးကို လုပ်ငန်းတာဝန်တွေ များပြားတဲ့ကြားကနေ မပျက်မကွက် တက်ရောက်ပေးနေကြတဲ့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ အလားတူပဲ မြေပြင်မှာ ပဋိပက္ခတွေတင်းမာနေတဲ့ မြို့နယ်တွေထဲကတစ်ခုဖြစ်တဲ့ ရေစကြိုမြို့နယ်နဲ့ ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် အတွင်းဝန်တွေ တွေ့ဆုံဆွေးနွေးကြတယ်လို့ သိရတဲ့အတွက်လည်း ဝမ်းမြောက် မိပါတယ်။ ဒီလိုတွေ့ဆုံခြင်းအားဖြင့် မြေပြင်မှာဖြစ်နေကြတဲ့ တင်းမာမှုတွေကိုလည်း အတော်အတန် လျော့ချနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း လုံးဝပြေလည်သွားတဲ့အထိ ဆောင်ရွက်ပေး နိုင်ဖို့ကိုလည်း ဆက်လက်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ လည်း ရေစကြိုမှာဖြစ်နေတဲ့ ပြသနာတွေနဲ့ပက်သက်ပြီး အမြန်ဆုံးဆက်လက် ဆောင်ရွက်ပေးဖို့ လိုအပ် မှာဖြစ်ပါတယ်။ အဲ့ဒီလို မြေပြင်ရဲ့အခက်အခဲနဲ့ ပဋိပက္ခတွေကို ပြေလည် အောင်ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ နေရာမှာ မြို့နယ်တစ်ခုချင်းစီရဲ့ ပကတိအခြေအနေအမှန်ကို သိရှိထား ကြဖို့ကလည်း  ပြဿနာများကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်တာကြောင့်   မြေပြင်ရဲ့ သတင်း အချက်အလက်များကို ပြုစုထားဖို့ အမြဲမပြတ် ညွှန်ကြားချက်တွေ ပေးနေရခြင်း ဖြစ်ပါတယ်။        ဒီလအတွင်းမှာ media ပေါ်ထိတက်လာတဲ့ ကိစ္စတွေလည်း ရှိနေသလို တိုင်စာတက်လာတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ ဝက်လက် PDF အမှတ် (၂) တပ်ရင်းက လက်နက်တပ်ဆင်ရန်အတွက် တစ်အိမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုံးကောက်ခံနေမှုကိုလည်း တာဝန်ရှိသူတွေအနေနဲ့ သေသေချာချာ စုံစမ်း မေးမြန်းပြီး နောင်ကိုမဖြစ်ရအောင် စီမံဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒီလိုပဲ ပခုက္ကူမှာလည်း ဖမ်းပြီးငွေကြေးတောင်းခံတဲ့ ပြဿနာက တော်တော်သတင်းတွေထွက်လာတာ ရှိပါတယ်။ ဒါတွေနဲ့ ပါတ်သက်ပြီးလည်း အတွင်းရေးမှူးအဖွဲ့အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ပါ သေချာ ညှိနှိုင်းတိုင်ပင်ပြီး အမြန်ဆုံးဆောင်ရွက်သင့်ပါတယ်။ အကယ်၍ နောက်ပိုင်းမှာ မူဝါဒခိုင်ခိုင်မာမာနဲ့ တာဝန်ရှိသူအဆင့်ဆင့်က စီမံဆောင်ရွက်နိုင်ပြီဆိုရင်တော့ ဗဟိုကော်မတီအထိ ပါဝင်နေစရာ မလိုတော့ပေမယ့် အခုလိုကာလမျိုးမှာတော့ ပင်ပန်းကြပေမယ့်လည်း ပိုပြီးထိရောက်မှုရှိအောင် အတွင်းရေးမှူးအဖွဲ့ဝင်များက ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ် ကြည့်မယ် ဆိုရင် အကြမ်းဖက်စစ်တပ်ဟာ အင်အားချိနဲ့နေပြီဆိုတာ ပိုပြီးပေါ်လွင်လာပါတယ်။ တိုက်ပွဲတိုင်းမှာ ပြန်လည်တိုက်ခိုက်ဖို့ထက် လက်နက်ချအညံ့ခံတဲ့နည်းလမ်း ဒါမှမဟုတ် တပ်ဆုတ်ထွက်ပြေးတဲ့ နည်းလမ်းကို လက်တွေ့ပိုပြီး ကျင့်သုံးလာတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ စစ်ရေးစစ်ရာမှာ အတွေ့အကြုံများစွာ ကြွယ်ဝနေပြီးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲညီညီ ပူးပေါင်းတိုက်စစ်ဆင် ဖော်ဆောင်နိုင်မှုတွေကိုလည်း ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်တာကို တွေ့ရတဲ့အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါတယ်။ ဒါဟာ အနာဂတ်မှာ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာစေမယ့် ပထမဆုံး ခြေလှမ်းလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ (၂) နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး၊ လူမှုဘဝ အဆင့်အတန်းများ၊ ပြည်သူ့ဝန်ဆောင်မှုများ ပြိုကျ ပျက်စီးခဲ့ရသလို ဒေသတွင်းအတွက်လည်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် စစ် ကောင်စီဟာ လက်တွေ့ဖြစ်ပျက်နေတာတွေ၊ ပျက်စီးပြိုလဲနေတာတွေ၊ အရှက်တကွဲ ရှုံးနိမ့်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး၊ အာဏာကို မစွန့်လွတ်ရစေရေးအတွက် မိုက်မဲတဲ့လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်လျက်ရှိနေတာကို တောင်ပေါ်နဲ့ အညာမြေပြန့်၊ ကျေးလက်နဲ့ မြို့ပြမကျန် ခံစားနေရတာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ စစ်မိစ္ဆာတွေလက်အောက် ဘယ်တော့မှမနေဘူး ဆိုတာကို သူတို့ရဲ့ အနစ်နာခံမှုတွေ၊ ပေးဆပ်မှုတွေ၊ ဝေမျှထောက်ပံ့မှုတွေကနေ မြင်တွေ့နိုင်ပြီး ဒီလို ဉာဏ်ပညာ၊ သတ္တိနဲ့ ပေးဆပ်မှုတွေကပဲ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးအတွက်၊ ရှေ့ဆက်ပြီး လုပ်ဆောင်သွားရမယ့် အလုပ်တွေအတွက် ပိုမိုအားရှိစေတဲ့ ခွန်အားတွေ ဖြစ်ရပါတယ်။ ဒီနေရာမှာ ပြည်သူ့ကာကွယ်ရေးအင်အားစုများ၊ အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်း CDM များ၊ ပြည် သူ့အုပ်ချုပ်ရေး၊ ဝန်ဆောင်မှုပေးရေးအတွက် လုပ်ဆောင်နေသူများမှသည် ဒေသအကျိုးအတွက် ဖိအားအမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးကြားက နိုင်ရာတာဝန်ယူပေးနေကြတဲ့ ပြည်သူများအားလုံးရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုများအတွက်လည်း ဂုဏ်ယူလေးစားကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ကြားကာလအုပ်ချုပ်ရေးကို စီမံဆောင်ရွက်တဲ့နေရာမှာ ဝန်ကြီး ဌာနတွေဟာ အရင်းအမြစ်နည်းနည်းနဲ့ စုစုစည်းစည်း ကြိုးစားဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနှင့် ပြည်သူ့လိုအပ်ချက်များပံ့ပိုးရေး၊ ဝန်ဆောင်မှုပေးရေးတို့ဟာ ကြီးမားကျယ်ပြန့်တဲ့ တာဝန်များဖြစ်ပါတယ်။ အစိုးရတစ်ရပ်ကဲ့သို့ ဝန်ထမ်းယန္တရားကြီး တစ်ခုလုံးကို လည်ပတ် ဆောင်ရွက်နေရတာ မဟုတ်တဲ့အတွက် လိုအပ်ချက်တွေရှိနိုင်ပေမယ့် တတ်နိုင်သမျှ စနစ်လည်းကျ၊ အလုပ်လည်းဖြစ်နိုင်ဖို့  ကြိုးစားရမှာဖြစ်ပါတယ်။ ကြားကာလကော်မတီမှ ဝန်ကြီးဌာနများ အနေနဲ့  လည်း လက်ရှိလုပ်ဆောင်မှုများကို  အချိန်နဲ့တပြေးညီ လုပ်ဆောင်ရင်း ပိုမိုကောင်းမွန်မယ့် မူဝါဒ ညွှန်ကြားချက်တွေနဲ့ စီမံအုပ်ချုပ်နိုင်ဖို့အတွက်လည်း အမြဲမပြတ် စဉ်းစားလုပ်ဆောင်နေကြဖို့ အကြံပြုတိုက်တွန်းလိုပါတယ်။၃       နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုတာ အခက် ခဲဆုံး၊ အကြမ်းတမ်းဆုံး အခြေအနေမှာ လမ်းဖောက်ရတာဖြစ်လို့ ချောမွေ့မှုတော့ ရှိမှာမဟုတ်တာ ကို နားလည်လက်ခံထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အစိုးရ တာဝန်ရှိသူများ အချင်းချင်းအကြားမှာ ခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်လေးစားမှုတွေနဲ့သာ ဆောင်ရွက် သွားမယ်ဆိုရင် ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ ကောင်းမွန်တဲ့ ရလဒ်များကို ဖော်ဆောင် နိုင်မှာ ဖြစ်ကြောင်း အားပေးပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားလို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားမတ် ၂၈ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  ‘ဒီသတင်းပတ်ဟာ အစ္စလာမ် ဘာသာ၀င်တွေရဲ့  ရာမာဒန်ဥပုသ် ရာသီရဲ့ အစဖြစ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးမှာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပါ၀င်ကူညီပေးနေကြတဲ့ အစ္စလာမ်ဘာသာ၀င်တွေ အပါအ၀င်၊ မြန်မာပြည်အတွင်း မှီတင်းနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာ၀င်တွေရော၊ ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေကြတဲ့ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာ၀င်အားလုံး ရာမာဒန်ဥပုသ်လမှာ အေးချမ်းစွာ ဥပုသ်စောင့်တည်နိုင်ကြပါစေလို့ ဦးစွာဆုတောင်း မေတ္တာပို့သချင်ပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီဟာ နေ့စဥ်နေ့တိုင်း လူမျိုးပေါင်းစုံကို အကြမ်းဖက် သတ်ဖြတ် နေပြီး၊ လူ့အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ဖျက်ဆီးနေတာကို အားလုံးသိကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ နိုင်ငံတကာ စာမျက်နှာမှာ ပြန်လည်၀င်ဆံ့လာဖို့နဲ့ သူတို့ လုပ်မယ့် ဟန်ပြရွေးကောက်ပွဲကို အထောက်အပံ့ရစေဖို့အတွက် ရိုဟင်ဂျာ လူမျိုးတွေကို ပြန်လည် လက်ခံဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာမျိုးနွယ်တွေအပေါ်မှာထားတဲ့ သဘောထားကတော့ ၂၀၂၁ ခုနှစ်ကတည်းက ထုတ်ပြန်ထားခဲ့တဲ့ “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ပြည်သူများဆိုင်ရာ မူ၀ါဒသဘောထား” အတိုင်းပဲဖြစ်ပါတယ်။ ဒါကြောင့်ရိုဟင်ဂျာ ပြည်သူတွေ အနေနဲ့ မိမိတို့နေရပ်သို့ မိမိတို့ ကိုယ်ပိုင်ဆန္ဒသဘောဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည် အခြေချနေထိုင်ဖို့ လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေတခုကို ရောက်တာနဲ့ တပြိုင်တည်းမှာပဲ ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့  ကူညီလုပ်ဆောင်ပေးသွားမယ်လို့ ထပ်မံပြောကြားလိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားအဖွဲ့အစည်းအချို့နဲ့ တွေ့ဆုံပြီး အတုအယောင် ငြိမ်းချမ်းရေးညီလာခံကို ဖန်တီးဖို့လုပ်ဆောင်နေတာကို တွေ့မြင်နေရပါတယ်။ ဖက်ဆစ်စစ်တပ် ဟာ သူတို့ရဲ့ ပြုမူနေကြ အလေ့အထအတိုင်းပဲ တိုင်းရင်းသားတွေအကြားမှာ နည်းမျိုးစုံနဲ့ သွေးခွဲ သပ်လျှိုဖို့ ကြိုးစားနေတယ်ဆိုတာကို လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပဲ တွေ့မြင်နေရ ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံး စစ်တပ်ရဲ့ ထောင်ချောက်ကို သတိကြီးကြီးနဲ့ စောင့်ကြည့် နေရမဲ့ အချိန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကိုလည်း အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို သတိကြီးစွာထားကြဖို့အတွက် အလေးအနက်တိုက်တွန်း လိုပါတယ်။‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများအားလုံးကိုလည်း လေးစား ဂုဏ်ပြု ကြောင်း ဒီနေရာကနေပြောလိုပါတယ်။ ဒါ့အပြင် ဖက်စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်၀ေခံ လက်နက်ကိုင် အဖွဲ့ကို ကောင်းစွာ မထိန်းချုပ်နိုင်တော့တဲ့အပြင်၊ လက်တွေ့မှာလည်း ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့လျက်ရှိတာကို တွေ့ရပါတယ်။ ဖက်ဆစ်တော် လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားပါတယ်။’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြားကာလ လုပ်ငန်းတာဝန်တွေကို တစိုက်မတ်မတ် လုပ် ဆောင်နေတယ်ဆိုတာနဲ့ ဒီလိုလုပ်ဆောင်ရာမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်များကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး အရင်းအမြစ်တွေ လျော့ပါးချိနဲ့သွားအောင်လုပ်ဆောင် ဖို့ကလည်း တစ်ခုအပါအဝင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အခုဆိုရင် ၂ နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး တော်လှန်ရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ စီမံဆောင်ရွက်လာခဲ့ကြတာလည်း မကြာခင်မှာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလဟာ အိမ်ပြန်ချင်သူတွေအတွက် အင်မတန် ရှည်ကြာတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ အလုပ်တွေ စွန့်၊ ကိုယ်ပိုင်ဘဝတွေကို စွန့်ပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ CDM တွေ၊ စာသင်ခန်းတွေထဲက ထွက်ပြီး တောထဲတောင်ထဲ မကြုံတွေ့ဖူးတဲ့၊ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ PDF တွေအတွက်ဆိုရင် ၂ နှစ်ဆိုတဲ့ကာလက ပိုမိုရှည်ကြာတဲ့ ကာလတစ်ခု ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဝိုင်းကြိုးစားနေကြတယ်ဆိုတာလည်း ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကြိုးစား အားထုတ်မှုတိုင်းမှာ ရလဒ်ကောင်း ထွက်နိုင်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ် ရှိနေတယ်ဆိုတာကို အမြဲ သတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့ဆိုရင် ကျွန်တော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမို ကျစ်လစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက် တာတွေ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံ တော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက် မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘ဒီတစ်ပတ်အတွင်းမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အနေနဲ့လည်း စိုးမိုးထိန်းချုပ်ဒေသတွေရဲ့ မြေပြင်အခြေအနေတွေအရ ပိုမို ထိရောက်အောင် စီမံ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေ ဖိဖိစီးစီး လုပ်နေတယ်လို့ သိရပါတယ်။ မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေမှာဆိုရင်လည်း နေရာဒေသအလိုက် တင်ပြကြတဲ့ အချက်တွေ၊ မေးမြန်းကြတဲ့ မေးခွန်းတွေ၊ ဆွေးနွေးကြတဲ့ ဆွေးနွေးမှုတွေက တူညီနေကြမှာ မဟုတ်ပါဘူး။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အလေးထားပြီး စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေ ပိုမိုကြပ်တည်းလာတဲ့ ရန်ကုန်၊ မန္တလေးတို့လို နယ်မြေက ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာဆိုရင်လည်း သူတို့ရဲ့ အခြေအနေတွေကို သေချာနားထောင်ပြီး မိမိတို့ဘက်က လုပ်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ စစ်ရှိန်မြှင့် လာနိုင်တဲ့ ဒေသတွေဘက်မှာဆိုရင်လည်း လက်ရှိအခြေအနေတွေအရ အင်မတန် အရေးပါတဲ့ ဝန်ကြီးဌာန (၂) ခု ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ဟာ ဟန်ချက်ညီညီနဲ့ အတူတူ လက်တွဲဆောင်ရွက်နိုင်ဖို့ကလည်း အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အရေးကြီးတဲ့ အချိန်ကာလကို ရောက်လာပြီဖြစ်တာကြောင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ ဝန်ကြီးဌာနတစ်ခုချင်းစီအတွင်းမှာလည်း လုံလောက် တဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့အတူ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကလည်း အင်မတန်အရေးပါတဲ့ ကဏ္ဍကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကြိုးစားရုန်းကန်နိုင်လေလေ တော်လှန်ရေး အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့ အကျိုးပြုနိုင် လေလေပဲ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ တချို့သော မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ LDF တွေအနေနဲ့လည်း စိတ်ခံစားမှုအရ social media ပေါ်မှာ ပြောဆိုတာတွေ၊ တော်လှန်ရေးအခြေအနေကို အားမလို အားမရဖြစ်တာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မကျေလည်တာတွေ ပြောဆိုလာကြတာ ရှိသလို မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရဖြစ်တာနဲ့အညီ သေချာနားလည်အောင် ရှင်းပြပေးဖို့ တာဝန်ရှိမှာ ဖြစ်သလို ပြဿနာတွေ သေးတုန်းမှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ code of conduct တွေကို သေချာ နားမလည်တာကြောင့် မှားယွင်း စီမံခန့်ခွဲမှုတွေ မဖြစ်အောင်နဲ့ လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်း ပြုကျင့်မှုမျိုးတွေ မဖြစ်စေဖို့ ထိန်းကျောင်းတည့်မတ်ပေးရမှာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် ဒီနှစ်မှာ အစွမ်းကုန် ရုန်းကန်ပြီး လူမဆန်လွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို မြေပေါ်ကနေ ခြေမချနိုင်တဲ့အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ်နှစ်ဆိုတာနဲ့ ခက်ခဲမှုတွေကို အတူရင်ဆိုင် ကျော်လွှားရင်း အောင်မြင်မှုပန်းတိုင်ဆီ အတူလျှောက်လှမ်းကြဖို့အတွက်လည်း  တိုက်တွန်းပြောကြား ထားပါတယ်။အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက NUG က အစိုးရ တစ်ရပ်အနေနဲ့ မိမိတို့နဲ့ ချိတ်ဆက်နေတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းများနဲ့ တော်လှန်ရေး အင်အားစုများအကြား International Humanitarian Law ကို နားလည်လေးစားပြီး ပိုမိုခိုင်မာစွာ လိုက်နာနိုင်ရန် ICRC/Suu Foundation တို့နဲ့ လက်တွဲလုပ်ဆောင်ရန် ဆွေးနွေးတင်ပြခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၂/၂၀၂၃ တွင် ပြောကြားခဲ့သောပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၂/၂၀၂၃ တွင် ပြောကြားခဲ့သောပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ (၂၈) ရက်၊ အင်္ဂါနေ့။ ကျွန်တော်တို့ရဲ့ တော်လှန်ရေးဟာ အခုဆိုရင် ၂ နှစ်ကျော်ကာလကို ရောက်ရှိလာပြီဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး တော်လှန်ရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ စီမံဆောင်ရွက်လာခဲ့ကြတာလည်း မကြာခင်မှာ ၂ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ၂ နှစ်ဆိုတဲ့ ကာလဟာ အိမ်ပြန်ချင်သူတွေအတွက် အင်မတန် ရှည်ကြာတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ အလုပ်တွေ စွန့်၊ ကိုယ်ပိုင်ဘဝတွေကို စွန့်ပြီး ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရတဲ့ CDM တွေ၊ စာသင်ခန်းတွေထဲက ထွက်ပြီး တောထဲတောင်ထဲ မကြုံတွေ့ဖူးတဲ့၊ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့ PDF တွေအတွက်ဆိုရင် ၂ နှစ်ဆိုတဲ့ကာလက ပိုမိုရှည်ကြာတဲ့ ကာလတစ်ခု ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့နဲ့ တော်လှန်ရေး အင်အားစုတွေ အားလုံးဟာ တော်လှန်ရေးကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဝိုင်းကြိုးစားနေကြတယ်ဆိုတာလည်း ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် ကြိုးစား အားထုတ်မှုတိုင်းမှာ ရလဒ်ကောင်း ထွက်နိုင်ဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်က အကန့်အသတ် ရှိနေတယ်ဆိုတာကို အမြဲ သတိရနေဖို့ လိုပါတယ်။ အချိန်အကန့်အသတ်ကြားက ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဖို့ဆိုရင် ကျွန်တော်တို့တွေအားလုံး ပိုမိုစုစည်းကြဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း စုစုစည်းစည်း၊ အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ လိုသလို မဟာမိတ်အင်အားစုတွေနဲ့လည်း ပိုမို ကျစ်လစ်တဲ့ စုစည်းအားနဲ့ ရှေ့ဆက်နိုင်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ ပြည်ပ နိုင်ငံတကာဆက်ဆံရေးဘက်မှာ လုပ်သင့်လုပ်ထိုက် တာတွေ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေသလို ပြည်တွင်းက အားစိုက်ရမယ့် ခုခံ တော်လှန်စစ်နဲ့အတူ အုပ်ချုပ်ရေး ဖော်ဆောင်နေတဲ့ နေရာဒေသတွေဘက်မှာလည်း ကာကွယ်ရေး၊ အုပ်ချုပ်ရေးကဏ္ဍတွေကို တပြိုင်နက် စီမံဆောင်ရွက်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာဆိုရင် စစ်ရေးအရှိန်မြှင့်လာမှုနဲ့အတူ တော်လှန်ရေးဘက်တော်သားတွေဘက် မှာလည်း ထိခိုက်ကျဆုံးတာတွေကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ ဒီအတွက်လည်း တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအနေနဲ့ အတူတကွ ပေါင်းစပ်ပြီး စနစ်တကျ ကိုင်တွယ်စီမံ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အနေနဲ့လည်း စိုးမိုးထိန်းချုပ်ဒေသတွေရဲ့ မြေပြင်အခြေအနေတွေအရ ပိုမို ထိရောက်အောင် စီမံ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲမှုတွေ ဖိဖိစီးစီး လုပ်နေတယ်လို့ သိရပါတယ်။ မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံမှုတွေမှာဆိုရင်လည်း နေရာဒေသအလိုက် တင်ပြကြတဲ့ အချက်တွေ၊ မေးမြန်းကြတဲ့ မေးခွန်းတွေ၊ ဆွေးနွေးကြတဲ့ ဆွေးနွေးမှုတွေက တူညီနေကြမှာ မဟုတ်ပါဘူး။ ဒါတွေကို တာဝန်ရှိသူတွေအနေနဲ့ အလေးထားပြီး စီမံဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ မြေပြင်အခြေအနေ ပိုမိုကြပ်တည်းလာတဲ့ ရန်ကုန်၊ မန္တလေးတို့လို နယ်မြေက ခေါင်း ဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမျိုးမှာဆိုရင်လည်း သူတို့ရဲ့ အခြေအနေတွေကို သေချာနားထောင်ပြီး မိမိတို့ဘက်က လုပ်ပေးနိုင်သမျှ ကြိုးစားဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ စစ်ရှိန်မြှင့် လာနိုင်တဲ့ ဒေသတွေဘက်မှာဆိုရင်လည်း လက်ရှိအခြေအနေတွေအရ အင်မတန် အရေးပါတဲ့ ဝန်ကြီးဌာန (၂) ခု ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ဟာ ဟန်ချက်ညီညီနဲ့ အတူတူ လက်တွဲဆောင်ရွက်နိုင်ဖို့ကလည်း အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ အရေးကြီးတဲ့ အချိန်ကာလကို ရောက်လာပြီဖြစ်တာကြောင့် ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းခြင်းနဲ့ ဝန်ကြီးဌာနတစ်ခုချင်းစီအတွင်းမှာလည်း လုံလောက် တဲ့ လူ့စွမ်းအားအရင်းအမြစ်နဲ့အတူ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေကလည်း အင်မတန်အရေးပါတဲ့ ကဏ္ဍကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ ကြိုးစားရုန်းကန်နိုင်လေလေ တော်လှန်ရေး အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့ အကျိုးပြုနိုင် လေလေပဲ ဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ တချို့သော မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ LDF တွေအနေနဲ့လည်း စိတ်ခံစားမှုအရ social media ပေါ်မှာ ပြောဆိုတာတွေ၊ တော်လှန်ရေးအခြေအနေကို အားမလို အားမရဖြစ်တာတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် မကျေလည်တာတွေ ပြောဆိုလာကြတာ ရှိသလို မြေပြင်အဖွဲ့တွေ အချင်းချင်း နားလည်မှုလွဲတာတွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရဖြစ်တာနဲ့အညီ သေချာနားလည်အောင် ရှင်းပြပေးဖို့ တာဝန်ရှိမှာ ဖြစ်သလို ပြဿနာတွေ သေးတုန်းမှာ ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ ချမှတ်ထားတဲ့ မူဝါဒတွေ၊ code of conduct တွေကို သေချာ နားမလည်တာကြောင့် မှားယွင်း စီမံခန့်ခွဲမှုတွေ မဖြစ်အောင်နဲ့ လက်နက်ကိုင်ပြီး နိုင့်ထက်စီးနင်း ပြုကျင့်မှုမျိုးတွေ မဖြစ်စေဖို့ ထိန်းကျောင်းတည့်မတ်ပေးရမှာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။  နိဂုံးချုပ်အနေနဲ့ ဒီအစိုးရအဖွဲ့ အစည်းအဝေးမှတဆင့် ပြည်သူတွေဆီကို သတင်းစကား ပါးလိုတာကတော့ တော်လှန်ရေးရဲ့ ခက်ခဲတဲ့ ကာလတွေကို ကျွန်တော်တို့ အတူတကွ ကျော်ဖြတ်ခဲ့ကြတာ ၂ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ကျွန်တော်တို့ အစွမ်းကုန် ရုန်းကန်ပြီး လူမဆန်လွန်းတဲ့ ဒီအကြမ်းဖက် စစ်ကောင်စီတွေကို ကျွန်တော်တို့ မြေပေါ်မှာ ခြေမချနိုင်သည်အထိ အမြစ်ဖြတ် တိုက်ခိုက်သွားရမယ့် နှစ်ဖြစ်ပါတယ်။ ဒါကြောင့် ခက်ခဲမှုတွေကို အတူရင်ဆိုင် ကျော်လွှားရင်း အောင်မြင်မှုပန်းတိုင်ဆီ အတူလျှောက်လှမ်းကြရအောင်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလ မှ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ မိန့်ခွန်းဗီဒီယိုပေးပို့

ယာယီသမ္မတ ဒူဝါလရှီးလ မှ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ မိန့်ခွန်းဗီဒီယိုပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ မှ ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ မိန့်ခွန်းဗီဒီယိုပေးပို့၂၀၂၃ ခုနှစ်၊ မတ်လ (၂၆) ရက်၂၀၂၃ ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်(USA)ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလမှ မိန့်ခွန်းဗီဒီယိုပေးပို့ခဲ့ပါသည်။ ထို့အတူ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်မှ လူထုတွေ့ဆုံပွဲတွင် ပါဝင်တက်ရောက်ခဲ့ပါသည်။အဆိုပါ တွေ့ဆုံပွဲတွင် ယာယီသမ္မတကြီး၏ ပြောကြားချက်တချို့အရ “ကျွန်တော့်အနေနဲ့ နိုင်ငံတကာရောက် တိုင်းရင်းသားပြည်သူလူထုများ ယနေ့လို စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ နွေဦးတော်လှန်ရေးအတွက် အားပေး ထောက်ပံ့မှုတွေ လုပ်နေတာတွေကို ကြားသိ မြင်တွေ့ရတဲ့အတွက် အထူးဝမ်းမြောက် ခွန်းအားရမိပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ ခြားနားနေပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ခြားနားမနေပါဘူးဆိုတာ အထင်အရှားတွေ့ရပြီး ကျနော်တို့ အကြား ညီညွတ်မှုကို တွေ့မြင်နေရတာဟာ တော်လှန်ရေးအတွက် အားတရပ်ဖြစ်ပါတယ်”ဟု ပြောကြားချက်များအပေါ် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ဆက်လက်၍ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အနေဖြင့်လည်း တက်ရောက်လာကြသည့် လူထုများ၏ မေးခွန်းများအား ဖြေကြားသည့်ကဏ္ဍကိုလည်း လုပ်ဆောင်ပြီးနောက် မြန်မာလူထု တွေ့ဆုံပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

Federal Democracy Charter Web Application

Federal Democracy Charter Web Application

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) တို့ကို web application မှာ ဘာသာစကားမျိုးစုံနဲ့ ဖတ်ရှုနိုင်ပါပြီ။📱App ကို ဖုန်းမှာ Install ပြုလုပ်ဖို့အတွက် QR code ကို scan ဖတ်ပြီးသော်လည်းကောင်း၊ app.federaldemocracycharter.com ကို ဝင်ရောက်ပြီးတော့သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။ Add to Home Screen ပြုလုပ်ထားတယ်ဆိုရင်တော့ cache clear မလုပ်မချင်း အင်တာနက်မရှိလည်း offline ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။🖥️Tablet နဲ့ Desktop တွေအတွက်ကတော့ federaldemocracycharter.com ကနေလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။📱Mobile - app.federaldemocracycharter.com🖥️Tablet and Desktop - federaldemocracycharter.com📚စာအုပ် PDF အနေနဲ့ ရယူလိုပါက https://nucc-federal.org/federal-democracy-charter/ မှာ ရယူနိုင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီမှ ကြိုးပမ်းလျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်ကောင်စီမှ ကြိုးပမ်းလျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်ကောင်စီမှ ကြိုးပမ်းလျက်ရှိသည့်အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ကြေညာချက် (၁/၂၀၂၃)၂၀၂၃ ခုနှစ် လ (၂၀) ရက်၁။ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆင်ခြင်ဉာဏ်မရှိသော အကြောင်းအမျိုး မျိုးပြ၍ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတရား အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ လိုအင်ဆန္ဒကို စိုးစဉ်းမျှ အလေးထားမှုမရှိဘဲ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူတစု၏ စည်းစိမ်ဥစ္စာကို ကာကွယ်ရန် အတွက် လက်နက်အားကိုးဖြင့် လူမဆန်ဂုဏ်သိက္ခာမဲ့သော အကြမ်းဖက်မှုပေါင်းစုံ ကျူးလွန်လာခဲ့ သည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။ ၂။ ခေတ်အဆက်ဆက် လက်နက်အားကိုး ဗိုလ်ကျစိုးမိုးခဲ့သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရေးအတွက် ယခုနွေဦးတော်လှန်ရေးကြီးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီး၌ ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့ဘက် တော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးစုပေါင်းလက်တွဲ၍ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ၏ အားပေးထောက်ခံမှုဖြင့် ဆင်နွှဲလျက်ရှိသည်။ ၃။ ယခုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေပြီဖြစ်သည့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက် ရရှိရန် အလို့ငှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အပူတပြင်း ကြိုးပမ်းလျက်ရှိသည်။၄။ မိမိတို့နွေဦးတော်လှန်ရေးကြီး၏ အခြေခံလမ်းညွှန်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁)၊ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) အရ အသွင်ကူးပြောင်းရေးကာလအတွင်းတွင် တိုင်းပြုပြည်ပြုညီလာခံကြီးကိုကျင်းပကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲများကို ကျင်းပသွားရမည်ဖြစ်သည်။ တချိန်တည်းတွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၌လည်း သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အသီးသီးနှင့်အညီ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့် ရွေးကောက်ပွဲများကို ကျင်းပသွားရမည်ဖြစ်သည်။ ၅။ အကြမ်းဖက်စစ်အုပ်စုမှ တနိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူတရပ်လုံးအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် မီးရှို့နေချိန်၊ လေကြောင်းဖြင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်နေချိန်တွင် ၎င်းတို့ နိုင်ငံရေးထွက်ပေါက်အတွက် ကြိုးပမ်းလျက်ရှိသည် ရွေးကောက်ပွဲသည် နိုင်ငံရေးအရသော်လည်းကောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း တရားဝင်မှုမရှိသည့်အပြင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ၏ စံတန်ဖိုးများနှင့် ညီညွတ်မှုမရှိကြောင်း သိစေအပ်ပါသည်။ ၆။ သို့ဖြစ်ပါ၍ အဖွဲ့အစည်းအသီးသီး၊ အင်အားစုအသီးသီးနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စုစည်းညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်သွားကြရန် ထုတ်ပြန်ကြေညာအပ်ပါသည်။ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း

တရုတ်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ် ယာယီသမ္မတ ဒူဝါလရှီးလ၏ ကြိုဆိုမိန့်ခွန်း၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်လူမျိုးများအတွက် ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးဖြစ်ပါစေ။ ယုန်နှစ်ကို ကြိုဆိုပါတယ်။ မြန်မာတရုတ်များသည် လွန်ခဲ့သောနှစ်များအတွင်း အရေးပါသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။ အနာဂတ်မှာ ကျွန်ုပ်တို့အားလုံးပါဝင်သော မြန်မာပြည်သစ်ကို တည်ဆောက်ကာ မတူကွဲပြားမှုများကို အတူတကွ အသိအမှတ်ပြု ကြိုဆိုကြပါမည်။