နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန=======================သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်=======================အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မေလ ၇ ရက်နေ့က တောင်ကြီးမြို့၌ ဖြစ်ပွားခဲ့သည့် သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပါသည်။ ယင်းကဲ့သို့တိုက်ခိုက်မှုများသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိမိတို့တော်လှန်ရေး၏ အခြေခံမူများ လုံးဝဆန့်ကျင်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာစည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံစွာ ဖြန့်ဝေသွားနိုင်ရေးအတွက် အစဉ်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့ခြင်း မရှိသကဲ့သို့ ယင်းဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ် ပြုထားမည် မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့အနေဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိပြီဖြစ်ပါသည်။ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ အခြေအနေမှာ ရှုတ်ထွေးလျက်ရှိပါသည်။ ဥပဒေရေးရာနှင့် အချက်အလက်တို့နှင့် စပ်လျဉ်း၍ ဂရုတစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရလာဒ်များကိုလည်း ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထား၍ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် သဘောထားထုတ်ပြန်ချက်

ကျေးရွာလူနေအိမ်များအား ပစ်မှတ်ထား၍ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့်တိုက်ခိုက်၍ အပြစ်မဲ့အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးရမှုအပေါ် သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်၁။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက် နံနက် ၇:၄၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ကလေးများအပါအဝင် ရွာသူရွာသားများအား အကြမ်းဖက်စစ်တပ်၏ တံတားဦး လေဆိပ်မှ ဂျက်ဖိုက်တာ တစ်စီးက ဗုံးနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီး၊ နောက်ထပ် ငါးမိနစ်ခန့်အကြာ ၇:၅၀ အချိန်တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ MI 35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် ဒုံးကျည် နှစ်လုံးအပြင် စက်သေနတ်များဖြင့်ပါ ထပ်မံပစ်ခတ်တိုက်ခိုက် ခဲ့ပါသည်။၂။ အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုတွင် ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ ဦးခန့် သေဆုံးခဲ့ရပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။၃။ ယခင်ကလဲ ချင်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ၂၀၂၃ ခု ဧပြီလ ၁၁ ရက် နံနက်တွင်လည်း ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့အား အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ဦးသေဆုံးကာ ၄ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့ပါသည်။ အကြမ်းဖက်စစ်အုပ်စုသည် ကချင်၊ ကရင်နီ နှင့် ကရင်ပြည်နယ် များတွင်လည်း အရပ်သားများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ တနိုင်ငံလုံးရှိ အရပ်သားပြည်သူများအား လူမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေ သည်မှာ အသေအချာပင်ဖြစ်ပါသည်။ ၄။ ဤလုပ်ရပ်များသည် စစ်ပွဲဆိုင်ရာဥပဒေ (1907 Hague Convention) အပိုဒ် (၂၅)၊ (၂၆)၊ (၂၇) နှင့် ဂျီနီဗာကွန်ဗင်းရှင်း၊ ပရိုတိုကောလ်အပိုဒ် (၁) တို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ရုံ သာမက၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုတို့ကို ထပ်မံ ကျူးလွန်ခြင်း လည်း ဖြစ်သည်။၅။ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် ယုတ်မာရက်စက်မှုကြောင့် သေဆုံးသွားရသူများ အတွက် လွန်စွာဝမ်းနည်းကြေကွဲရပါသည်။၆။ ဤသို့သော သတ်ဖြတ်မှုများကို အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံ နေရာအနှံအပြား၊ ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျကျူးလွန်နေခြင်းကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။၇။ ယခုကဲ့သို့ ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူအားလုံးအတွက် တရားမျှတမှုကို မဖြစ်မနေ ပြန်လည်ရယူပြီး မိမိတို့တိုင်းရင်းသားပြည်သူတရပ်လုံး၏ ပန်းတိုင်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ မလွဲမသွေရောက်ရှိသည်အထိ ကြိုးပမ်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း အလေးအနက် ကတိပြုပါသည်။၈။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဤသို့သောလူမဆန်သည့် လုပ်ရပ်များအတွက် အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဝိုင်းဝန်းဆန့်ကျင်၍ ထိရောက်သော အရေးယူမှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန်လည်း ထပ်မံတိုက်တွန်းအပ်ပါသည်။တော်လှန်ရေးသစ္စာဖြင့်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ - NUCC

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ထုတ်ပြန်ချက်

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှု ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့၁။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာကို ၂၀၂၃ ခုနှစ်၊ဧပြီလ ၁၁ ရက်၊ ယနေ့မနက်ပိုင်းတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက် ခဲ့သည့်အတွက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်များအပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရသည်။၂။ အသက်ဆုံးရှုံးသွားရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်းနှင့် သက်ဆိုင်သူများ၏ မိသားစု များနှင့်တသားတည်း အတူတကွရှိနေပါကြောင်း အထူး ဖော်ပြလိုသည်။၃။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် အရပ်သားနှင့် လက်နက်ကိုင်ဟူ၍ သတ်မှတ်ခွဲခြားခြင်းမရှိ အလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေကြောင်း ယခုဖြစ်ရပ်က ထပ်မံသက်သေပြနေသလို စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းလည်း ဖြစ်သည်။၄။ ဤအကြမ်းဖက်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးသည်  စက်ဆုတ်ရွံရှာဖွယ် ကောင်းသော စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုပေါ် ကျုးလွန်သော ရာဇဝတ်မှုများ ဖြစ်သည်။ ၅။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု အဆုံးသတ်ပြီး စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးတိုင် ဖယ်ရှားနိုင်မှသာ တိုင်းပြည်လူထု တည်ငြိမ်အေးချမ်းမှုရပြီး သာယာဝပြောရေးဆီ ဦးတည် နိုင်မည်ဆိုသည်ကို ယနေ့ဖြစ်ရပ်က ထပ်လောင်း သတိပေးလိုက်သည်ဟု မိမိတို့မှတ်ယူသည်။ ထိခိုက် ဆုံးရှုံးရသည့် လူထုဘဝများအချည်းနှီးမဖြစ်စေရေး၊ တပြိုင်တည်းတွင် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး ရည်မှန်းချက် အမြန်ဆုံး ပေါက်ရောက်အောင်မြင်စေရေး ပိုမို၍ အစွမ်းကုန် အားထုတ် လုပ်ဆောင်သွားမည့် အကြောင်း အခိုင်အမာ ကတိပြုလိုက်သည်။ ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ။   

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၏ ထုတ်ပြန်ချက်

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၏ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၁) ရက်တိုင်းသူပြည်သားများခင်ဗျာဒီကနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် (၈)နာရီကျော်ခန့်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ လေကြောင်းကနေ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အပြစ်မဲ့ ဒေသခံပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိနေကြောင်း ဝမ်းနည်းစွာကြား သိရပါတယ်။ အသက်ဆုံးရှုံးသွားကြရသူတွေရဲ့မိသားစုဝင်များနဲ့အတူ ကျွန်တော်တို့အားလုံး အင်မတန် ထိခိုက်ကြေကွဲဝမ်းနည်းရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ သူ့ရဲ့ တကယ့်ဇာတိရုပ်ကို ထပ်မံဖော်ထုတ်ပြသလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ နောက်ဆုတ်ယိမ်းယိုင်သွားမှာမဟုတ်ဘဲ အခုလိုဖြစ်ရပ်တွေက ကျွန်တော်တို့အားလုံးကို ဆထက်ထမ်းပိုး ဆက်လက်အားထုတ် တိုက်ပွဲဝင်သွားကြဖို့ ကြီးမားတဲ့ တွန်းအားဖြစ်ပါတယ်။ ကြေကွဲစရာဆုံးရှုံးမှုများအတွက် အလဟဿမဖြစ်စေရဘူးဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက်ပြောကြားလိုက်ပါတယ်။ အခုလိုရက်စက်ယုတ်မာမှုများ မဝေးတော့တဲ့တနေ့မှာ လုံးဝရပ်ဆိုင်းသွားအောင် ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အချိန်တိုင်း အားထုတ်ကြိုးပမ်းနေကြပါတယ်။ ဆက်လက်ပြီး ပိုမိုအားထုတ်ကြိုးပမ်းသွားပါ့မယ်ဆိုတာ ပြည်သူများကိုပြောကြားလိုပါတယ်။အရေးတော်ပုံ မုချအောင်ရမည်..

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် ပူးတွဲကြေညာချက်

ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်၁။ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြသော သက်ဆိုင်သူ များ (Stakeholders) က စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေး ဟူသည့် လုပ်ငန်းများကို ဆောင်ရွက်သွား ရန် ရည်ရွယ်၍ ရေးဆွဲအတည်ပြု ပြဌာန်းခဲ့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည် ယနေ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ၂။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့် ထပ်တူဖြစ်သော အထက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) တွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၂) ဆင့်ကို အတိအလင်း ထည့်သွင်းပြဌာန်းထားပြီးဖြစ်သည်။ ၃။ မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) တွင် ပါဝင်သည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း လုပ်ငန်းစဉ် အတွက် ချမှတ်ထား သော လမ်းညွှန်အခြေခံမူများထဲတွင် ပါဝင်သည့် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်” ဟူသည့် ပြည်ထောင်စု မျှော်ရည်ချက်ကို ရောက်ရှိသည်အထိ မိမိတို့၏ လမ်းပြမြေပုံအတိုင်း ဦးလည်မသုန် ဆက်လက်လျှောက်လှမ်း သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။၄။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးတွဲကျင်းပသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့်အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီး က သဝဏ်လွှာများ ပေးပို့ကြသည့်အတွက် ကျေးဇူးတင်ပါကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ခရီးတွင် ပိုမို သွေးစည်း ညီညွတ်သော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ရည်မှန်းလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲများ တွင် ပါဝင်ဆွေးနွေးခဲ့ကြသော ဦးဆောင်ဆွေးနွေးခဲ့ကြသူများ၏ အကြံဉာဏ်များအပါအဝင် ပြည်သူ လူထုတရပ်လုံးနှင့် တော်လှန်ရေး၏ အရေးကြီးသော Stakeholders များ၏ အကြံပြုချက်များ ကိုလည်း အလေးအနက်ထားထည့်သွင်းစဉ်းစားကာ ဆက်လက် လျှောက်လှမ်း သွားမည်ဖြစ်ပါ ကြောင်း ကတိပြုပြောကြားအပ်ပါသည်။#FDC #NUCC #NUG #NUCC_NUG_Joint_Statement

အကြမ်းဖက်စစ်ကောင်စီမှ ကြိုးပမ်းလျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်ကောင်စီမှ ကြိုးပမ်းလျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

အကြမ်းဖက်စစ်ကောင်စီမှ ကြိုးပမ်းလျက်ရှိသည့်အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ကြေညာချက် (၁/၂၀၂၃)၂၀၂၃ ခုနှစ် လ (၂၀) ရက်၁။ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆင်ခြင်ဉာဏ်မရှိသော အကြောင်းအမျိုး မျိုးပြ၍ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည့်အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မတရား အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ လိုအင်ဆန္ဒကို စိုးစဉ်းမျှ အလေးထားမှုမရှိဘဲ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် လူတစု၏ စည်းစိမ်ဥစ္စာကို ကာကွယ်ရန် အတွက် လက်နက်အားကိုးဖြင့် လူမဆန်ဂုဏ်သိက္ခာမဲ့သော အကြမ်းဖက်မှုပေါင်းစုံ ကျူးလွန်လာခဲ့ သည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။ ၂။ ခေတ်အဆက်ဆက် လက်နက်အားကိုး ဗိုလ်ကျစိုးမိုးခဲ့သော စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရေးအတွက် ယခုနွေဦးတော်လှန်ရေးကြီးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီး၌ ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့ဘက် တော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများ အားလုံးစုပေါင်းလက်တွဲ၍ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ၏ အားပေးထောက်ခံမှုဖြင့် ဆင်နွှဲလျက်ရှိသည်။ ၃။ ယခုအချိန်တွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အဖက်ဖက်မှ ယိုယွင်းပျက်စီးနေပြီဖြစ်သည့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက် ရရှိရန် အလို့ငှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အပူတပြင်း ကြိုးပမ်းလျက်ရှိသည်။၄။ မိမိတို့နွေဦးတော်လှန်ရေးကြီး၏ အခြေခံလမ်းညွှန်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် အစိတ်အပိုင်း (၁)၊ နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) အရ အသွင်ကူးပြောင်းရေးကာလအတွင်းတွင် တိုင်းပြုပြည်ပြုညီလာခံကြီးကိုကျင်းပကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးဆွဲအတည်ပြုပြဋ္ဌာန်းပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲများကို ကျင်းပသွားရမည်ဖြစ်သည်။ တချိန်တည်းတွင် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ၌လည်း သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အသီးသီးနှင့်အညီ ပြည်နယ်အဆင့်၊ ဒေသန္တရအဆင့် ရွေးကောက်ပွဲများကို ကျင်းပသွားရမည်ဖြစ်သည်။ ၅။ အကြမ်းဖက်စစ်အုပ်စုမှ တနိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူတရပ်လုံးအား အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ် မီးရှို့နေချိန်၊ လေကြောင်းဖြင့် ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်နေချိန်တွင် ၎င်းတို့ နိုင်ငံရေးထွက်ပေါက်အတွက် ကြိုးပမ်းလျက်ရှိသည် ရွေးကောက်ပွဲသည် နိုင်ငံရေးအရသော်လည်းကောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း တရားဝင်မှုမရှိသည့်အပြင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ၏ စံတန်ဖိုးများနှင့် ညီညွတ်မှုမရှိကြောင်း သိစေအပ်ပါသည်။ ၆။ သို့ဖြစ်ပါ၍ အဖွဲ့အစည်းအသီးသီး၊ အင်အားစုအသီးသီးနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအနေဖြင့် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းမပြုဘဲ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စုစည်းညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်သွားကြရန် ထုတ်ပြန်ကြေညာအပ်ပါသည်။ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

E-Police Station ဖွဲ့စည်းခြင်း

E-Police Station ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgE-Police Station ဖွဲ့စည်းခြင်းအမိန့်ကြေညာစာအမှတ်(၃ /၂၀၂၃)၁၃၈၄ခုနှစ် ၊ ပြာသိုလပြည့်ကျော် (၁၅) ရက်၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၁။ ၂.၅.၂၀၂၂ရက်နေ့တွင်  ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် (၂/၂၀၂၂) ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေအား အတည်ပြုပြဌာန်းခဲ့ပါသည်။ ၇.၆.၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေငြာစာအမှတ်  (၁၂/၂၀၂၂) ဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့ ကို စတင်ဖွဲ့စည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ် နယ်မြေများတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။၂။ ယခုအခါတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ စိုးမိုးထိန်းချုပ်နယ်မြေများတွင် သာမကပဲ နိုင်ငံတဝှမ်းလုံးရှိ အကြမ်းဖက်စစ်ကောင်စီနှင့်လက်အောက်ခံများမှ ကျူးလွန် သော ရာဇဝတ်မှုများနှင့် ပြည်သူအချင်းချင်းကျူးလွန်သော ရာဇဝတ်မှုများအား မှတ်တမ်း တင် ထိန်းသိမ်းရန်နှင့် ပြစ်မှုကျူးလွန်သူ တရားခံများအား တရားဥပဒေ၏ ရှေ့မှောက် သို့ပို့ဆောင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေပုဒ်မ ၁၄ (ခ)အရ ပြည်သူ့ရဲတပ်ဖွဲ့ လက်အောက်တွင် E police station အား ဖွဲ့စည်းလိုက်သည်။(ပုံ) လွင်ကိုလတ်ပြည်ထောင်စုဝန်ကြီးပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ပေးပို့သည့်  တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာ

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ပေးပို့သည့် တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgနိုင်ငံခြားရေးဝန်ကြီးဌာန၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက်(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်)နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်မှ တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ပေးပို့သည့်  တရုတ်နှစ်သစ်ကူးနေ့သဝဏ်လွှာအဆွေတော် ယခု ၂၀၂၃ ခုနှစ် တွင်ကျရောက်သည့် တရုတ်နှစ်သစ်ကူး အခါသမယတွင် တရုတ်ပြည်သူများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင် ငံငြိမ်း ချမ်း သာယာပါ စေကြောင်း ဦးစွာ  နှုတ်ခွန်း ဆက်သအပ်ပါသည်။ ကုန်လွန်ခဲ့သည့် (၂၀၂၂) ခုနှစ်ကာလသည် တရုတ်ပြည်သူများ၊ တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် တို့ အတွက် အောင်မြင်မှု အသီးအပွင့်များ စွာ ရရှိခဲ့သည့် ကာလတခုဖြစ်ပါသည်။ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ် ပါတီ ကွန်ဂရက်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ဒေသတွင်း ကိစ္စရပ်များ တွင်လည်း တရုတ်နိုင်ငံ၏ အရေးပါမှုကို ပြသနိုင်ခဲ့ပါသည်။ ထိုသို့သော အောင်မြင်မှုများစွာအတွက် လည်း မိမိတို့ မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနှင့် များစွာဂုဏ်ယူမိပါသည်။ တရုတ်သမ္မတ Xi Jinping ၏ တတိယသက်တမ်း ထမ်းဆောင်ခွင့် ရရှိမှုနှင့် အဆွေတော် Mr. Qin Gang ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခံခဲ့ရမှုကို မိမိတို့ အနေနှင့် လှိုက်လှဲစွာကြိုဆိုကြောင်း ထပ်လောင်း ဖေါ်ပြလိုပါသည်။ ထို့အတူ မိမိတို့ အမျိုးသားညီညွတ် ရေးအစိုးရ အနေနှင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်အပ်နှံ့နိုင်ရေး အတွက်  ရပ်တည်ခဲ့မှုများကို အထူးပင်ကျေးဇူးတင်ရှိ အပ်ပါသည်။နိုင်ငံတကာ မျက်နှာစာ၊ အထူး သဖြင့် ကုလသမဂ္ဂ နဲ့ လုံခြုံရေးကောင်စီမျက်နှာစာ တို့တွင် ထောက်ခံ ကူညီပေးနေသည့် အတွက် အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ မိမိတို့မြန်မာပြည်သူများအပေါ်အကြမ်းဖက် ဖိနှိပ်နေသည့် စစ်အုပ်စုနှင့် အတူ မရပ်တည်ကြောင်း ပြသလိုက်ခြင်း သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာပြည်သူများအပေါ် အိမ်နီးချင်း ကောင်းပီသကြောင်းသက်သေထူပြလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ အဆိုပါရပ်တည်မှုအတွက် မြန်မာပြည်သူများမှ အမြဲ အမှတ်တရ ရှိနေမည် ဖြစ်ပါသည်။ ထို့အပြင် မြန်မာပြည်သူများနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ လက်ရှိဆင်နွှဲနေသည့် တော်လှန်ရေး၏ အောင်မြင်မှု အသီးအပွင့်များသည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကျိုးစီးပွါးအပါအဝင် ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွါးနှင့် ရေရှည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက်  မည်သည့် နည်းနှင့် မျှထိခိုက်မှုရှိစေလိမ့်မည် မဟုတ်ဘဲ ပိုမိုအကျိုးရှိစေလိမ့်မည်သာဖြစ်ကြောင်း မိမိ တို့ ယုံကြည်စွာအာမခံနိုင်ပါ  သည်။မိမိတို့အမျိုးသားညီညွတ်ရေးအစိုးရနှင့်မြန်မာပြည်သူများ မျှော်မှန်းထားသည့် ဖက်ဒရယ်နိုင်ငံတော်သစ်သည် အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်ပြည် သူ့သမ္မတ နိုင်ငံသို့ ကောင်းကျိုး အသီးအပွင့်များသာ ယူဆောင် လာလိမ့် မည်ဖြစ်ပါသည်။ နိဂုံးချုပ်အနေနှင့် နှစ်ပေါင်းများစွာချစ်ကြည် ရင်းနှီးသော အစဥ်အလာရှိသည့် မိမိတို့နှစ်နိုင်ငံအနေနှင့် လာမည့် (ယုန်နှစ်) နှစ်သစ်တွင်လည်း ပိုမိုရင်းနှီးစွာဆက်ဆံလာနိုင်မည်ကို မိမိတို့အနေနှင့် ယုံကြည်လျက် ရှိပါသည်။ တရုတ်မြန်မာ နှစ်နိုင်ငံပြည်သူများ အတွက် စစ်မှန်သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မာစွာ တည်ထောင်နိုင်မည့် နှစ်တနှစ် ဖြစ်ပါစေကြောင်း နှစ်သစ်ဆုမွန် ကောင်း တောင်းအပ်ပါသည်။ဒေါ်ဇင်မာအောင်ပြည်ထောင်စုဝန်ကြီးနိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ