ဖက်ဒရယ်စာစောင် အမှတ် (၆) နှင့် ပတ်သက်၍ ရှင်းလင်းချက်

ရှင်းလင်းချက်

(၁)  ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့ တွင်ထုတ်ဝေခဲ့သော ဖက်ဒရယ်စာစောင် အမှတ် (၆) နှင့် ပတ်သက်၍ စာဖတ်သူများ၏ တုန့်ပြန်ချက်များစွာကို ရရှိထားပါသည်။ စာဖတ်သူများ၏ စိတ်ဝင်စားမှုအပေါ် အထူး ကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်။ 

(၂)  ဖက်ဒရယ်စာစောင်သည် ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ထုတ်ဝေခြင်း ဖြစ်ပါသော်လည်း  အမျိုးသားညီညွတ်ရေး အစိုးရ၏ ပေါ်လစီစာတမ်း မဟုတ်ပါ။ ဖက်ဒရယ်ပညာပေး စာစောင်သာလျှင် ဖြစ်ပါသည်။ ယင်းကို ဖက်ဒရယ်စာစောင်၏ ရှေ့စာမျက်နှာတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ 

(၃)  ဖက်ဒရယ်စာစောင် အမှတ် (၆) တွင်ဖော်ပြထားသော အကြောင်းအရာ (၂) ခု အပေါ် စာဖတ်သူများ တုန့်ပြန်ချက်တွင် မရှင်းမလင်းဖြစ်သည့်အချက်ကို ပြန်လည်ရှင်းလင်း တင်ပြချင်ပါသည်။

(က)  ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ် ယူနစ်များ၏ အမည်နာမ နှင့် ပတ်သက်၍ စာစောင်၏အာဘော်မှာ - ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ပြဋ္ဌာန်းခဲ့သည့်အတိုင်း “ပြည်နယ်နှင့်တိုင်း”ဟူ၍၎င်း၊ “တိုင်းဒေသကြီးနှင့် ပြည်နယ်” ဟူ၍၎င်း၊ ခွဲခြားခြင်းကို ဆက်လက် မကျင့်သုံးတော့ပဲ၊ အမည်နာမတူများဖြင့်သာ ခေါ်ဆိုသင့်ကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။ ပြည်ထောင်စု ပာူသော အခေါ်အဝေါ်နှင့် ဆက်စပ်မှု  ရှိစေရန်  “ပြည်ထောင်များ” ဟူ၍ ခေါ်ဝေါ်ခြင်းက သင့်တော်မည်လား ဟုတင်ပြခြင်း ဖြစ်ပါသည်။ 

(ခ)  ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက်နှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးကာလ တွင် မဆုံးဖြတ်သေးပဲ၊ အမြဲတမ်းကျင့်သုံးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို တိုင်းပြုပြည်ပြုညီလာခံတွင် ရေးဆွဲပြဋ္ဌာန်းသည့် အခါမှသာ ဆုံးဖြတ်သင့်ကြောင်း မှတ်ချက်ဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု၏  ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်/ဖက်ဒရယ်ယူနစ် အရေအတွက် သည် (၁၄)ခု ဖြစ်ရမည် ဟုဆုံးဖြတ်ချက်ခြင်းမဟုတ်ပါကြောင်း၊ ပြည်သူလူထုက တိုင်းပြုပြည်ပြုညီလာခံတွင် ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စသာလျှင် ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်း တင်ပြအပ်ပါသည်။ 

ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာန

(၁၁ မေလ ၂၀၂၂)