အမျိုးသားညီညွတ်ရေးအစိုးရ ၃၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၃၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◼ CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြားစက်တင်ဘာ ၅ ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၀ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ဒီနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ လက်ရှိ တော်လှန်ရေးအင်အားစုတွေ အပါအဝင် ပြည်သူလူထုအတွက် အရေးကြီးတဲ့ အခြေခံလိုအပ်ချက် တချို့အကြောင်း အနည်းငယ် ပြောချင်ပါတယ်။ အခုဆိုရင် နွေဦးတော်လှန်ရေးက (၃) နှစ်တာ ကာလ အထိ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာ ကျွန်တော်တို့တတွေဟာ ဘယ်လို ခြေလှမ်းမျိုးတွေကို ပီပီပြင်ပြင် ပေါက်ပေါက်မြောက်မြောက် လျှောက်လှမ်းထားကြပြီးပြီဆိုတာကို ပြန် လည် ဆန်းစစ်ဖို့လိုပါတယ်။ ဘယ်လိုအလုပ်မျိုးတွေဟာ ပြည်သူလူထုကို ကျေးဇူးပြုစေတဲ့ တော်လှန် ရေးအလုပ်တွေဖြစ်ပြီး ဘယ်လိုလုပ်ရပ်မျိုးတွေကတော့ ပြည်သူလူထုအတွက် ဘေးထွက်ဆိုးကျိုး ဖြစ်စေတဲ့ ကိစ္စရပ်မျိုးတွေဆိုတာကို ခွဲခြားသုံးသပ်ကြဖို့ လိုပါတယ်။ ဒီလို ပိုင်းခြားသုံးသပ်ပြီး ရှေ့ဆက် ရမယ့် တော်လှန်ရေးခရီးစဉ်တွေကို အမှားအယွင်းနည်းနိုင်သမျှ နည်းနည်းနဲ့ ရှေ့ဆက်လျှောက် လှမ်းကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလအတွင်းမှာ ပြည်သူလူထုရဲ့ နားမျက်စိပွင့်ရေးကို အထူးဂရုစိုက်ကြဖို့ လိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ဝေခံ သတင်းဌာနတွေက တကယ့် ပြည်သူတွေဖြစ်ပျက်နေတာတွေကို သတင်းအမှန်ထုတ်ပြန်တာ မရှိပါဘူး။ လွတ်လပ်သော သတင်း  မီဒီယာတွေက ပြည်သူတွေရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ရေးသားဖော်ပြပေမယ့်၊ သူတို့မှာလည်း သတင်းရင်းမြစ်တိကျမှုမှာ အကန့်အသတ်တွေ ရှိနေတာတွေ့ရပါတယ်။ ဒီကြားထဲမှာ ပြည်သူလူထု အနေနဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒီတော့ လက်ရှိအခင်းအကျင်းမှာ ပြည်သူတွေရဲ့ နားမျက်စိပွင့်ရေးဟာ အကန့်အသတ်  တွေ အတားအဆီးတွေနဲ့ ကြုံနေကြရပါတယ်။ ဒါတွေကို သိမြင်နားလည်ပြီး ခေတ်သစ် အိုင်တီ နည်းပညာတွေကို သုံးပြီး ကမ္ဘာကြီးနဲ့ အချိတ်အဆက် မပြတ်ရေးကို ပြည်သူ့အကျိုး ရှေ့ရှုပြီး ကြိုးစား လုပ်ဆောင်ကြဖို့ လိုပါတယ်။ ဒီအနေ့ အစိုးရအဖွဲ့အစည်းအဝေးမှာလည်း ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာနကနေ အင်တာနက်ရရှိရေး စီမံကိန်းဆောင်ရွက်မှုအကြောင်း ရှင်းလင်းတင်ပြဖို့ ရှိတာတွေ့ရပါတယ်။ ဒီလို စီမံကိန်းမျိုးတွေ လုပ်ဆောင်ရာမှာ ပြည်သူလူထုရဲ့ သတင်းမှန်စားသုံးနိုင်မှု မြင့်မားအောင် ကြိုးစားလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ဒါ့အပြင် တိုင်းပြည်ခက်ခဲကျပ် တည်းနေတဲ့ ကာလအတွင်းမှာ လူထုကို မျက်စိပိတ် နားပိတ်ဖြစ်အောင် ကန့်သတ်တားဆီးတာတွေ ရှိနေလို့၊ ကျွန်တော်တို့အနေနဲ့ သမားရိုးကျနည်းလမ်းတွေကို ကျော်ပြီး လူထုကို ကူညီဖို့ တာဝန်ရှိပါ တယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “နောက်တစ်ချက်အနေနဲ့ ပြောချင်တဲ့ အချက်ကတော့ ပြည်သူ့အာဏာ ဖီဆန်ရေးလှုပ်ရှားမှု မဟာဗျူဟာ ချည်းကပ်ပုံနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ပြည်သူ့အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ဆိုတာဟာ တချိန်က သပိတ်မှောက် ကြွေးကြော်သံဖြစ်တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ အနှစ်သာရထက် အများကြီး ပိုလွန်တယ်ဆိုတာ သတိထားမိဖို့ လိုပါတယ်။ CDM လှုပ်ရှားမှုဆိုတာ အကြမ်းမဖက်သော လူထုတိုက်ပွဲနဲ့ နယ်ပယ် ကဏ္ဍတိုင်းမှာ အကျယ်ကျယ်ပြန့်ပြန့် တော်လှန်နိုင်တဲ့ တော်လှန်ရေးစွမ်းရည်မျိုး ရှိနေတာတွေ့ရပါ တယ်။ ဒါ့အပြင် CDM လှုပ်ရှားမှုဆိုတာဟာ လူထုတိုက်ပွဲကို ပုံသဏ္ဍာန် ဒီဇိုင်းပေါင်းစုံနဲ့ အာဏာဖီဆန် တဲ့လှုပ်ရှားမှုဖြစ်တယ်လို့ နားလည်ပါတယ်။ နိုင်ငံရေးအတွေးအခေါ် ရှုထောင့်ကနေ ကြည့်ရင်လည်း CDM လှုပ်ရှားမှုဆိုတာဟာ လူထုကြားထဲမှာ လူထုနိုင်ငံရေးနည်းကို အကျယ်ပြန့်ဆုံး၊ အသိမ်မွေ့ဆုံး နည်းနဲ့ ဆွဲဆောင်စည်းရုံးရတဲ့ လူထုလှုပ်ရှားမှုနည်းနာဖြစ်ပါတယ်။ ဒါကို သတိမူပြီးတော့ CDM  လှုပ်ရှားမှုမှာ အနှစ်အသားပြည့်ဝတဲ့ ရလဒ်တွေထွက်အောင် ဦးဆောင်လှုပ်ရှားကြဖို့ ဖြစ်ပါတယ်။ အခု နွေဦးတော်လှန်ရေးအတွင်းမှာလည်း CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် CDM  လှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီး အောင် ဝိုင်းဝန်း ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် နွေဦးတော်လှန်ရေးအတွင်းမှာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ကျတဲ့ အုပ်ချုပ် စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင်အထည်ဖော်တည်ဆောက်ရေးဟာ ပဓာနကျတဲ့ တာဝန်ဆို တာ မမေ့ဖို့လိုကြောင်း ၊ တိုင်းပြည်နဲ့ လူထုကို တော်လှန်ရေးအစိုးရအနေနဲ့ ဦးဆောင်တဲ့ နေရာမှာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်တွေကို ကျင့်ကြံကြဖို့ အထူး တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အာဆီယံပြည်သူ့ဖိုရမ် (ASEAN People Forum 2023) က မြန်မာစစ်တပ်ကို လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ရာ ဇဝတ်မှုများ ကျူးလွန်နေမှု၊  ဒေသတွင်း လုံခြုံ ရေးနှင့် တည်ငြိမ်မှုကို ခြိမ်းခြောက်လာ‌နေမှုတို့ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တဲ့လုပ်ဆောင်မှုဟာ ကျွန်တော်တို့အစိုးရအနေနဲ့ အားတက် ဝမ်းသာစရာ ကိစ္စတစ်ရပ် ဖြစ်ပါတယ် ။ အရပ်ဖက်အဖွဲ့အစည်းများဦးဆောင်ပြီး နှစ်စဥ်ကျင်းပနေတဲ့ ဒီအာဆီယံပြည်သူ့ဖိုရမ်ကနေ အာဆီယံခေါင်းဆောင်များအနေနဲ့ စစ်ကောင်စီကို တရားဝင်မှုမပေးရန်၊ စစ်ကောင်စီရဲ့လက်နက်နဲ့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန်၊ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်နဲ့ မြန်မာပြည်သူများရဲ့တော်လှန်ရေးကို ထောက်ခံပံ့ပိုးရန်၊ တော်လှန်ရေး အင်အားစုများအားလုံးနဲ့ ပုံမှန်ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်နဲ့ ဒေသခံအဖွဲ့အစည်းများမှတဆင့် အရေးပေါ်လူသားချင်း စာနာမှုအကူအညီများကို တိုက်ရိုက်ချက်ချင်းပေးအပ်ရန်လည်း တိုက်တွန်း ပေးခဲ့တဲ့အတွက်         ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးကို အာဆီယံခေါင်းဆောင်များအနေနဲ့ လျစ် လျုမရှုစေဖို့ရန် မူဝါဒ ရေးရာအရ တွန်းအားတစ်ရပ်ဖြစ်စေတာကြောင့်လည်း ကျေးဇူးတင်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ တော်လှန်ရေးကာလ ၂ နှစ်ကျော် ကြာလာပြီးနောက် လက်ရှိအခြေ အနေတွေကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်တာတွေ အများကြီးတွေ့ရပြီး နေ့တိုင်းလည်း ကဏ္ဍစုံက တိုးတက်မှုတွေ တွေ့မြင်နေရပါ တယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “နိုင်ငံတကာကိုပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေကိုပဲ ဖြစ်ဖြစ် နွေဦးတော်လှန်ရေးရဲ့ အခြေအနေမှန်တွေကို မှန်မှန်ကန်ကန် သတင်းအချက်အလက်ပေးပို့နိုင်ဖို့၊ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ တစ်ဆင့်ချင်းစီကို ဘယ်လို သွားမလဲဆိုတဲ့ အခြေအနေတွေကို ထိထိမိမိ အသိပေး နိုင်ဖို့ အရေးကိစ္စတွေအတွက်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်စရာတွေ အများကြီးရှိမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာရဲ့ အမြင်မှာ ကျွန်တော်တို့တွေ ပေးလိုတဲ့ သတင်း စကားတွေက စုစုစည်းစည်းဖြစ်နေပါမှ သူတို့အနေနဲ့လည်း ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို ဘယ် အပိုင်းက အားပေးကူညီထောက်ပံ့ရမလဲ သိမှာဖြစ်ပါတယ်။ ဒီအတွက်လည်း သတင်းအချက်အလက် တွေကို နည်းလမ်းပေါင်းစုံ အသုံးပြုပြီး ဖြန့်ဝေနိုင်ဖို့အတွက် PR Team အပါအဝင် ဝန်ကြီးဌာနများမှ ဝိုင်းဝန်းကြိုးစား ပေးစေချင်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးတွေ အရမ်းအလုပ်များကြပြီး မနားမနေ ကြိုးစားနေကြတာ သတိထားမိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် လုပ်ဆောင်ချက်တွေ ကလည်း အားရစရာကောင်းလှပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ ဖြစ်တယ်ဆိုတာကို အမြဲ သတိချပ်နေပြီး ကျွန်တော်တို့အစိုးရအနေနဲ့ ဒီတော်လှန်ရေးမှာ အဓိက တာဝန်အရှိဆုံး လုပ်ရမယ့် အလုပ်ဖြစ်တဲ့ စစ်ကောင်စီကို အပြီးတိုင် ဖယ်ရှားနိုင်ရေးကိစ္စကို အမြဲ ဦးစားပေးနေရမှာ ဖြစ်ပါတယ်။ နေ့တဓူဝ ဒုက္ခမျိုးစုံ ခါးစည်းခံနေရတဲ့ ဒုက္ခများကနေ ပြည်သူတွေကို ကယ်တင်ပေးချင်တယ်ဆိုရင် အမြစ်ဖြတ်မယ့်အရာကတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အမြစ်ကနေ ရှင်းပစ်နိုင်ဖို့ပါပဲ။ ဒါကြောင့် ဝန်ကြီးဌာနတွေရဲ့ ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းစဉ်တွေထက် တော်လှန်ရေးအတွက် တိုက်ရိုက် အားထည့် ဆောင်ရွက် ရမယ့် ကဏ္ဍတွေဘက်ကိုလည်း ပိုမိုအားဖြည့် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။  ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အောင်ပွဲရနိုင်ဖို့ဆိုရင်ဒီထက် အားစိုက်လုပ် ဆောင်ရမှာတွေအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းဖို့လိုအပ်ကြောင်း ၊ သွားမယ့်လမ်းကို နိုင်ငံတကာ တာဝန်ရှိသူတွေကလည်း ရှင်းရှင်းလင်းလင်း မြင်နေနိုင်ဖို့လိုကြောင်း နဲ့ ပြည်တွင်းမှ ပြည်သူတွေက ရှင်းရှင်းလင်းလင်း သိနေစေဖို့ သတင်းအချက်အလက် ဖြန့်ဝေမှုတွေ အားကောင်းဖို့ လိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။အစည်းအဝေးမှာ ဆက်သွယ်ရေး ၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က အင်တာနက်ရရှိရေးစီမံကိန်း ဆောင်ရွက်မှုအခြေအနေ တင်ပြဆွေးနွေးခဲ့ပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ကြေညာချက်အမှတ် (၆/၂၀၂၃)

ကြေညာချက်အမှတ် (၆/၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://www.nugmyanmar.orgကြေညာချက်အမှတ် (၆/၂၀၂၃)၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်၁။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော Don Pramudwinai ၏ လတ်တလော မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သည်ဟု အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် သတင်းမီဒီယာများအား ထုတ်ဖော်ပြောဆိုမှု များသည် အာဆီယံ၏ မြန်မာ့အရေး အခြေခံဘုံသဘောတူညီချက်ငါးရပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍတို့ကို ကျော်လွန်စွက်ဖက် ရာရောက်သည်ဟု ရှုမြင်လက်ခံသည်။၂။ အထူးသဖြင့် မတရားဖမ်းဆီး၍ အကျဉ်းထောင်ထဲတွင် တစ်ဦးတည်းသီးသန့် ချုပ်နှောင်ခံထားရသောကြောင့် သတင်းအချက်အလက် မှန်ကန်ပြည့်စုံစွာ လက်ခံရရှိနိုင် ခြင်း မရှိသည့်အပြင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်လည်း ဆုံးရှုံးလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားများဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တဖက်သတ်ကိုယ်စားပြု ထင်ဟပ်ပြောဆိုမှုများသည် ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိသော၊ တရားဝင်မှုအလျဉ်းမရှိသော ပြောဆိုမှုများသာဖြစ်သည်။၃။ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ အနှစ်သာရများ ထွန်းကားစည်ပင်လာစေရန် အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိတ်စေတနာကောင်းဖြင့် ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှကို ကြိုဆိုသော်လည်း တရားမဝင်အာဏာသိမ်း စစ်ကောင်စီအား အရာသွင်း ထိတွေ့ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းဖြင့် အဆိုပါရလဒ်ကောင်းများ မည်သည့်အခါမျှ ရရှိလာလိမ့်မည် မဟုတ်ကြောင်း အလေး အနက်အသိပေးလိုသည်။၄။ မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)ကျော်တိုင် အမြစ်တွယ်၊ ရှင်သန်၊ ဖိစီးနှိပ်စက်လျက်ရှိသော အာဏာရှင် စနစ်မှန်သမျှအား အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲရန်ဖြစ်သည်။၅။ ထိုရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရေးအတွက် ကိုယ်စားပြုမှု စုံလင်ကွဲပြားသော တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းများအကြား တန်းတူ ရည်တူဖြစ်မှု အခြေခံ၍ စု‌ပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိက ဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။၆။ သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ လိုလားတောင့်တ ချက်နှင့်အညီ ချမှတ်ထားသည့် တော်လှန်ရေးပန်းတိုင်၊ အနာဂါတ်ဖက်ဒရယ်မျှော်ရည် ချက်နှင့် စံနှုန်းများကို ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်၍ အောင်ပွဲရသည်အထိ မမှိတ်မသုန်၊ မယိမ်းမယိုင် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြု အသိပေး အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူပိတ်ဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စုအပေါ် အရေးယူပိတ်ဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ချက် (၁၄ / ၂၀၂၃)၁၃၈၅ ခုနှစ်၊ ပထမဝါဆို လဆန်း ၅ ရက်နေ့(၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ ရက်)အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ၎င်း၏ထိန်းချုပ်မှုအောက်ရှိမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့အပေါ် အရေးယူပိတ်ဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်================ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမေရိကန် ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက အကြမ်းဖက်စစ်အုပ်စု၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ၎င်း၏ ထိန်းချုပ်မှု အောက်တွင်ရှိနေသော အကြီးမားဆုံးဘဏ်နှစ်ခု ဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့အား အရေးယူပိတ်ဆို့ခဲ့သည့်အတွက် ကြိုဆိုပါသည်။၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါအရေးယူပိတ်ဆို့မှု၏ အဓိက အချက်အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက် နှိပ်စက်နေသည့် အကြမ်းဖက်စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာနနှင့် ယင်းအကြမ်းဖက်မှုများအတွက် ငွေကြေးအရင်းအမြစ်များကို ပံ့ပိုးပေး နေသည့် အခရာကျသည့် အဖွဲ့အစည်းများ ဖြစ်သည့် ဘဏ်များကို ရည်ရွယ်ပစ်မှတ်ထား၍ အရေးယူ ပိတ်ဆို့ခဲ့ခြင်း ဖြစ်ပါသည်။ စစ်အုပ်စု၏ထိန်းချုပ်မှုအောက်ရှိ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းများ ကို နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက်ရာ၌လည်းကောင်း၊ မြန်မာပြည်သူလူထုအပေါ် ဖိနှိပ်မှုများ ပိုမို ကျူးလွန်နိုင်ရန်အတွက် အရေးယူပိတ်ဆို့ထားသည့် ရုရှားအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာမှ စစ်လက်နက် ပစ္စည်းများကို ဝယ်ယူ တင်သွင်းရေးနှင့် ငွေပေးချေရေးတို့တွင် လည်းကောင်း ယင်းဘဏ် များက အဓိကပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။မြန်မာပြည်သူလူထု၏ ဒီမိုကရေစီတန်ဖိုးများကို ယုံကြည်လိုလားမှု၊ ကြံ့ကြံ့ ခိုင်နိုင်မှု၊ ပြည်သူ့ တော်လှန်ရေးအပေါ် ယုံကြည်ခိုင်မာမှု၊ ထောက်ခံပါဝင်မှုများ ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် အာဏာထိန်းထားနိုင်ခြင်းမရှိဘဲ၊ အကြမ်းဖက်သည့် နည်းလမ်းများကိုသာ ပို၍ အရှိန်မြှင့်တင် လုပ်ဆောင် လာခဲ့ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာမှ လက်နက်များဝယ်ယူအသုံးပြု၍ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦများ အပါအဝင် အရပ်သား နေရာများနှင့် အပြစ်မဲ့ ပြည်သူ များ ကို ပိုမိုပစ်မှတ်ထား ဖျက်ဆီး သတ်ဖြတ်လျက်ရှိပါသည်။အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြီးခဲ့သည့် မတ်လ (၂၄) ရက်နေ့က အကြမ်းဖက်စစ်တပ် ထံသို့ ဂျက်လေယာဉ်ဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ လုပ်ဆောင် ပေးနေသည့် လူပုဂ္ဂိုလ်(၂)ဦးနှင့် အဖွဲ့အစည်း(၆)ခု တို့ကိုလည်း အရေးပိတ်ဆို့ခဲ့ပါသည်။ ဥရောပသမဂ္ဂကလည်း ဖေဖော်ဝါရီလအတွင်းက အကြမ်းဖက်စစ်တပ်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ရငွေများအပေါ် ပစ်မှတ်ထားသည့် အရေးယူ  ပိတ်ဆိုမှုများကို ဆဌမအကြိမ်မြောက်ချမှတ်ခဲ့ပြီး၊ အကြမ်းဖက်စစ်အုပ်စု အနေဖြင့် စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းမီးကျောက်များနှင့် စစ်ဘက်နည်းပညာများ မရရှိနိုင် စေရန် လုပ်ဆောင်ခဲ့ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိကန်အစိုးရနှင့် ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ  ၏ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အနာဂတ်ခရီးလမ်းအတွက် ကြိုးပမ်း နေမှုများအပေါ် အစဉ်တစိုက်အားပေးထောက်ခံမှုများအတွက် ကျေးဇူးတင်ရှိပါသည်။ ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုသည် ပြည်သူလူထု၏ လွတ်လပ်သောဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးကို ပံ့ပိုးပေးရုံ သာမက ဒေသတွင်း တည်ငြိမ်မှုကိုပါ အထောက်အကူဖြစ်စေပါသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံများနှင့် သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ပြီး၊ ငြိမ်းချမ်းသာယာဝပြောသည့် မြန်မာနိုင်ငံ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းထံသို့လည်း အလားတူ အရေးယူပိတ်ဆို့မှုများ ဆောင်ရွက် ပေးပါရန် တိုက်တွန်း အပ်ပါသည်။နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၁၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အားလုံးဟာ တော်လှန်ရေးအရ ကိုင်စွဲတဲ့ နည်းနာတွေ မတူညီကြပေမယ့် လျှောက်တဲ့ လမ်းက အတူတူပဲဆိုတာကို သိမြင်ကြဖို့အတွက် ယာယီသမ္မတကြီး ပြောကြားမေ ၉  ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  ‘အခုဆိုရင် နွေဦးတော်လှန်ရေးဖြတ်သန်းမှုကာလဟာ (၃) နှစ်ထဲကို ချည်းနင်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ကြာညောင်းလာတာနဲ့အမျှ ပြည်သူလူထုရဲ့ စိတ်ရှည် သည်းခံ နိုင်မှု လည်း အတိုင်းအတာတစ်ခုအထိရှိနေပါတယ်။ သို့သော်လည်း လူထုဟာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးမှာ အစဉ်တစိုက် စိတ်အားထက်သန်နေတာတွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်မိပါတယ်။ လူထုထဲမှာ ဘယ်လိုပဲ သဘောထားအမြင်တွေ ကွဲပြားနေသည်ဖြစ်စေ လူထုဟာ စစ်အာဏာရှင် အစိုးရလက်အောက်ကို လုံးဝပြန်မရောက်ချင်ကြ တော့ဘူးဆိုတာ သိသာ ထင်ရှားပါတယ်။ တော်လှန်ရေးဆိုတာကလည်း ဒီရေလို တက်လိုက် ကျလိုက် နိမ့်လိုက် မြင့်လိုက် ဖြစ်တတ်တာ သဘာဝ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားရေချိန် ဆိုတာလည်း အတက်အကျ ရှိတတ်တာမို့ လူထု သဘောထားကိုလည်း ရှေ့ရှုနေရမှာ ဖြစ်သလို၊ တော်လှန်ရေးရလဒ် ထွက်အောင်လည်း ဦးတည် ကြိုးစား နေရပါလိမ့်မယ်။ လူထုရဲ့ စိတ်နေသဘောနဲ့ လိုက်လျောညီထွေစွာ အလိုက်သင့် အလျားသင့် ရှုမြင်သုံးသပ်ပြီး တော်လှန်ရေးသက်လုံ ကျမသွားအောင် ဘက်ပေါင်းစုံက ထိန်းကွပ်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ ညီညွတ်မှုနဲ့အတူ အောင်ပွဲရလဒ်တွေကို ဆုပ်ဆုပ်ကိုင်ကိုင် ပြနိုင်ရပါလိမ့်မယ်။ နိုင်ငံရေးရဲ့ သဘောဟာ နယ်ပယ် ကဏ္ဍအလိုက် လှုပ်ရှားမှု ပုံစံတွေ မတူကြဘူးလို့ ယူဆပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိချပ်သင့်တာက ကျွန်တော်တို့ အားလုံးဟာ တော်လှန်ရေးအရ ကိုင်စွဲတဲ့ နည်းနာတွေ မတူညီကြပေမယ့် လျှောက်တဲ့ လမ်းက အတူတူပဲဆိုတာကို သိမြင်ကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လမ်းချင်းတူလို့ လူချင်း တွေ့ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်း သွားသူချင်း တတ်နိုင်သမျှ ညီညီညွတ်ညွတ်နဲ့ ဖေးမ လျှောက်လှမ်းကြမှ သင့်တော်ပါ လိမ့်မယ်။ ဒီမိုကရေစီရဲ့ အခြေခံနှုန်းစံတွေထဲမှာ လွတ်လပ်စွာ သဘောကွဲလွဲခွင့်နဲ့ လွတ်လပ်စွာ ပြောဆို ဖော်ပြ ခွင့်တွေ ရှိထားပြီး ဖြစ်ပါတယ်။ အခုလည်း လူမှုအရပ်ဘက်နယ်ပယ်က တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအဝန်းအဝိုင်းက လူတွေဟာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် ဝေဖန်မှုတွေ / အားမလို အားမရမှုတွေ ပေါ်ပေါက်နေတယ်ဆိုတာ တွေ့ရပါတယ်။ ဒါကလည်း ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေးဆိုတာ အသက် သွေးချွေးနဲ့ အရင်းအနှီးပေါင်း မြောက်မြားစွာ ရင်းနှီးမြှုပ်နှံပြီး လျှောက်လှမ်းကြရတဲ့ ဖြစ်စဉ်တစ်ခုမို့ ဖြစ်ပါတယ်။‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘ကျွန်တော်တို့အစိုးရအနေဖြင့်လည်း လူထု လူတန်းစား အလွှာအသီးသီးက အသံတွေကို အမြဲတစေ နားစွင့်နေဖို့ လိုအပ်ပါတယ်။ လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့ အသံကို အမြဲတမ်း နားထောင်နေဖို့ အထူးအရေးကြီးပါတယ်။ ကျွန်တော်တို့ဟာလည်း လူထုထဲက ပြည်သူလူထုဖြစ်တာမို့ အားနည်းချက် အားသာချက်တွေ ရှိထားသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရအဖွဲ့အတွင်းမှာလည်း လိုအပ်ချက်တွေ ရှိနေလိမ့်မယ်။ ဒီလို လိုအပ်ချက်တွေကို နည်းနိုင်သမျှ နည်းအောင် ဖြည့်ဆည်းပြီး ကြိုးစားနေကြရမှာ ကျွန်တော်တို့ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး ခရီးရှည်ကြီးကို လျှောက်လှမ်းနေ ကြရတာ ဖြစ်လို့ စိတ်ရှည်သည်းခံနိုင်စွမ်းကို ယခုထက် မြှင့်တင်မှ ကောင်းပါလိမ့်မယ်။ တော်လှန်ရေး ကာလအတွင်းမှာ ပြဿနာကြီးကြီးမားမားတွေလည်း ပေါ်လာသလို၊ ပြဿနာ အသေးအမွှားတွေလည်း ပေါ်ပေါက်လာပါတယ်။ သာမန်ညောင်ည အသေးအမွှားပြဿနာတွေနဲ့ ဝဲလည်လိုက်ပြီး လမ်းဆုံး မသွားကြဖို့ အထူးအရေးကြီးတယ်လို့ တိုက်တွန်းလိုပါတယ်။’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် လူထုတော်လှန်ရေးဟာ ဂိုဏ်းဂဏတိုက်ပွဲ ဝဲဂယက်ထဲ မြှုပ်မသွားအောင် အထူးသတိချပ်ကြဖို့ အထူးတိုက်တွန်းလိုတယ်ဆိုတာနဲ့ မုန်တိုင်းဘယ်လောက်ပြင်းထန်ပါစေ လှေကို အားလုံး တက်ညီလက်ညီနှင့် လျော်ခတ်သွားရမှာဖြစ်ပြီး မုန်တိုင်းအလွန်မှာ သာယာပျော်ရွင်တဲ့အချိန်ကို အတူတကွ ရောက်သွားမှာ ဖြစ်တယ်ဆိုပြီးတော့လည်း ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘ဒီနွေဦးတော်လှန်ရေးကြီးကို တော်လှန်ရေးအင်အားစုများ အားလုံးနဲ့အတူ ညီညီညာညာ တိုက်ပွဲဝင်နေကြတဲ့ KNU-ကရင်အမျိုးသား အစည်းအရုံး ရဲ့ ၁၇ ကြိမ် မြောက် ကွန်ဂရက် အောင်မြင်စွာ ကျင်းပပြီးစီးပြီး တော်လှန်ရေးသမိုင်းကြောင်း အစဉ်အလာကြီးခဲ့တဲ့၊ ကြီးလေးတဲ့ သမိုင်းပေးတာဝန်တွေကို လက်ဆင့်ကမ်းယူကြရမယ့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခေါင်းဆောင်ကြီးတွေကိုလည်း ရွေးကောက်တင်မြှောက်နိုင်ခဲ့ကြောင်း သိရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ KNU-ကရင်အမျိုးသားအစည်းအရုံးကြား တည်ဆောက် ရရှိထားပြီးဖြစ်တဲ့ မဟာမိတ်ဆက်ဆံရေးကို ယခုထက် ပိုမိုအားကောင်းစေပြီး တော်လှန်ရေးအတွက် အကောင်းဆုံး အားတွေ ဖြစ်စေဖို့ အတွက်လည်း စုပေါင်းခေါင်းဆောင်မှုနဲ့ အတူတကွ ဆက်လက် ချီဆက်သွားနိုင်ဖို့ ယုံကြည် ကြောင်းလည်း ပြောကြားလိုပါတယ်။ ဒီတစ်ပတ်အတွင်းမှာ ကျွန်တော်တို့ရဲ့ အိမ်နီးနား ချင်းနိုင်ငံတွေနဲ့ အာဆီယံဘက်မှာလည်း မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ခပ်စိပ်စိပ် လှုပ်ရှားဆောင်ရွက် နေကြတဲ့ အသံတွေလည်း ကြားရပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကိစ္စတွေကို အလေးထား စဉ်းစားပေးကြတဲ့ အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးကို အထူးကျေးဇူးတင်သလို တဆက်တည်း အသိ ပေး ပြောကြားလိုတာက လူထုထောက်ခံမှု ရှိထားပြီး တရားမျှတမှုအတွက် ရင်ဆိုင်တိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရကသာလျှင် ဒေသတွင်း ငြိမ်းချမ်းရေးကို ပြန်လည် ဆောင်ကြဉ်း ပေးနိုင်မယ့် အစိုးရဖြစ်ပြီး တိုင်းပြည်ကို ပုံမှန်အခြေအနေ ပြန်ရောက်အောင်၊ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းပြန်လည် နေထိုင်ခွင့်ရအောင် ဆောင်ရွက်ပေးနိုင်မယ့် တစ်ခုတည်းသော အစိုးရဖြစ် တယ်ဆိုတာကို သိစေလိုပါတယ်။ ရှိသမျှ ပြည်သူကို ရန်သူလို သဘောထားပြီး ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်တွေကစလို့ သက်ကြီးရွယ်အိုတွေပါမချန်၊ ဆေးရုံဆေးခန်း စာသင်ကျောင်းတွေ အားလုံးကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းနေတဲ့ စစ်ကောင်စီကတော့ ဘယ်တော့မှ ပြည်သူတွေ အတွက် အစိုးရတစ်ရပ် မဖြစ်နိုင်တာ အားလုံး သိရှိနားလည်ကြ ပြီးသားနေမှာပါ။ နိုင်ငံတကာထံ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေ၊ ဖြစ်စဉ်အမှန်တွေ ထိထိ ရောက်ရောက် ရောက်ရှိနိုင်ရေးအတွက် လည်း ကျွန်တော်တို့ နိုင်ငံခြားရေးတာဝန်ရှိသူများရော၊ နိုင်ငံတကာဘက် သွားလာလှုပ်ရှားနေကြတဲ့ တာဝန်ရှိသူများရော၊ သတင်းပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်တွေ စီမံဆောင်ရွက်နေကြသူတွေအားလုံး ရော ဒီထက်ပိုမို ကြိုးစားအားထုတ်ပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အထူး အစည်းအဝေး မှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ထိရောက်စွာ အရေးယူနိုင်ရေး ကိစ္စရပ်တွေအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။ ‘ လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း ‘အခုအချိန်ကာလဟာ နိုင်ငံရေးအရ ချိန်ဆ လုပ်ဆောင်ကြရတာတွေ အလွန်များတဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လက်ရှိအခြေအနေက အဖက် ဖက်က ယိုယွင်းပျက်စီးနေတဲ့ အခြေအနေဖြစ်နေတဲ့အတွက် တစ်ဖက်က သူ ဖိနှိပ်လို့ ရမယ့် နေရာ ဒေသတွေမှာ ရနိုင်သ‌လောက် ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး တော်လှန်ရေးမှာ ပြည်သူတွေရဲ့ ပါဝင်နေမှု တွေကို အကြောက်တရားတွေနဲ့ ရပ်တန့်အောင် ပြုလုပ်နေသလို တစ်ဖက်ကလည်း တော်လှန်ရေး အင်အားစုတွေကြား အချင်းချင်း အယုံအကြည်မဲ့စေအောင် သွေးခွဲခြင်းတွေကိုလည်း အကွက်ကျကျ စီမံဆောင်ရွက်နေပါတယ်။ နိုင်ငံတကာဘက်မှာလည်း ကျွန်တော်တို့ တော်လှန်‌ရေး အင်အားစုတွေကို အကြမ်းဖက်တွေ ဖြစ်သယောင်၊ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်း မညီညွတ် သယောင် သတင်းတွေ ထုတ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာ အားလုံးလည်း ကြားသိထားပြီးဖြစ်တာကြောင့် အစစအရာရာ သတိကြီးကြီးထား စီမံဆောင် ရွက်ကြဖို့ လိုသလို မြန်မြန်ဆန်ဆန် တုံ့ပြန်မှုတွေလည်း လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တော်လှန်ရေး အင်အားစုတွေအားလုံးနဲ့ နိုင်ငံရေးအရ ချိတ်ဆက်စီမံဆောင်ရွက်နေမှုတွေကို အင်ပြည့် အားပြည့် လုပ်ဆောင်နေကြသလို တစ်ဖက်ကလည်း အစိုးရအဖွဲ့အတွင်း စီမံဆောင်ရွက်သင့်တာတွေ၊ စီမံဆောင်ရွက်ရမှာတွေကို မနားမနေ လုပ်ဆောင် နေကြတာကို နားလည်ပါတယ်။ အရေးကြီးတာက လုပ်ဆောင်ချက်တိုင်း အရာထင်ဖို့ လိုပါတယ်။ အရွေ့မရှိတဲ့ ဆောင်ရွက်မှုတိုင်းဟာ မဆောင်ရွက်တာနဲ့ တူတူပါပဲ။’ လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် တော်လှန်ရေးဦးဆောင်တဲ့ အစိုးရဖြစ်တာနဲ့ အညီ အချင်းချင်း တစ်ဦးနဲ့ တစ်ဦးကြား နားလည်မှု၊ ညီညွတ်မှုတွေနဲ့ ရှေ့ဆက်ပြီး မဟာမိတ် တော်လှန်ရေး အင်အားစုတွေ အားလုံးနဲ့ ခိုင်ခိုင်မာမာ လက်တွဲကြဖို့အတွက်လည်း တိုက်တွန်းပြောကြားထားပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန=======================သတင်းထုတ်ပြန်ချက် ( ၉ / ၂၀၂၃)ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်=======================အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မေလ ၇ ရက်နေ့က တောင်ကြီးမြို့၌ ဖြစ်ပွားခဲ့သည့် သံတမန်ယာဉ်တန်းအား တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပါသည်။ ယင်းကဲ့သို့တိုက်ခိုက်မှုများသည် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မိမိတို့တော်လှန်ရေး၏ အခြေခံမူများ လုံးဝဆန့်ကျင်လျက်ရှိပါသည်။ မိမိတို့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာစည်းမျဉ်းဥပဒေများအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ဘေးကင်းလုံခြုံစွာ ဖြန့်ဝေသွားနိုင်ရေးအတွက် အစဉ်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရကဖြစ်စေ၊ မိတ်ဖက်များက ဖြစ်စေ အမိန့်ပေးစေခိုင်းခဲ့ခြင်း မရှိသကဲ့သို့ ယင်းဖြစ်ရပ်ကိုလည်း လျစ်လျှူရှုမျက်ကွယ် ပြုထားမည် မဟုတ်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့အနေဖြင့် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက် ရှိပြီဖြစ်ပါသည်။ယင်းတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာ အခြေအနေမှာ ရှုတ်ထွေးလျက်ရှိပါသည်။ ဥပဒေရေးရာနှင့် အချက်အလက်တို့နှင့် စပ်လျဉ်း၍ ဂရုတစိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ရလာဒ်များကိုလည်း ပွင့်လင်း မြင်သာမှုရှိစွာဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”

“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၂) နှစ်ပြည့် ပြည်သူသို့ အစီရင်ခံတင်ပြခြင်း”နိဒါန်း၁။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့သည် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်ရေး အဖွဲ့အစည်းများက လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပြီး မဲပေးပိုင်ခွင့် ရှိသူဦးရေ၏ ၇၅.၉၆ ရာခိုင်နှုန်းမဲပေးခဲ့ကြသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံကာ ပေါ်ပေါက်လာခဲ့သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၂၀၂၀ ရွေးကောက်ပွဲမှရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကိုကိုယ်စားပြုသည့် နိုင်ငံရေးအင်အားစုများနှင့် အခြားနည်းလမ်းများဖြင့် ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကိုကိုယ်စားပြုသော နိုင်ငံရေးအင်အားစု များ၏ တပ်ပေါင်းစုအဖြစ်ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ သဘောတူညီမှုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်မှာ (၂) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အဆိုပါ (၂) နှစ်တာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုက ပေးအပ်ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရတစ်ရပ်အဖြစ် တာဝန်များကို တော်လှန်ရေးအင်အားစု များအားလုံးနှင့် လက်တွဲကာ ဦးလည်မသုန် ကြိုးစားထမ်းရွက်လျက်ရှိကြောင်း ပြည်သူလူထုထံသို့ အစီရင်ခံ တင်ပြအပ်ပါသည်။ နိုင်ငံတကာဆက်ဆံရေး၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၂) နှစ်တာအစိုးရသက်တမ်းတွင် နိုင်ငံခြားရေး၀န်ကြီးဌာနသည် အာဆီယံ, EU အပါအ၀င် နိုင်ငံတကာအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို နိုင်ငံတကာကသိရှိစေရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိရေး၊ အမျိုးသားညီညွတ်ရေး အစိုးရအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး၊ အကြမ်းဖက်စစ်အုပ်စုနှင့် ၄င်းတို့၏ဆက်စပ် မိသားစုဝင်များအား စီးပွားရေးအရပိတ်ဆို့ အရေးယူနိုင်ရေး၊ နိုင်ငံတကာခုံရုံးတွင် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်နိုင်ရေး တို့အတွက် တောင်းဆို မှုများ၊ ဆွေးနွေးမှုများကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးများ၊ လွှတ်တော်ကော်မတီ ဥက္ကဌများ၊ လွှတ်တော်အမတ်များ၊ US သမ္မတဂျိုးဘိုင်ဒင်၏ အမျိုးသားလုံခြုံရေးအကြံပေး တို့နှင့်ပါ တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ယူကေနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံစတဲ့ နိုင်ငံပေါင်း (၈) နိုင်ငံတွင် ကိုယ်စားလှယ်ရုံးများကို ဖွင့်လှစ်နိုင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရသော မြန်မာ နိုင်ငံသားများအရေးနှင့် ရွှေ့ပြောင်းပြည်သူများ၊ ပြည်ပတွင် အခက်အခဲကြုံနေရသော ပြည်သူများကို အကာအကွယ်ပေးနိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အမေရိကန် ပြည်ထောင်စု အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပေဒ ၂၀၂၃ တွင် The Burma Act of 2022 ကို ပေါင်းစပ်ထည့်သွင်းနိုင်ရန် ကြိုးပမ်းခြင်းနှင့် နိုင်ငံပေါင်း (၇) နိုင်ငံရှိ လွှတ်တော်များနှင့် ချိတ်ဆက်ဆောင်ရွက် ခြင်းများကို ပြုလုပ်ခဲ့ပါသည်။  ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်က ထုတ်ပြန်ထားခဲ့သည့် “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာပြည်သူများဆိုင်ရာ မူ၀ါဒသဘောထား” နှင့်အညီ ရိုဟင်ဂျာပြည်သူများ မိမိတို့နေရပ်သို့ မိမိတို့ကိုယ်ပိုင်ဆန္ဒသဘောဖြင့် ဂုဏ်သိက္ခာရှိရှိ ပြန်လည်အခြေချ နေထိုင်ရေးနှင့် ဥပဒေအရ တန်းတူအခွင့်အရေးရနိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိပါသည်။ စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများအတွက် ဤတော်လှန်ရေး ကာလအလွန်တွင် တရားမျှတ မှုရရှိရေးအတွက် ၎င်းတို့ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် မျိုးနွယ်စုအလိုက် သတ်ဖြတ်မှုများကို စနစ်တကျ မှတ်တမ်းကောက်ယူ၊ ပြုစုသိမ်းဆည်းပြီး သက်သေခိုင်လုံသော (၁၇၁) မှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ထံသို့ပေးပို့ပေးပြီး ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့အကြား တရားရင်ဆိုင်နေဆဲအမှုဖြစ်သော ရိုဟင်ဂျာပြည်သူများ             အပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး ကနဦးကန့်ကွက်ခဲ့မှုအားလုံးကို ပြန်လည်ရုတ်သိမ်းကြောင်း ဖေဖော်ဝါရီလ (၁) ရက် ၂၀၂၂ တွင် ပေးပို့အကြောင်းကြားခဲ့ပါသည်။ ကျွမ်းကျင်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံ၏တရားစီရင်ရေးဆိုင်ရာယန္တရား (universal jurisdiction) ကိုအသုံးပြုကာ စစ်ကောင်စီအား ဂျာမနီ၊ အာဂျင်တီးနားနှင့် တူရကီတို့တွင် တရားစွဲဆိုထားပြီး အခြားနိုင်ငံများတွင်လည်း ဆက်လက်စွဲဆိုနိုင်ရန် ကြိုးပမ်းနေသည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) တွင်လည်း စစ်ကောင်စီအား အမှုတင်သွင်း အရေးယူနိုင်ရန် ရောမသဘောတူစာချုပ် (Rome Statute) ၏ ပုဒ်မ ၁၂(၃) နှင့် အညီတရားစီရင်မှုကိုလက်ခံကြောင်း ဇူလိုင်လ (၁၇) ရက် ၂၀၂၁ တွင်တင်သွင်းခဲ့ကာ အမှန်တရားနဲ့တရားမျှတမှုကိုရရှိရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်။စစ်ရေးနှင့် ပြည်သူ့ရင်ခွင်ခိုလှုံမှုအခြေအနေ၃။ တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀) ကျော် ၊  ရပ်ရွာအခြေပြု ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း(၂၅၀)ကျော်တွင် စနစ်တကျဖွဲ့စည်းတည်ထောင်ထား ပြီး လူအင်အား (Man Power) အရ မိမိတို့၏တိုက်ခိုက်ရေးအင်အားသည် ရန်သူ့ထက် “သာလွန် အင်အား” ဖြစ်အောင် ဤအချိန် (၂) နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့သည်။မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee - C3C) ၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ (Joint Coordination Committee - J2C) တို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိသည်။ အစိုးရသက်တမ်း (၂) နှစ်တာ ကာလအတွင်း မဟာမိတ် ERO များနှင့် ခုခံတော်လှန်စစ် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် စနစ်ကျသော ထိန်းချုပ်ကွပ်ကဲမှု စနစ်တစ်ခုအောက်တွင် စစ်ဆင်ရေးနယ်မြေအလိုက် Chain of Command  တည်ဆောက် ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထုတရပ်လုံး၏ လှူဒါန်းကူညီမှု၊ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲဆောင်ရွက်မှုတို့ကြောင့် PDF တပ်မတော်အတွက် လက်နက်တပ်ဆင်မှုကို အတိုင်းအတာတစ်ခုအထိ တပ်ဆင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်ခြင်းကဏ္ဍ သည်လည်း များစွာအောင်မြင် ပေါက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ရန်သူနှင့် ကောင်းစွာနှိုင်းယှဉ်နိုင်သည့်၊ ပွဲသိမ်းအဆင့် တိုက်ခိုက်နိုင်သည့် လက်နက်အင်အား အခြေအနေသို့ရောက်ရန်၊ လေကြောင်းရန်ကို တန်ပြန် တိုက်ခိုက်နိုင်ရန်၊ ခုခံနိုင်ရန်အတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းများ အလုံအလောက် ရရှိနိုင်ရန်လည်း ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ “ကျေးလက်ကို အခြေပြု၊ မြို့ပြကို ဝန်းရံ” ဟူသည့် အခြေခံ ပြောက်ကျားစစ်နည်းဗျူဟာနှင့်အညီ ယခုအခါ ကျေးလက်ဒေသအများစုကို မိမိတို့စိုးမိုးနယ်မြေအဖြစ် တည်ဆောက်ခဲ့နိုင်ပြီး တော်လှန်ရေး၏ နောက်တဆင့်အဖြစ် မြို့ပြဒေသများကို ခြိမ်းခြောက်နိုင်ရေး၊ ရန်သူ့ဗျူဟာမြောက် ဆက်သွယ်ထောက်ပို့ရေးလမ်း ကြောင်းများ (Line of Communication) ကို ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပါသည်။ စစ်မဟာဗျူဟာအရ ခံစစ် (Phase of Strategic Defense) ဖြင့် စတင်ခဲ့ရသော ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ တန်ပြန်ထိုးစစ်အကြိုကာလ (Phase of Strategic Equilibrium) သို့ အပြည့်အဝရောက်ရှိခဲ့ပြီဖြစ်သည်။ နောက်ဆုံးအဆင့်ဖြစ်သော စစ်မဟာဗျူဟာအရ တန်ပြန်ထိုးစစ်ကာလ (Phase of Strategic Counter Offensive) သို့ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် မဟာဗျူဟာမြောက် စစ်လက်နက်ပစ္စည်းများ ရှာဖွေတပ်ဆင်မှုကို အားစိုက်ဆောင်ရွက်လျက်ရှိသည်။ မှတ်တမ်းများအရ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃သောင်းခန့် ထိခိုက်သေဆုံးသည် အထိ ချေမှုန်းနိုင်ခဲ့ပြီး  (၁) သောင်းကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သည်။ စစ်အာဏာသိမ်းမှုကို လက်မခံသည့် တပ်မတော်သားနှင့်ရဲ (၁၃,၀၀၀)ဦးကျော် ပြည်သူ့ရင်ခွင်ခိုလှုံ လာခဲ့သည်။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ ဖွဲ့စည်းပြီး ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်မှု လုပ်ငန်းများအား မူဝါများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေများတွင် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့များကို (၁၇၁) မြို့နယ်ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင်ပေါင်း (၁၀) ခရိုင်ကိုလည်း ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ အုပ်ချုပ်ရေးရုံးများနှင့်အတူ ပြည်သူလူထုဘဝလုံခြုံစေရန် ရည်ရွယ်လျက် ပြည်သူ့ရဲတပ်ဖွဲ့ကို ဇွန်လ (၇)ရက် ၂၀၂၂ တွင်စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ကြားကာလအုပ်ချုပ်ရေး နယ်မြေ ဒေသများတွင် ရဲတပ်ဖွဲ့ဝင်အင်အား (၁၉၆) ဦးနှင့် အခြေခံရဲသင်တန်းများပို့ချခြင်း၊ ရဲမှုခင်းများစစ်ဆေးခြင်း၊ စစ်ကောင်စီ၏သတင်းများ စုဆောင်းပြီး အကြမ်းဖက်နှိမ်နှင်းခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။အဆိုပါနယ်မြေများတွင် အခွန်စနစ်ကိုလည်း စတင်ကျင့်သုံးနေပြီး ယနေ့အချိန်အထိ အခွန်နှင့် ဒဏ်ကြေးအတွက် မြန်မာကျပ်ငွေ ၁၀ ဘီလီယံကျော်ကောက်ခံရရှိပြီး ဖြစ်ပါသည်။ ၎င်းအခွန်ဘဏ္ဍာငွေများကို မြို့နယ်များအတွင်း လိုအပ်လျက်ရှိသော ဒေသကာကွယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့် လူသားစာနာလုပ်ငန်းများတွင် ပြန်လည်ခွဲဝေသုံးစွဲလျက်ရှိပါသည်။ ပြည်နယ်အတိုင်ပင်ခံကောင်စီများ၊ လွှတ်တော်ကိုယ်စားပြု ကော်မတီများနှင့်လည်း ပုံမှန်ဆွေးနွေးတိုင်ပင်မှုများပြုလုပ်၍ သက်ဆိုင်ရာတိုင်း ဒေသကြီး/ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်မှု များကို တိုင်ပင်ဆောင်ရွက်လျက်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ကြားကာလနှင့် အသွင်ကူး ပြောင်းရေးကာလများတွင် ပြည်သူများကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန်နှင့် တရားဥပဒေ စိုးမိုးစေရန် ရည်ရွယ်၍ တရားရေးရာဝန်ကြီးဌာနကို ဇွန်လ (၅) ရက် ၂၀၂၁ခုနှစ်တွင် CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေအရာရှိများ၊ တရားသူကြီးများ၊ ဥပဒေပညာရှင်များနှင့် ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါ မြို့နယ်တရားရုံး (၂၅)ရုံးတွင် တရားသူကြီး (၁၁၈)ဦး ခန့်အပ်ထားရှိပြီး တရားစီရင်ရေးအာဏာများ စတင်ကျင့်သုံးဆောင်ရွက်လျက် ရာဇဝတ်မှုနှင့် တရားမမှုများကို ဖြေရှင်းဆောင်ရွက်နေပြီဖြစ် သည်။ မဟာမိတ်ဆက်ဆံရေး၅။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများအနေဖြင့်လည်း ၎င်းတို့သက်ဆိုင်ရာကဏ္ဍအလိုက် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိပြီး ပိုမိုအားကောင်းသောဆက်ဆံရေးကို ထူထောင်နိုင်ခဲ့သည်။ တစ်ဖက်တွင်လည်း မဟာမိတ်ဆက်ဆံရေး ကော်မတီ (ARC) ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို လက်တွဲညှိနှိုင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။မဟာမိတ်ဆက်ဆံရေးကော်မတီအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်း ERO များအပါအဝင်၊ နိုင်ငံရေး ပါတီများ၊ တော်လှန်ရေးအင်အားစုများ၊ အတိုင်ပင်ခံကောင်စီများနှင့် သီးခြားတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီဆိုင်ရာကိစ္စများအပါအဝင် စစ်ရေး၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်အုပ်စုအား ဖြုတ်ချနိုင်ရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များရရှိကာ ယခုထက်ပိုမိုသည့် ပူးပေါင်းဆောင်ရွက်မှုများကို စုစည်းညီညွတ်စွာ ဖော်ဆောင်နိုင်ရေး ဆွေးနွေးပွဲများစဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၆။ ပြည်သူလူထု၏ ပညာရေးအဆက်ပြတ်မှု မဖြစ်စေရေးအတွက်  CDM ဆရာ/မများ၊ ပညာရေးဝန် ထမ်းများ စုစုပေါင်းအင်အားတစ်သိန်းခွဲကျော်ဖြင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးဝမ်းကျောင်း ပညာနှင့် ဆရာအတတ်သင်ပညာရပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် online, on ground သင် ကြားရေး များအပြင် Digital Based Learning စနစ်များဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေသော online ကျောင်း (၇၀)ကျော်ရှိပြီး အသိအမှတ်ပြုမူဝါဒနှင့်အညီ ဖွင့်လှစ် သင်ကြားခြင်း၊ on ground ကျောင်းပေါင်း (၅၀၀၀) ကျော်၊ ဆရာ/မပေါင်း (၆၀,၀၀၀) ကျော်နှင့် ကျောင်းသား/ သူပေါင်း (၇၅၀,၀၀၀) ကျော်ခန့် ပညာသင်ကြားလျက်ရှိသည်။ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး မြို့နယ်ပညာရေးဘုတ်အဖွဲ့ကို (၃၀၄) မြို့နယ်တွင်ဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပေါ်လစီကို NUG-NUCC ပူးပေါင်းလုပ်ငန်းကော်မတီ၏ ပူးပေါင်းပါဝင်မှုနှင့် ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။ အခြေခံပညာညီလာခံ၊ အဆင့်မြင့်ပညာညီလာခံတို့ကို ကျင်းပနိုင်ခဲ့ကာ အဆိုပါညီလာခံများမှရရှိသော ဆွေးနွေးဆုံးဖြတ်ချက်များကို အခြေခံ၍ ပညာရေး အကောင်အထည်ဖော်မှုများ ဆောင်ရွက်နေပါသည်။ BECA (Basic Education Completion Assessment) အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလအထိ online, offline ဖြေဆိုခဲ့ရာ online အနေဖြင့် ကျောင်းသားပေါင်း (၂၁၀၀၀) ကျော်ဖြေဆိုခဲ့ပြီး စာစစ်ဌာန (၃၂၉) ခုတွင် ကျောင်းသားပေါင်း (၃၈၈၇၇) ဦးဖြေဆိုခဲ့သည်။  PDF ရဲဘော်များလည်း ပါဝင်ဖြေဆိုခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး (၂) နှစ်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေရသော ပြည်သူများအတွက် ငွေကျပ် ၆.၆ဘီလီယံခန့် (USD ၂.၃ မီလီယံ) လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါသည်။ တစ်လလျှင် ပျမ်းမျှစစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ပါသည်။ အကြမ်းဖက်စစ်အုပ်စုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် ပြည်နယ်နှင့်တိုင်း အသီးသီးတို့မှ ဒေသခံပြည်သူများအတွက် ယာယီတဲများ ပြန်လည်ဆောက်လုပ်ပေးခဲ့ရာ လက်ရှိအချိန်အထိ ပြည်သူကလှူဒါန်းသည့် ရန်ပုံငွေဖြင့် ယာယီတဲပေါင်း (၂,၂၃၉) လုံးဆောက်လုပ်ပေးပြီးဖြစ်ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အသက်ဆုံးရှုံးရမှု လျှော့ချနိုင်ရန် ရန်ပုံငွေကျပ် (၁၁၉) သန်းခန့်အသုံးပြု၍ ကြားကာလပညာရေးဖော်ဆောင်နေသော စာသင်ကျောင်းများတွင် ဗုံးခိုကျင်း (၇၉၈) ကျင်းတူးဖော်ပေးခဲ့ပြီးဖြစ်သည်။ထို့အပြင် ဘေးအန္တရာယ်အမျိုးမျိုးနှင့် ပတ်သက်သည့် အသိပညာပေးခြင်း၊ စာစောင်များထုတ်ဝေ ဖြန့်ဖြူးခြင်းနှင့်စာသင်ကျောင်းများတွင် ဇာတ်တိုက်လေ့ကျင့်ခန်း များ ဆောင်ရွက်ပေးခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လူသားစာနာတာဝန်ခံ စုစုပေါင်း       (၃၅၂) ဦးကိုလည်း အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းဆိုင်ရာ သင်တန်းများ ပေးအပ်ခဲ့ပါသည်။ နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများရရှိနိုင်ရေးအတွက် စစ်ဘေးရှောင် ပြည်သူအများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၃၉) မြို့နယ် တွင် လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ်လေ့လာခြင်း ဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာ     ကိုလည်း အလှူရှင်နိုင်ငံများ၊ ကုလသမဂ္ဂနှင့်အာဆီယံသို့ ဖြန့်ချီပေးပို့ခဲ့ပါသည်။ ထို့အပြင် အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးကင်းလုံခြုံသည့် လူသားချင်းစာနာမှုအကူအညီပေးရေးစင်္ကြန်များ ဖော်ဆောင်နိုင်ရန် အလို့ငှာ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ အားလုံးပါဝင်သော လူသားချင်းစာနာကူညီမှုဆိုင်ရာဖိုရမ်တစ်ခု ကျင်းပနိုင်ရေးကိုလည်း စီမံ ဆောင်ရွက်လျက်ရှိပါသည်။ Mind Healer စိတ်ခွန်အားပေးသူများ Facebook စာမျက်နှာမှ အကူအညီလိုအပ် သူများအား နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းကိုလည်း ပြုလုပ်ပေးလျက်ရှိရာ စုစုပေါင်း ပြည်သူ (၈၂၃) ဦးနှင့် CDM ဝန်ထမ်း (၄၂၂) ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့သည်။ထောင်တွင်းမတရားဖမ်းဆီးခံရသော နိုင်ငံရေးအကျဉ်းသူများနှင့်လိင်စိတ်ကွဲပြားသူ(၄၆၉) ဦး၊ လူငယ် နိုင်ငံရေး အကျဉ်းသား (၄၀၀) ဦး၊  ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များ (၁၁၁,၉၁၄) ဦး၊ အရေးပေါ် အခြေအနေတွင် နေထိုင်ရန်လိုအပ်မှုနှင့် camp အုပ်ချုပ်မှုသင်တန်း (၃,၀၀၀) ဦးတို့ကို ထောက်ပံ့ပေး           ခဲ့သည်။ ထို့အတူ ကလေးများအပေါ် စစ်ကောင်စီမှကျူးလွန်သော ရာဇဝတ်မှုများကို မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်း၊ ကလေးသူငယ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့် စုဆောင်း ခြင်း၊ ကလေးစစ်သားစုဆောင်းမှုတားမြစ်ခြင်း လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိပါသည်။ စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာရမှုများအား ကုသမှုပေးခြင်း၊ ခွဲစိတ်ကုသမှုပြုလုပ်ခြင်း၊ ခြေလက်အင်္ဂါဆုံးရှုံးသူများအား ခြေတုလက်တုတပ်ဆင်ပေးခြင်း၊ အရေးပေါဗိုက်ခွဲကလေးမွေးဖွားပေးခြင်း အစရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း လုပ်ဆောင်ပေး လျက်ရှိပါသည်။ပြည်သူလူထုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ဆေးရုံ/ဆေးခန်းများအား အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းရန်တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုစသည့် အကြမ်းဖက် လုပ်ရပ်များမှကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ စာသင်ကျောင်းများ၊ ဆေးရုံများတွင် လေကြောင်းရန်ကာကွယ်ရေးနှင့် အရေးပေါ်ရှေးဦးသူနာပြုစုရေးတို့အတွက် လိုအပ်သောသင်တန်းများနှင့် အရေးပေါ်ဆေးအိတ် ဝယ်ယူရေးအတွက် ထောက်ပံ့မှုများကိုလည်း ပြုလုပ်လျက်ရှိပါသည်။ မြေပြင်တွင် ဆေးရုံပေါင်း (၆၆) ခု၊ ဆေးခန်းပေါင်း (၁၅၉) ခု၊ ရွေ့လျား ဆေးခန်းပေါင်း (၂၅၀) ကျော်တို့ဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ မြို့နယ်ပေါင်း (၁၉၈) မြို့နယ် (တစ်နိုင်ငံလုံး၏ ၆၀ %) တွင် မြို့နယ်ကျန်းမာရေးတာဝန်ခံများရှိပြီး ဝန်ကြီးဌာနနှင့်လက်တွဲ ချိတ်ဆက်၍ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးလုပ်သားစုစုပေါင်းမှာ (၃,၈၃၂) ဦးဖြစ်ကာ ကျန်းမာရေးလုပ်သားများ၏ (၇၈%) မှာ CDMers များဖြစ်သည်။ ထိုလုပ်သားစုစုပေါင်းထဲတွင် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ၌ရှိသော ကျန်းမာရေးလုပ်သားများအင်အားပါဝင်ခြင်း မရှိသေးပါ။ ကျန်းမာရေးအသုံးစရိတ် အနေဖြင့်  အမေရိကန်ဒေါ်လာ ၂ သန်း သုံးစွဲခဲ့ပြီးဖြစ်သည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ၇။ အာဏာဖီဆန်လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြသော CDM ပြည်သူ့သားကောင်းများအား ပံ့ပိုးကူညီမှု ပေးနိုင်ရေးအတွက်  ၂၀၂၁ ဧပြီလ ၂၇ ရက်နေ့တွင်  အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ CRPH ကိုယ်စားလှယ်များပါဝင်၍ CDM Success Committee အားဖွဲ့စည်းခဲ့ကာ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် CDM ကွန်ယက်ချိတ်ဆက်ခြင်း၊ CDM ဆောင်ရွက်မှုအစီရင်ခံစာအား ၂၀၂၁၊ စက်တင်ဘာလတွင် UN Credential အတွက် ထုတ်ပြန်ခြင်း၊ CDM လှုပ်ရှားမှုတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် CDM အချက်အလက်အစီရင်ခံစာအား ထုတ်ပြန်ခြင်း၊ CDM စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် CDM ဆုချီးမြှင့်ရေးနှင့် လစာဘတ်ဂျက်တွက်ချက်မှုများ ဆောင်ရွက်ခြင်း၊ နှစ်ပတ်လည်လုပ်ငန်း တိုးတက်မှုဆိုင်ရာ စစ်တမ်းကောက်ယူ၍ ပိုမိုကောင်းမွန်သောလုပ်ငန်းစဥ်များ ဖော်ဆောင်ရန်လည်း ဆောင်ရွက်လျက်ရှိပါသည်။ CDM Success Committee နှင့်ချိတ်ဆက်ထားသော CDM နိုင်ငံ့သူရဲကောင်း (၂၁၀၆၃၉) အနက်မှ (၂၀%) နှုန်းခန့်၏ အရေးပေါ်လိုအပ်ချက်များအတွက်  မြန်မာကျပ်ငွေသန်း (၄,၀၀၀)ခန့် ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါသည်။ ဝန်ကြီးဌာနများအနေဖြင့်လည်း ဌာနအလိုက် CDM ဝန်ထမ်းများအား အသီးသီး ကူညီထောက်ပံ့လျက်ရှိသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း CDM/ Non CDM မူဝါဒမူကြမ်းအား နိုင်ငံ့ဝန်ထမ်း CDMများ၏ သဘောထားခံယူဆွေးနွေးရေးသားခဲ့ပြီး အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက်တွင် အတည်ပြုထုတ်ပြန်ပေးခဲ့သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အတည်ပြုထုတ်ပြန်ထားသည့် “နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ” အပိုဒ် (၃) နှင့်အညီ ဥပဒေကြမ်းတစ်ရပ် ပေါ်ထွန်းလာရေးအတွက် CDM အောင်မြင်ရေးကော်မတီသည် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဥပဒေမူကြမ်းရေးဆွဲလျက်ရှိပါသည်။ဘဏ္ဍာရေးနှင့် စီးပွားရေးကဏ္ဍ ၈။ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် တော်လှန်ရေးအင်အားစုများ၊ မြေပြင်သပိတ်အဖွဲ့များ၊ ပြည်သူများနှင့်ပူးပေါင်း၍ စစ်တပ်ထုတ်ကုန် သပိတ်မှောက်ကမ်ပိန်းအား ဆောင်ရွက်ခဲ့ခြင်းနှင့် CDM Product များအား ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ MSME ချေးငွေများထုတ်ပေးနိုင်ရန်နှင့် တော်လှန်ရေးအတွက် လိုအပ်သောကဏ္ဍများအတွက် ပံ့ပိုးကူညီနိုင်ရန် ရံပုံငွေရှာဖွေခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကာ ကျပ်သိန်းပေါင်း (၁၇၁,၆၇၇,၄၄၀) ထိ ကူညီပံ့ပိုးနိုင်ခဲ့သည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနအနေဖြင့် အာဏာသိမ်းစစ်ကာင်စီထံ စီး၀င်လာမည့် ဘဏ္ဍာငွေကြေးအထောက်အပံ့များကို တားဆီးပိတ်ပင်ခြင်းနှင့် ပြည်သူလူထု၏ လိုလားတောင့်တချက်နှင့်အညီ ပေါ်ပေါက်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် ဘဏ္ဍာငွေများ ရရှိစေရေးမူဝါဒ (၂) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဝင်ငွေဖြတ်တောက်ပိတ်ဆို့ရေးနှင့်ပတ်သက်၍ ပြည်သူလူထု၊ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ၊ တော်လှန်ရေးအစုအဖွဲ့များ၊ CSO/CBO များနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ၏ ထုတ်ကုန် ပစ္စည်းများကို မသုံးစွဲရေး (Boycott) ပြုလုပ်ရန် စစ်တပ်ထုတ်ကုန်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများကို ပြည်သူလူထုသိရှိစေရန် ထုတ်ပြန်ကြေညာထားပါသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အထောက်အပံ့ရစေမည့် ဘဏ္ဍာငွေများ ရရှိစေရေးနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အောင်လံလွှင့်ချီနွေဦးထီ၊ United Bond, EOD, Early Partnership Program, NUGPay, အခွန်၊ အကောက်၊ ဒဏ်ကြေးစသည်တို့မှရရှိသော ဝင်ငွေနှင့်သုံးစွဲမှုခြေပြဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။နိဂုံး၉။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တစ်နှစ်တာအစီအမံ၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင် ရေးနှင့် စိန်ခေါ်မှုများအားကျော်လွှားနိုင်ရေးတို့ကို စဉ်ဆက်မပြတ်လေ့လာသုံးသပ်ကာ အဆုံးသတ်တိုက်ပွဲ အတွက် အဆုံးအဖြတ်ပေးနိုင်မည့် လုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒအပေါ် အခြေခံထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရနှင့်တကွ တော်လှန်ရေးအင်အားစုများအားလုံး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုဆီသို့ ပြည်သူလူထုက ဆုံးဖြတ်ပြဌာန်းသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် လမ်းကြောင်းအတိုင်း ဦးလည်မသုန် ချီတက်ခရီးဆက်သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြု အစီရင်ခံအပ် ပါသည်။

အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြောကြားခဲ့သော  ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြောကြားခဲ့သော ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၇/၂၀၂၃ တွင် ပြောကြားခဲ့သောပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်းကောက်နှုတ်ချက် ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ (၂) ရက်၊ အင်္ဂါနေ့။ပထမဦးစွာ တစ်နေ့က “The End Of Dictatorship” အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ နွေဦးအင်းလျား ကွန်ဒိုအခန်းများ ရောင်းချခြင်းကို ၁၂ နာရီအတွင်းမှာ ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ယခုလို တော်လှန်ရေးကာလ အင်မတန် အရေးကြီးတဲ့ အချိန်ကိုရောက်နေချိန်မှာ လိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံ အားဖြည့်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများအားလုံးကို လေးစားကျေးဇူးတင်ရသလို ဒီလို ဘဏ္ဍာငွေရှာဖွေခြင်း လုပ်ငန်းတွေကို အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်စီမံပေးကြတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အစိုးရဟာ တစ်ဖက်က ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ ယိုင်နဲ့ပြိုလဲနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထူထောင်ရင်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုက္ခပေးမှုတွေကြောင့် ကိုယ်ရောစိတ်ပါ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းတွေ တပြိုင်နက် စီမံဆောင်ရွက်နေရတာ ဖြစ်လို့ ဘဏ္ဍာငွေ လိုအပ်ချက်တွေက အမြဲ ရှိနေပါတယ်။ ဒီလို ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ၂ နှစ်လုံးလုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ပူးပေါင်းပါဝင်ခဲ့မှုတွေကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေနဲ့ လှူဒါန်းကူညီကြတဲ့ ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေကြောင်း ဒီနေရာကနေ ပြည်သူများထံသို့ သတင်းစကားပါးလိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အခွန်စနစ်ကို စတင်ကျင့်သုံးနေပြီ  ဖြစ်တဲ့အတွက် အဲဒီ့ကောက်ခံရရှိတဲ့ အခွန်နဲ့ ဒဏ်ကြေးငွေတွေကနေလည်း မြို့နယ်အတွင်း လိုအပ်နေတဲ့ ဒေသကာကွယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ လူသားစာနာလုပ်ငန်းတွေမှာ ပြန်လည်ခွဲဝေသုံးစွဲနေပြီ ဖြစ်တာမို့ ပြည်သူတွေရဲ့ အဘက်ဘက်က ထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိစွာနဲ့ အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ရန် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း မှာကြား လိုပါတယ်။ တစ်ပတ်တာအတွင်းမှာဆိုရင်လည်း အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်သင့်တာတွေကို အားစိုက် ဆောင်ရွက်နေကြတာကိုလည်း သိရှိပါတယ်။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီဆိုရင်လည်း နေ့စဉ်အစည်းအဝေးတွေ အဆက်မပြတ် စီမံဆောင်ရွက် နေကြသလို မြေပြင်တာဝန်ရှိသူတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်စီမံနေကြတာကို ကြားသိရ ပါတယ်။ တော်လှန်ရေးကာလ ဖြစ်တာကြောင့် အစစအရာရာ သတိထားလုပ်ဆောင်ကြရမှာပါ။ ဘုံရန်သူကလည်း ကျွန်တော်တို့ တော်လှန်ရေးကို ပုံဖျက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေမယ့်၊ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်ပါတယ်။ တော်လှန်ရေးကို ပုံပျက်စေမယ့် သတင်းစကားတွေကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း ကျွန်တော်တို့က နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ထိစပ်ပြီး လက်ရှိအခြေအနေ တွေကို မျှဝေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ်တွေနဲ့လည်း နိုင်ငံရေးအရ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကဏ္ဍစုံက ဆက်လက်ချိတ်ဆက် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုပါတယ်။  ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံခြားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပြည်သူတွေကို ဝန်ဆောင်မှု ပေးနိုင်ရေးစတဲ့ ကဏ္ဍစုံကို တပြိုင်နက် ကြိုးစားနေကြရတာ ဖြစ်လို့ ပင်ပန်းခက်ခဲ ကြမှာကို နားလည်ပေမယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံးငြိမ်းစေနိုင်မယ့် အားထုတ်မှုတွေ ဖြစ်တာမို့ ဆက်လက် ကြိုးစားဆောင်ရွက် ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျနော်တို့ ဆန္ဒဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားမေ ၂  ၊ ၂၀၂၃အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “ဖက်ဒရယ်ဒီမိုကရေစီအရေးဟာ ကျွန်တော်တို့ နိုင်ငံအတွက် ဘယ်လောက် အထိ အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာရူး လက်တဆုပ်စာ စစ်အုပ်စုဟာ ပြည်သူက တရား၀င် ရွေးချယ်ခံထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို လွှတ်တော်အတွင်းက ဖယ်ထုတ်ပြီး သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ကိုယ်တိုင်ပဲ ချိုးဖောက် ဖျက်ဆီးခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအတွက် အရေးပေါ်လိုအပ်နေတဲ့ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေတခုအဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကို ရေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုရေးဆွဲရာမှာ နယ်ပယ်အသီးသီးမှ သက်ဆိုင်ရာတာ၀န်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(EAOs)တွေ၊ သက်ဆိုင်ရာနေရာဌာနအသီးသီးက လူငယ်တွေပါ ပါ၀င်ရေးဆွဲခဲ့ကြတာဖြစ်ပါ တယ်။ ပဋိညာဥ်ရဲ့ အစိတ်အပိုင်းအသီးသီးကို ကြားကာလမှာ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဖက်ဒရယ်ယူနစ်တွေကြားမှာ အချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီး ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/တိုင်း ဖက်ဒရယ်ယူနစ်များအကြား အစိုးရအချင်းချင်းကြားမှာ အပြုသဘောဆောင်တဲ့ လုပ်ငန်းလမ်းညွှန်မှုတွေ ပေါ်ပေါက်လာဖို့ အတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြဖို့လိုတယ်လို့ ပြောလိုပါတယ်။ ထို့အတူ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးအပေါ် ကြား၀င်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ပြောချင်ပါတယ်။ Track 1.5 Dialogue အစည်းအဝေးဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ ပြီးခဲ့တဲ့ မတ်လတုန်းက တကြိမ်ပြုလုပ်ခဲ့တဲ့ အစည်းအ၀ေးဖြစ်ပြီး မြန်မာ့အရေးကို ဝိုင်းဝန်းဖြေရှင်းကြမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နယူးဒေလီမှာ ထပ်မံကျင်းပကြတာ ဖြစ်တယ်လို့ သိထားပါတယ်။ ဒါပေမဲ့ အကြမ်းဖက် စစ်ခေါင်းဆောင်ကတော့ သူမလုပ်ရဲတာ မရှိဘူးလို့ပြောခဲ့တဲ့အတိုင်း ဒေလီမှာ ကျင်းပမယ့် Track 1.5 Dialogue အစည်းအဝေး မတိုင်ခင်မှာပဲ လူပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တဲ့ အကြီးမားဆုံး လူသတ်ပွဲကြီးကို အားရပါးရ လုပ်ခဲ့တာ နိုင်ငံတကာက သိရှိပြီးဖြစ်မှာပါ။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်အုပ်စုဟာ နေ့စဥ်နှင့်အမျှ အပစ်မဲ့ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နေပါတယ်။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အရပ်သား ပြည်သူတွေ စုရုံးနေတဲ့ အခမ်းအနားတွေနဲ့ ပြည်သူလူထုတွေရှိတဲ့ ကျေးရွာတွေမှာလည်း တိုက်လေယာဥ်/ စစ်လေယာဥ်တွေနဲ့ နေ့စဥ်ဗုံးကြဲပြီး သတ်ဖြတ်နေတာဆိုရင် နှစ်နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျွန်တော်ဒီနေရာကနေ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေအများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တရက်လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တရက်ထပ်ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ် ထပ်ပြီး တိုးလာနေမှာဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် နိုင်ငံတကာက အသိုင်းအ၀ိုင်းအနေနဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေကို လျစ်လျူရှုမထားကြပါနဲ့။ ဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထားလျက် မမေ့မလျော့ထည့်သွင်း ဆွေးနွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျနော်တို့ ဆန္ဒဖြစ်ကြောင်း၊ ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိရမှာဖြစ်ကြောင်းနဲ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ အကြမ်းဖက်စစ်ကောင်စီ ကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ပထမဦးစွာ တစ်နေ့က “The End Of Dictatorship” အစီအစဉ်တွေထဲက တစ်ခုဖြစ်တဲ့ နွေဦးအင်းလျား ကွန်ဒိုအခန်းများ ရောင်းချခြင်းကို ၁၂ နာရီအတွင်းမှာ ဒေါ်လာ ၆ သန်းကျော်ဖိုး ဝယ်ယူအားပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ယခုလို တော်လှန်ရေးကာလ အင်မတန် အရေးကြီးတဲ့ အချိန်ကိုရောက်နေချိန်မှာ လိုအပ်နေတဲ့ ဘဏ္ဍာငွေများကို စွမ်းစွမ်းတမံ အားဖြည့်ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပက ပြည်သူများအားလုံးကို လေးစားကျေးဇူးတင်ရသလို ဒီလို ဘဏ္ဍာငွေရှာဖွေခြင်း လုပ်ငန်းတွေကို အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်စီမံပေးကြတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ တာဝန်ရှိ သူများအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။  ကျွန်တော်တို့ အစိုးရဟာ တစ်ဖက်က ခုခံတော်လှန်စစ်ကို ဆင်နွှဲပြီး တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ ယိုင်နဲ့ပြိုလဲနေတဲ့ အုပ်ချုပ်ရေးယန္တရားကို ပြန်လည်ထူထောင်ရင်း အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုက္ခပေးမှုတွေကြောင့် ကိုယ်ရောစိတ်ပါ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းတွေ တပြိုင်နက် စီမံဆောင်ရွက်နေရတာ ဖြစ်လို့ ဘဏ္ဍာငွေ လိုအပ်ချက်တွေက အမြဲ ရှိနေပါတယ်။ ဒီလို ငွေကြေးဆိုင်ရာ အခက်အခဲတွေကို ၂ နှစ်လုံးလုံး ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတွေနဲ့ ပူးပေါင်းပါဝင်ခဲ့မှုတွေကြောင့်သာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ချွေးနှဲစာတွေနဲ့ လှူဒါန်းကူညီကြတဲ့ ဘဏ္ဍာငွေတွေကို အလေအလွင့်မရှိ အကျိုးရှိစွာ အသုံးချသွားနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေကြောင်း ဒီနေရာကနေ ပြည်သူများထံသို့ သတင်းစကားပါးလိုပါတယ်။ အခုဆိုရင် ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အခွန်စနစ်ကို စတင်ကျင့်သုံးနေပြီ  ဖြစ်တဲ့အတွက် အဲဒီ့ကောက်ခံရရှိတဲ့ အခွန်နဲ့ ဒဏ်ကြေးငွေတွေကနေလည်း မြို့နယ်အတွင်း လိုအပ်နေတဲ့ ဒေသကာကွယ်ရေးလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေနဲ့ လူသားစာနာလုပ်ငန်းတွေမှာ ပြန်လည်ခွဲဝေသုံးစွဲနေပြီ ဖြစ်တာမို့ ပြည်သူတွေရဲ့ အဘက်ဘက်က ထည့်ဝင်လာကြတဲ့ ဘဏ္ဍာငွေတွေကို တော်လှန်ရေးအတွက် အကျိုးရှိစွာနဲ့ အသုံးချပြီး ပြည်သူတွေ အထိအခိုက်နည်းနည်းနဲ့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် အမြန်ပြီးဆုံးအောင် ကြိုးပမ်းသွားဖို့ရန် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်များအားလုံးကိုလည်း မှာကြား လိုပါတယ်။ တစ်ပတ်တာအတွင်းမှာဆိုရင်လည်း အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်သင့်တာတွေကို အားစိုက် ဆောင်ရွက်နေကြတာကိုလည်း သိရှိပါတယ်။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီဆိုရင်လည်း နေ့စဉ်အစည်းအဝေးတွေ အဆက်မပြတ် စီမံဆောင်ရွက် နေကြသလို မြေပြင်တာဝန်ရှိသူတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်စီမံနေကြတာကို ကြားသိရ ပါတယ်။” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “တော်လှန်ရေးကာလ ဖြစ်တာကြောင့် အစစအရာရာ သတိထားလုပ်ဆောင်ကြရမှာပါ။ ဘုံရန်သူကလည်း ကျွန်တော်တို့ တော်လှန်ရေးကို ပုံဖျက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေသလို တစ်ဖက်ကလည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကြား သွေးကွဲစေမယ့်၊ တော်လှန်ရေးကို အယုံအကြည်မဲ့စေမယ့် ကိစ္စမျိုးတွေအတွက် နည်းမျိုးစုံသုံးပြီး လုပ်ဆောင် နေချိန်ဖြစ်ပါတယ်။ တော်လှန်ရေးကို ပုံပျက်စေမယ့် သတင်းစကားတွေကို နိုင်ငံတကာဘက်ကို မရောက်အောင်လည်း ကျွန်တော်တို့က နိုင်ငံတကာတာဝန်ရှိသူတွေနဲ့ ထိစပ်ပြီး လက်ရှိအခြေအနေ တွေကို မျှဝေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဟာမိတ်တွေနဲ့လည်း နိုင်ငံရေးအရ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကဏ္ဍစုံက ဆက်လက်ချိတ်ဆက် ကြိုးပမ်းကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။ဒါ့အပြင် အစိုးရအဖွဲ့ကို  နိုင်ငံခြားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ပြည်သူတွေကို ဝန်ဆောင်မှု ပေးနိုင်ရေးစတဲ့ ကဏ္ဍစုံကို တပြိုင်နက် ကြိုးစားနေကြရတာ ဖြစ်လို့ ပင်ပန်းခက်ခဲ ကြမှာကို နားလည်ပေမယ့် ကြိုးပမ်းအားထုတ်မှုတွေဟာ ပြည်သူတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံးငြိမ်းစေနိုင်မယ့် အားထုတ်မှုတွေ ဖြစ်တာမို့ ဆက်လက် ကြိုးစားဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနက မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်နေတဲ့ ကျန်းမာရေး လုပ်သားအင်းအားစုအတွက် လစဉ်ချီးမြှင့်ငွေ ပံ့ပိုးပေးပါရန် တင်ပြတာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးနဲ့ စပ်လျဉ်းတဲ့ အခြေအနေနဲ့ စဉ်းစား ချက်များကို တင်ပြခြင်း ကိစ္စရပ်တွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။