
ဒေါက်တာလျန်မှုန်းဆာခေါင်း
ပြည်ထောင်စုဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စု ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည့် ဒေါက်တာလျန်းမှုန်းဆာခေါင်းသည် ၂၀၀၇ ခုနှစ်တွင် ဆွီဒင်နိုင်ငံမှ ဂုဏ်ပြုချီးမြှင့်သည့် မာတင်လူသားကင်ဆု (Martin Luther King Prize for 2007) အားလက်ခံရရှိခဲ့ပါသည်။၎င်းသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြားကာလချင်းအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကော်မတီဝင်လုပ်ပိုင်ခွင့်ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရတွင်ပါဝင်လာခြင်းဖြစ်သည်။ ဒေါက်တာလျန်းမှုန်းဆာခေါင်းသည် လက်ရှိအချိန်တွင် ချင်းအမျိုးသားတပ်ဦးအဖွဲ့၏ ဒုတိယဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ယခင်အစိုးရများလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲပူးတွဲကော်မတီ (UPDJC) ၏ ဒုဥက္ကဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ဒေါက်တာလျန်းမှုန်းဆာခေါင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးနိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ညွှန့်ပေါင်းအဖွဲ့တခုဖြစ်သော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီ အဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လွှတ်တော် ၃ နေရာအနိုင်ရရှိခဲ့သည့်ပါတီတခုဖြစ်သော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသေးသည်။
ဒေါက်တာလျန်းမှုန်းဆာခေါင်းသည် ခေတ်သစ်မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ စာအုပ်စာတမ်းများစွာကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာလုံးဖြင့်ရေးသားပြုစုလျက်ရှိသည်။ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သော စာအုပ်များမှာ- In Defense of Identity: Ethnic Nationalities’ Struggle for Democracy, Human Rights and Federalism in Burma (Bangkok: Orchid Press, 2010)၊ In Search of Chin Identity: A Study in Religion, Politics and Ethnic Identity in Burma (Copenhagen: Nordic Institute of Asian Studies, 2003)၊ The New Panglong Initiative: Rebuilding the Union of Burma (together with Dr. Chao-Tzang Yawnghwe, 2002)၊ Designing Federalism in Burma (together with Prof. David Williams, 2003)၊ နှင့် Ending Ethnic Armed Conflict in Burma (together with Paul Keenan, 2014) တို့ဖြစ်ကြပါသည်။