မြန်မာနိုင်ငံရှိ ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းအပေါ် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိ ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု အကျပ်အတည်းအပေါ် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၏ ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာပါသည်။ စစ်အစိုးရအဆက်ဆက်၏ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ တာဝန်ခံမှု ကင်းမဲ့ခြင်းနှင့် အကျင့်ပျက် ခြစားခြင်းများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် တရားမဝင် ကျုးလွန်လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ အမြစ်တွယ်လာခဲ့သည်။ မိမိတို့ကာလရှည်ကြာစွာထောက်ပြလာခဲ့သည့် မြန်မာအကြမ်းဖက်စစ်တပ် နှင့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ နှင့် အခြားမဟာမိတ်အဖွဲ့များနှင့် အတူ အထက်ပါ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုလျှင်ပင် လုံခြုံရေးပေးခြင်း နှင့် အထောက်အကူပြုပေးခြင်းများ တို့ဖြင့် တိုက်ရိုက်ပါဝင်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်ပါသည်။မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများဖြစ်ကြသော NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၊KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ KNU (ကရင်အမျိုးသားအစည်းအရုံး)၊ CNF (ချင်းအမျိုးသားတပ်ဦး)၊ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး)၊ NMSP –AD (မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး)၊ WLB (အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံရှိ အခြား အဖွဲ့အစည်းများသည် လူသားအပေါ်အမြတ်ထုတ်မှုအလုံးစုံအား အခိုင်အမာ ဆန့်ကျင် ပြီး ၂၀၂၁ ခုနှစ်တွင် မတရားအာဏာသိမ်းရန် ကြိုးပမ်းခဲ့သော စစ်ကောင်စီကို စဉ်ဆက်မပြတ် ခုခံတော်လှန်သွားရန် ကတိကဝတ် ထားရှိပါသည်။ မိမိတို့၏ ရည်မှန်းချက်မှာ တရားဥပဒေစိုးမိုးရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အုပ်ချုပ်ရေးကို ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။ မြန်မာစစ်တပ် ဆုတ်ခွာသွားသည့် နယ်မြေများတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် တရားဥပဒေစိုးမိုးရေးကဲ့သို့ မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ပံ့ပိုးပေးနိုင်ရန် အုပ်ချုပ်ရေးယန္တရားများကို အကောင်အထည်ဖော်နိုင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများ ပေါ်ပေါက်လာရန် လုပ်ဆောင်နေပါသည်။မိမိတို့သည် မြန်မာနိုင်ငံကို ဒေသတွင်း ပဋိပက္ခများပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေသည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ ဗဟိုချက်မ မဖြစ်လာ စေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချပါသည်။ဤဖြစ်ပေါ်နေသောအခြေအနေ၏ တိုက်ရိုက်အကျိုးဆက်ကြောင့် ပြည်တွင်း၊ ပြည်ပတွင် ဒုက္ခရောက်သူ များစွာရှိနေပြီး မိမိတို့ နိုင်ငံ၏ လုံခြုံရေးကိုလည်း ဆိုးရွားစွာခြိမ်းခြောက်နေကာ ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်လျက်ရှိသည်။ အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏အာဏာတည်မြဲရေး အတွက်သာ အာရုံစူးစိုက် လုပ်ကိုင်လျက်ရှိရာ ဤအရေးကြီးသော ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းလိုသည့်ဆန္ဒမရှိခြင်းတို့ကို တွေ့ရသည်။မိမိတို့သည် မြန်မာနိုင်ငံ၏အနာဂတ် နှင့်အတူ အထူးသဖြင့် ဒေသတွင်းရှိ လူငယ်များ နှင့် နိုင်ငံတကာရှိ အပြစ်မဲ့ပြည်သူများအတွက် များစွာစိုးရိမ်မှုများ မြှင့်တက်လျှက်ရှိပါသည်။ အဆိုပါနိုင်ငံဖြတ်ကျော်မှုခင်းများ ကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် မိမိတို့နှင့်အတူ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် မိမိတို့အရေးတကြီး တောင်းဆိုအပ်ပါသည်။မြန်မာနိုင်ငံအတွင်းရှိ ကျယ်ပြန့်သော နယ်မြေအသီးသီးကို ထိန်းချုပ်ထားသည့် တော်လှန်ရေး ဖယ်ဒရယ် ဒီမိုကရေစီ မိတ်ဖက်အင်အားစုများအနေနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများမှလည်းကောင်း၊ အာဆီယံ ဒေသတွင်း နှင့် ကုလသမဂ္ဂ၏ အေဂျင်စီများမှလည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိပါသည်။ ထိုသို့ အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆိုက်ဘာရာဇ၀တ်မှုနှင့် လူသားအပေါ် အမြတ်ထုတ်ခြင်း ဆိုင်ရာ ရာဇဝတ်မှုများကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းသော အုပ်ချုပ်ရေး ပြန်လည် ထူထောင် နိုင်မည် ဖြစ်ပါသည်။ဆက်သွယ်ရန်၁။ ဒေါ်ဇင်မာအောင် (+66945153172)၂။ ပဒိုစောတောနီး (+66 63 020 2411)

အမျိုးသားညီညွတ်ရေးအစိုးရမှ မဟာမိတ်များထံသို့ တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရမှ မဟာမိတ်များထံသို့ တော်လှန်ရန်ပုံငွေ မျှဝေခြင်း အခမ်းအနားပြုလုပ်

ဇန်နဝါရီ ၁၈၊ ၂၀၂၅ ~အမျိုးသားညီညွတ်ရေးအစိုးရက ရရှိထားသည့် တော်လှန်ရေးရန်ပုံငွေများအား မျှဝေခြင်း အခမ်းအနားတရပ်ကို ယနေ့ တွင် Zoom Platform မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ Chinland Council (CC) တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနား၌ ရန်ပုံငွေမျှဝေခြင်းအပြင် ချင်းအမျိုးသားရေးအတွက် အင်အားစုများ၊ အဖွဲ့အစည်းများကြား စည်းလုံးညီညွတ်ရေး နှစ်ဘက်ခေါင်းဆောင်များအကြား အတူတကွ နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားမည်အကြောင်း ဆွေးနွေးခဲ့ကြပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂/၂၀၂၅) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂/၂၀၂၅) တွင် ပြောကြားသည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း ကောက်နုတ်ချက်

ရက်စွဲ ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်    ဒီလိုနှစ်သစ်ကူးကာလတွေအတွင်းမှာကိုပဲ အကြမ်းဖက် စစ်အုပ်စုဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေကို များစွာပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ၊ ကလေးငယ်တွေ၊ လူနေအဆောက်အဦးတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တဲ့အတွက် အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ရန်သူကတော့ သူ့အလုပ်ကို သူတစိုက်မတ်မတ် လုပ်နေတာကို တွေ့ရပါတယ်။ နေရာဒေသအနှံ့က သူတို့ရဲ့ ပြုန်းတီးလာတဲ့ စစ်အင်အားတွေကို ပြန်လည်ဖြည့်တင်း နိုင်ဖို့အတွက် ရန်ကုန် အပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ်များကို တပ်သားသစ်အဖြစ် နည်းမျိုးစုံသုံးပြီး ပေါ်တာဆွဲဖမ်းဆီး နေတဲ့ သတင်းတွေကိုလည်း ခပ်စိပ် စိပ် ကြားလာရပါတယ်။ ပေါ်တာဆွဲတာတွေအပြင် ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေထံကနေ ငွေညှစ်ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နေတယ်လို့ ကြားသိရပါတယ်။ ပြည်သူတွေလည်း နည်းလမ်းပေါင်း စုံနဲ့ စိတ်ဒုက္ခ အတော်‌ရောက်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့က အလုပ်တွေပိုလုပ်ပြီး ပိုမို အားစိုက်ကြဖို့ လိုတယ်ဆိုတာ ကျွန်တော်အမြဲ သတိပေး ပြောကြားနေရတာ ဖြစ်ပါတယ်။   တော်လှန်‌ရေးကာလအတွင်းမို့ တချို့ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတာဝန်တွေက အခြေအနေပေါ်မူတည်ပြီး အများကြီးဆောင်ရွက်လို့ မရနေတာလည်းရှိနိုင်သလို တချို့ဝန်ကြီးဌာန တွေ ကျတော့လည်း အတော်လေး အလုပ်များဝန်ပိနေတာမျိုးလည်း ရှိတာမို့ တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်တွေကို ထိရောက်အောင် မျှဝေသုံးစွဲနိုင်ဖို့ဆိုတာလည်း အမျိုးသားညီညွတ်ရေးအစိုးရအတွက် အင်မတန် အရေးကြီးပါတယ်။ ဒီအတွက် ဝန်ကြီးတွေ အားလုံးလည်း ဖြစ်နိုင်ချေရှိသမျှနည်းလမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဘယ်လိုအား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်မလဲဆိုတာကို တောက်လျှောက် တိုင်ပင်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်‌ရေးအစိုးရကို အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ဆိုတာ တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ လစ်ဟာမှုမရှိစေပဲ ကြိုးပမ်းရမှာ ဖြစ်သလို ဘယ်ကဏ္ဍမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိနေသလဲ ဘယ်ကဏ္ဍကို ဦးစားပေး ဖြေရှင်းကြမလဲဆိုတာကို တော့ အားစိုက်ဆောင်ရွက်ကြဖို့ လိုပါတယ်။ အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍ တွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေ အနေနဲ့ တော်လှန်ရေးလမ်း ကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်း ကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြားရင်း နိဂုံးချုပ် ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

ဇန်နဝါရီ ၁၄  ၊ ၂၀၂၅အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ယာယီသမ္မတ ဒူဝါလရှီးလက  “တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တို့ရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည် မှုကို ခိုင်ခိုင်မာမာ ရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပသုံးလုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မှတ်ရေးဟာ အင်မတန် အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်။ ” လို့ ပြောကြားပါတယ်။ဆက်လက်ပြီးတော့လည်း “ တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်။ မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်မှု ထက်မြက်တဲ့ လူပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ အားသစ်လောင်း ဖြည့်ဆည်းခြင်း အားဖြင့် တည်ဆဲ အခြေအနေထက် ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ဒါအပြင် နှစ်သစ်ကူးမိန့်ခွန်းမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်က စစ်သားတွေကို ပြည်သူ့ရင်ခွင်ကို ခိုလှုံလာဖို့ ဖိတ်ခေါ်ထားကြောင်း ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အရေးကိစ္စကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ကို ဖြိုချတဲ့နေရာနဲ့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးခရီးမှာ အဓိက အရေးကြီးတဲ့အတွက် ထိထိရောက်ရောက် လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီလိုနှစ်သစ်ကူးကာလတွေအတွင်းမှာကိုပဲ အကြမ်းဖက် စစ်အုပ်စုဟာ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေကို များစွာပြုလုပ်ခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူတွေ၊ ကလေးငယ်တွေ၊ လူနေအဆောက်အဦးတွေ ထိခိုက်ဆုံးရှုံးမှုရှိခဲ့တဲ့အတွက် အလွန်ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ရန်သူကတော့ သူ့အလုပ်ကို သူတစိုက်မတ်မတ် လုပ်နေတာကို တွေ့ရပါတယ်။ နေရာဒေသအနှံ့က သူတို့ရဲ့ ပြုန်းတီးလာတဲ့ စစ်အင်အားတွေကို ပြန်လည်ဖြည့်တင်း နိုင်ဖို့အတွက် ရန်ကုန် အပါအဝင် နိုင်ငံတဝန်းမှ လူငယ်လူရွယ်များကို တပ်သားသစ်အဖြစ် နည်းမျိုးစုံသုံးပြီး ပေါ်တာဆွဲဖမ်းဆီး နေတဲ့ သတင်းတွေကိုလည်း ခပ်စိပ် စိပ် ကြားလာရပါတယ်။ ပေါ်တာဆွဲတာတွေအပြင် ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ အကြမ်းဖက်စစ်တပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုပြီး ပြည်သူတွေထံကနေ ငွေညှစ်ခြိမ်းခြောက်မှုတွေလည်း ပြုလုပ်နေတယ်လို့ ကြားသိရပါတယ်။ ပြည်သူတွေလည်း နည်းလမ်းပေါင်း စုံနဲ့ စိတ်ဒုက္ခ အတော်‌ရောက်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် တို့က အလုပ်တွေပိုလုပ်ပြီး ပိုမို အားစိုက်ကြဖို့ လိုတယ်ဆိုတာ ကျွန်တော်အမြဲ သတိပေး ပြောကြားနေရတာ ဖြစ်ပါတယ်။” လို့ ပြောကြား ပါတယ်။ဆက်လက်ပြီးတော့လည်း “ တော်လှန်‌ရေးကာလအတွင်းမို့ တချို့ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတာဝန်တွေက အခြေအနေပေါ်မူတည်ပြီး အများကြီးဆောင်ရွက်လို့ မရနေတာလည်းရှိနိုင်သလို တချို့ဝန်ကြီးဌာန တွေ ကျတော့လည်း အတော်လေး အလုပ်များဝန်ပိနေတာမျိုးလည်း ရှိတာမို့ တန်ဖိုးရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်တွေကို ထိရောက်အောင် မျှဝေသုံးစွဲနိုင်ဖို့ဆိုတာလည်း အမျိုးသားညီညွတ်ရေးအစိုးရအတွက် အင်မတန် အရေးကြီးပါတယ်။ ဒီအတွက် ဝန်ကြီးတွေ အားလုံးလည်း ဖြစ်နိုင်ချေရှိသမျှနည်းလမ်းတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ဘယ်လိုအား ကောင်းကောင်းနဲ့ မောင်းနှင်နိုင်မလဲဆိုတာကို တောက် လျှောက်တိုင်ပင်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အမျိုးသားညီညွတ်‌ရေးအစိုးရကို အားကောင်းကောင်းနဲ့ မောင်းနှင်ဖို့ဆိုတာ တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အစိုးရ အနေနဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကနေ လစ်ဟာမှုမရှိစေပဲ ကြိုးပမ်းရမှာ ဖြစ်သလို ဘယ်ကဏ္ဍမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိနေသလဲ ဘယ်ကဏ္ဍကို ဦးစားပေး ဖြေရှင်းကြမလဲဆိုတာကို တော့ အားစိုက်ဆောင်ရွက်ကြဖို့ လိုပါတယ်။ အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍ တွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေ အနေနဲ့ တော်လှန်ရေးလမ်း ကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်း ကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြား ရင်း နိဂုံးချုပ် ပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော် မှုကော်မတီ နှစ်ချုပ်အစီရင်ခံစာ တင်ပြတာ နဲ့ "အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တုန့်ပြန်ရေး လုပ်ငန်းအဖွဲ့ (Anti-sham election Taskforce)" နှစ်ချုပ် အစီရင်ခံစာ တင်ပြတာ တွေကို ဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ ဗိုလ်ဒါဘော ဦးဆောင်သော ကော်ဘရာကော်လံ ကို တွေ့ဆုံ အားပေးစကားပြော

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့ ဗိုလ်ဒါဘော ဦးဆောင်သော ကော်ဘရာကော်လံ ကို တွေ့ဆုံ အားပေးစကားပြော

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အကြမ်းဖက်စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်သည့် ကော်ဘရာကော်လံမှ တပ်ဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောသည် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့အား စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့ပြီး  အကြမ်းဖက်စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ  အလင်းဝင်လာသူများနှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်း အတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်ကို လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်ကလည်း ကျေးဇူးတင်စကား၊ အားပေးစကားများပြောကြားကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု သိရှိရပါသည်။

အတုအယောင်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်အုပ်စု၏ လက်ရှိပြင်ဆင် ဆောင်ရွက်နေမှုများအပေါ် သဘောထားထုတ်ပြန်ချက်

အတုအယောင်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်အုပ်စု၏ လက်ရှိပြင်ဆင် ဆောင်ရွက်နေမှုများအပေါ် သဘောထားထုတ်ပြန်ချက်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရတရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်း ကော်မတီ..........................................................................................................................................အတုအယောင်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်အုပ်စု၏ လက်ရှိပြင်ဆင် ဆောင်ရွက်နေမှုများအပေါ် သဘောထားထုတ်ပြန်ချက်ရက်စွဲ။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်၁။ မြန်မာနိုင်ငံတွင် ပြည်သူလူထုအသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ ရွေး ကောက်ပွဲရလဒ်သည် ယနေ့ကာလအထိ တရားဝင် ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်အား ဥပဒေမဲ့ အဓမ္မဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို တရားမဝင်ရယူရန် ကြိုးစားနေ သော အဖွဲ့အစည်းသာဖြစ်သဖြင့်  ရွေးကောက်ပွဲတစ်ရပ်အား ဦးစီးကျင်းပပိုင်ခွင့် မရှိပါ။ ပြုလုပ်ခဲ့ပါကလည်း ယင်းရွေးကောက်ပွဲသည် မြန်မာစစ်တပ် အာဏာဆက်လက် ရယူနိုင်ရေး အတွက် ဟန်ပြ ပြုလုပ်မည့် တရားဝင်မှုမရှိသည့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်မည်။၂။ အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့သောကြောင့် အဆိုပါ အခြေခံဥပဒေသည် ပျက်ပြယ်ခဲ့ပြီးဖြစ်သလို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ ကလည်း ပြည်သူလူထုလက်မခံသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ၃။ ယခုအချိန်သည် ပြည်သူလူထု ထောက်ခံသော နိုင်ငံရေးပါတီများသည် နည်းလမ်းပေါင်းစုံဖြင့်  မတရားဖိနှိပ်ခံနေရခြင်း၊  မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေသော ခုခံတွန်းလှန်စစ်၊ ထိုးစစ်များကြောင့် စစ်ဘေးရှောင် ဦးရေ တိုးပွားလျက်ရှိသလို အခြားမြို့ရွာအသီးသီးတွင်လည်း အသက် ၁၈ မှ ၃၅ အတွင်းရှိ လူငယ်အများစုမှာ အကြမ်းဖက်စစ်တပ်၏ အဓမ္မ စစ်သား စုဆောင်းရေးအစီအမံ နှင့် မတရားဖမ်းဆီး စစ်မှုထမ်းခိုင်းမှုများကြောင့် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင် နေရခြင်း၊ တော်လှန်ရေးအင်အားစုများက မြို့နယ်ပေါင်း (၉၀) မြို့နယ်အား သိမ်းပိုက်ထားပြီး ဧရိယာအားဖြင့်လည်း တစ်နိုင်ငံလုံး၏  (၅၀) ရာခိုင်နှုန်းကျော်အား စိုးမိုးထိန်းချုပ်ထားခြင်း၊ BBC ၏ ထုတ်ပြန်ချက်အရ မြန်မာတနိုင်ငံလုံးတွင် အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ ထိန်းချုပ် ထားနိုင် သည့် ဧရိယာမှာ ၂၁ ရာခိုင်နှုန်းသာရှိတော့ခြင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အကြမ်းဖက် စစ်အုပ်စု က ပြုလုပ်ခဲ့သော ဟန်ပြသန်းခေါင်စာရင်း ကောက်ယူမှုတွင် မြို့နယ် (၈၀) ခန့်ကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး တနိုင်ငံလုံး၏ လူဦးရေးစာရင်းကို ကောက်ခံနိုင်ခြင်းမရှိခြင်းစသည် တို့သည် ထည့်သွင်းစဉ်းစားရမည့် မြေပြင် အခြေအနေမှန် များဖြစ်သည်။၄။ ဤကဲ့သို့အခြေအနေတွင် ပြည်သူလူထုအား လက်နက်ဖြင့် ခြိမ်းခြောက်၍ အဓမ္မ မဲထည့်ခိုင်းမည့်၊ မသမာသော နည်းလမ်းပေါင်းစုံဖြင့် မဲစာရင်းနှင့် မဲရလဒ်များ လိမ်လည်လုပ်ဆောင်နိုင်မည့် အခြေအနေ၊ ဂုဏ်သိက္ခာရှိသော လွတ်လပ်သည့် နိုင်ငံတကာနှင့် ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ မဆောင်ရွက်နိုင်သော အခြေအနေတို့တွင် အဓမ္မ လုပ်ကြံကျင်းပမည့် ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာမည် ဖြစ်သည်။  ၅။ မြန်မာနွေဦးတော်လှန်ရေးသည် အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားသည့် အဖွဲ့အစည်းတစ်ခုခုက အတုအယောင်ရွေးကောက်ပွဲတစ်ခုကို ကျင်းပပြုလုပ်လိုက်ရုံဖြင့် ရပ်တန့်သွားမည်မဟုတ်သကဲ့သို့ ဤနည်း လမ်းသည် မြန်မာ့ပြဿနာ၏ ထွက်ပေါက်လည်း မဟုတ်ပါ။ စစ်တပ်နိုင်ငံရေးတွင် ဆက်လက်ပါဝင်နေသမျှ ပြည်သူလူထုလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်နှင့် အလှမ်းဝေးနေဦးမည် ဖြစ်ပြီး ပြည်သူ့တော်လှန်ရေးသည်လည်း  အရှိန်အဟုန်ဖြင့် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။ ၆။ အကြမ်းဖက်စစ်အုပ်စုအပါအဝင်  ပြင်ပအင်အားစုတစ်ခုခုက မြန်မာ့ကံကြမ္မာကို ဝင်ရောက် ချယ် လှယ်ခြင်း၊ အဆုံးအဖြတ်ပေးခြင်းကို လက်ခံမည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံ၏ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကို မြန်မာပြည်သူလူထု လိုလားလက်ခံသည့်ပုံစံဖြင့်သာ မြန်မာများကိုယ်တိုင် ကမကထပြု ဆောင်ရွက်သွားရမည်ဖြစ်သည်။ တော်လှန်ရေးက ပြဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းမှု ဖေါ်ဆောင်နိုင်ရေးအတွက် မြန်မာပြည်သူ လူထုကိုယ်တိုင် ရွေးချယ်သည့်နည်းလမ်းများဖြင့် အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။ တော်လှန်ရေးသစ္စာဖြင့်တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်း ကော်မတီ(အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ)

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဒါန (DANA)နှင့်စပ်လျဉ်း၍ သတိပေးချက် ထုတ်ပြန်ခြင်း

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဒါန (DANA)နှင့်စပ်လျဉ်း၍ သတိပေးချက် ထုတ်ပြန်ခြင်း

အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဒါန (DANA)နှင့်စပ်လျဉ်း၍ သတိပေးချက် ထုတ်ပြန်ခြင်း(၂၄-၁၀-၂၀၂၄)◾️နိုင်ငံတကာ မိုးလေဝသဌာနများ၏ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်း ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် အာရေဗျဘာသာစကားအရ စွန့်ကျဲပေးကမ်းခြင်းဟု အဓိပ္ပာယ်ရသည့် အမည်ပေးဆိုင်ကလုန်းမုန်တိုင်း ဒါန (DANA- means Generosity in Arabic) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဤယနေ့ အောက်တိုဘာလ (၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာပါသည်။ အဆိုပါအားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် လာမည့် အောက်တိုဘာလ (၂၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေမြောက်ပိုင်းကို လေတိုက်နှုန်း တစ်နာရီလျှင် (၆၅)မိုင်မှ (၇၅)မိုင်ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းရပါသည်။ ◾️အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်းမရှိသော်လည်း မုန်တိုင်း၏အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတလျောက်တွင် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပြီး လေတိုက်နှုန်းမှာလည်း တစ်နာရီလျှင် (၂၅) မိုင်မှ မိုင် (၄၀)ခန့်အထိ တိုက်ခတ်နိုင်ပါသည်။ ◾️မုန်တိုင်းသည် အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့ ပိုမိုနီးကပ်စွာရွေ့လျားသွားခြင်းကြောင့် မြန်မာနိုင်ငံဒေသ အတော်များများတွင် မိုးရွာသွန်းမှု သိသိသာသာ ပြန်လည်လျော့ကျသွားနိုင်ပါသည်။ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်ပါသည်။ အကြံပြုချက်••••••••••••◾️ မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ကမ်းနီးကမ်းဝေး ရေလုပ်သားများအနေဖြင့် ပင်လယ်ပြင် ငါးဖမ်းထွက်ခြင်းကို ခေတ္တရပ်နားထားသင့်ပါသည်။

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနhttps://mohr.nugmyanmar.org/ထုတ်ပြန်ကြေညာချက်အမှတ် (၈ /၂၀၂၄)၁၃၈၆ ခုနှစ်၊ သီတင်းကျွတ် လဆုတ် ၅ ရက်(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)ဘုတလင်မြို့နယ်အတွင်း အရပ်သားများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် စေခိုင်းခြင်းတို့သည် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးနည်းဗျူဟာတရပ်အဖြစ် ကျူးလွန်ခြင်း ပေါ်လွင်ထင်ရှားကြောင်း ထုတ်ပြန်ချက် ====================================၁။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာ အနီး တိုက်ပွဲတခုတွင် အကြမ်းဖက်စစ်အုပ်စု၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ကြောင်း သည် တော်လှန်ရေး တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် ကြီးမားသည့် အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ကြရသဖြင့် ၎င်းတို့ ယခင်ကျင့်သုံးလေ့ရှိသည့် နည်းဗျူဟာများအတိုင်း အနီး ပတ်ဝန်းကျင်မှ ကျေးရွာများကို ဝင်ရောက်စီးနင်း၍ အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ အရပ်သား အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းများကို ဆက်တိုက် ပြုလုပ်ခဲ့ သည်။ ၂။ အောက်တိုဘာလ (၁၁) ရက်နေ့မှ (၂၀ ) ရက်နေ့အတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ အင်အား (၁၀၀) ကျော် ပါဝင်သော စစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက် (၁၇) ခုကို  ဝင်ရောက် စီးနင်း၊ မီးရှို့၊ သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ အတွင်း အရပ်သားပြည်သူ (၂၄) ဦးထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ထို သတ်ဖြတ်ခံရသူများ တွင် ကလေးငယ် (၃) ဦး၊ အမျိုးသမီး (၃) ဦးနှင့် သက်ကြီးရွယ်အို (၁) ဦးတို့ ပါဝင်သည်။ ထင်ရှားသည့် သတ်ဖြတ်မှု ဖြစ်စဉ်မှာ အောက်တိုဘာလ (၁၇) ရက်နေ့၊ စီပါကျေးရွာတွင် အရပ်သားပြည်သူ (၆) ဦးကို သတ်ဖြတ်မှုဖြစ်ပြီး၊ ခန္ဓာကိုယ်များကို အစိတ်စိတ်ပိုင်းဖြတ်လျက် အစိတ်အပိုင်းများကို နေအိမ်ခြံစည်းရုံးတွင် ချိတ်ဆွဲထား ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အရပ်သားပြည်သူ (၆၀) ထက်မနည်းကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးလျက် စစ်ကြောင်းတလျောက် ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။၃။ အကြမ်းဖက်စစ်အုပ်စုသည် မြေပြင်တပ်ဖွဲ့များ၏ လူမဆန်သည့် သတ်ဖြတ်မှုများ အားဖြည့်ရန် အတွက် ကျေးရွာ (၅) ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။၄။ အထက်ပါတိုက်ခိုက်မှုသည် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် ရှမ်းပြည်၊ တောင်ကြီးမြို့၌ ၎င်း၏ လက်အောက်ခံ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် “သတင်းရရှိမှုနှင့် အခြေအနေ အရပ်ရပ်အပေါ် မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင် ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ (တော်လှန်ရေး အင်အားစုများ) အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်” သတိပေးခဲ့ပြီးနောက် အရပ်သား ပြည်သူများအပေါ် ပိုမိုအတင့်ရဲစွာ ပေါ်ပေါ်ထင်ထင် အကြမ်းဖက်လာခဲ့ခြင်းလည်း ဖြစ်သည်။၅။ လက်နက်ကိုင် ထိတွေ့တိုက်ပွဲများအတွင်း ဆုံးရှုံးမှုများအတွက် လက်စားချေသည့် အနေဖြင့် အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လူမျိုးအသီးသီး၏ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအပေါ် လက်စားချေရန်အတွက် နှစ်ပေါင်းများစွာ အကြမ်းဖက် စစ်အုပ်စုက ကျင့်သုံးခဲ့သော နည်းဗျူဟာတရပ်ဖြစ်ပြီး ယခင်ကတည်းကပင် နိုင်ငံ အနှံ့အပြားမှ ဖြစ်စဉ်များတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စု၏ ခေါင်းဆောင်ကိုယ်တိုင် ထုတ်ဖော်ဝန်ခံထားပြီးဖြစ်သည့်အတိုင်း အရပ်သား ပြည်သူများကို ပစ်မှတ်ထားလျက် ဘုတလင် မြို့နယ်အတွင်းရှိ ကျေးရွာများကို ထိုသို့ တိုက်ခိုက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများသည် နည်းဗျူဟာကို ကျင့်သုံးခြင်းသာဖြစ်သည်။၆။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက် ခွင့်ပြုနေမည်ဆိုပါက ထိုမျှ ဆိုးရွားယုတ်မာသော စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်ဆွဲထားသော ယန္တရားတရပ်သည် ဆက်လက်သက်ဆိုးရှည်ယုံမျှမက၊ ပိုမိုအတင့်ရဲ လာမည်သာ ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်း၏ ဆိုးရွားသည့် ကျူးလွန်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဦးတည် ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တောင်းဆိုအပ်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ