(၇၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် အဖွင့်အမှာစကားကို ထုတ်ပြန်ခြင်း

(၇၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် အဖွင့်အမှာစကားကို ထုတ်ပြန်ခြင်း

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၁၀) ရက် ယနေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ကျွန်တော့်အနေနဲ့ အဖွင့်အမှာ စကား ပြောကြားခွင့်ရလို့ ဝမ်းသာမိပါတယ်။ ယနေ့ အခမ်းအနားမှာ အတိတ်သမိုင်းတစ်လျှောက်လုံး – လူ့အခွင့်အရေးအတွက် နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးမှာ ပုံစံမျိုးစုံနဲ့ တိုက်ပွဲဝင်လာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအားလုံးနဲ့ လူ့အခွင့်အရေးအတွက် တော်လှန်တောင်းဆိုခဲ့ကြသူအားလုံးကို လေးစားဦးညွှတ် ကြောင်း ပဏာမအနေနဲ့ ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ – စစ်အာဏာရှင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီလူ့ဘောင်သစ် ပေါ်ထွန်းအောင် ဦးဆောင်နေတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီလို့ ပြောရင် လူ့အခွင့်အရေးဟာ တွဲဖက်ပါဝင်လာပြီး ဖြစ်ပါတယ်။ လစ်ဘရယ်ဒီမိုကရေစီကျင့်ထုံးတွေနဲ့အတူ လူ့အဖွဲ့အစည်း အတွင်းမှာ လူအချင်းချင်း တန်ဖိုးထားသော လူသားဖြစ်တည်မှုကို တန်ဖိုးထား လေးစားသော ကျင့်ထုံးတွေ ဓလေ့တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။ အဲသည့်အတွက် လူ့အခွင့်အရေးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ် အသက်ဝင် ခိုင်မာနေရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းဇာတ်ကြောင်းကို ကြည့်ရင် အာဏာရှင်ဓလေ့ ထွန်းကားတာကို တွေ့ရပါတယ်။ လက်နက်အားကိုးတဲ့သူက လက်နက်နဲ့ အာဏာရှင်လုပ်တယ်။ လူအုပ်စုကြီးတဲ့သူက လူအုပ်ကို အမှီပြုပြီး အာဏာရှင်လုပ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို စည်းနဲ့ ဘောင်နဲ့ ဥပဒေနဲ့ အသုံးပြုတဲ့ဓလေ့လည်း နည်းပါးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရထားတဲ့ အာဏာကို လက်လွှတ်စပယ် အသုံးချပြီး လူအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ၊ နှိမ့်ချစော်ကားခြင်းအမှုတွေကို အကန့်အသတ်မရှိ ကျူးလွန်ကြတာတွေ့ရပါတယ်။ အာဏာဟာ လူကို ဖောက်ပြန်စေတတ်ပါတယ်။ အာဏာရှိထားတဲ့သူ / လုပ်ပိုင်ခွင့်ရှိထားတဲ့သူနဲ့ လက်နက်ရှိထားတဲ့သူ‌တွေ ပေါင်းပြီး ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များစွာ ရှိခဲ့ပါတယ်။ ဒီလို လက်နက် / အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိထားတဲ့ အစိုးရတွေ / အစုအဖွဲ့ တွေဟာ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ရဲရဲတင်းတင်း ကျူးလွန်ဖောက်ပြန်ကြတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေဟာ အတိတ်တုန်းကလည်း ရှိခဲ့တယ်။ ယခု ပစ္စုပ္ပန်မှာလည်း ရှိနေပါတယ်။ အထူးသဖြင့် လက်နက်၊ အာဏာနဲ့ အကျိုးစီးပွားကိုပဲ ဗဟိုပြု တည်ဆောက်ထားတဲ့ မြန်မာစစ်တပ်လို စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ယူမှု/ တာဝန်ခံမှု မဲ့စွာ ကျူးလွန်နေပါတယ်။ ပြည်သူလူထုအပါအဝင် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့အသီးသီးဟာ — စစ်အာဏာရှင်စရိုက်ဆိုးကနေ မွေးထုတ်ပေးလိုက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အမြစ်ပြတ် တော်လှန်ဖို့အတွက် စုဖွဲ့ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးကို လေးစားလိုက်နာသော / လူချင်းတူတူ သူချင်းမျှမျှ လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်သော လူ့ဘောင်သစ်ကို တည်ထောင်ဖို့ တူညီသော ပန်းတိုင်တွေ ရှိထားပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုဟာ နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခကာလတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံးမှာ ကျရောက်နေပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ လျင်လျင်မြန်မြန်နဲ့ အောင်ပွဲခံနိုင်ပြီး လက်ရှိတည်ဆဲ စစ်ရေးပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်အောင် လုပ်မှသာ ပြည်သူလူထုဟာ လူ့အခွင့်အရေးရဲ့ အနှစ်သာရကို ခံစားကြရမှာ ဖြစ်ပါတယ်။ ပဋိပက္ခသက်တမ်း ရှည်ကြာလေလေ၊ လူ့အခွင့်အရေးတွေဟာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်း လာလေလေ ဖြစ်လာပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ အားလုံး သတိချပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ တော်လှန်ရေးအစိုးရဟာ — လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အစိုးရတစ်ရပ်လည်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချ တည်ဆောက်ဖို့ အတွက် တည်ဆောက်ရေးအင်အားစုအသီးသီးကို စုဖွဲ့ထားတဲ့ အစိုးရတစ်ရပ်လည်းဖြစ်ပါတယ်။ ကုလသမဂ္ဂဟာ လူသားတိုင်း အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များ ရရှိရေးအတွက် လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီရက်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သော်လည်း ကျွန်ပ်တို့ တိုင်းပြည်ဟာ ယနေ့တိုင် အာဏာရှင်များ/ အကြမ်းဖက်စစ်အုပ်စုများ၏ အုပ်စိုးမှုကြောင့် ပြည်သူတရပ်လုံး အကျည်းကျနေသဖွယ် ခံစားနေကြသည်မှာ ဆယ်စုနှစ်များစွာ ရှိပြီဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ဟာ အနာဂတ်ကာလမှာ လူ့အဖွဲ့အစည်းအတွက် လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရရှိဖို့ အစဉ်တစိုက် ကြိုးစားနေရ ပါမယ်။ဒါ့အပြင် ယနေ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့ညမပြတ် ကျူးလွန်နေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ချေမှုန်းတဲ့ တော်လှန်ရေးလည်း ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ သတိပေးလိုပါတယ်။ လူသားဂုဏ်သိက္ခာအပြည့်အဝရှိပြီး လူသားတန်ဖိုးတွေကို အရှိ ပကတိအတိုင်း ကြည့်မြင် လေးစားနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ယုံကြည်ချက်နဲ့လည်း ကြိုးစားရမှာ ဖြစ်သလို၊ ဉာဏ်ပညာအားဖြင့် လည်း ကြိုးစားကြရမယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ ဒီလို ခိုင်မာသော ယုံကြည်မှုနဲ့ နက်နဲတဲ့ ဉာဏ်ပညာတွေကို အသုံးပြုပြီး ဇွဲနပဲရှိရှိ ဆက်လက်တိုက်ပွဲဝင်မယ်ဆိုရင် လူ့အခွင့်အရေးပြည့်ပြည့်ဝဝ ရရှိတဲ့ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ် ခင်ဗျား….။အရေးတော်ပုံမုချအောင်ရမည်....

“ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအတွက် ထုတ်ပြန်ကြေညာချက်”

“ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအတွက် ထုတ်ပြန်ကြေညာချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgကြေညာချက်အမှတ်(၂၄/၂၀၂၂)၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်“ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအတွက် ထုတ်ပြန်ကြေညာချက်”ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ အမျိုးသားရုပ်အလောင်း ၁၃ လောင်းတွေ့ရှိမှုအား အမျိုသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာတုန်လှုပ်စိတ်ပျက်မိပါသည်။ သေဆုံးသူများထဲတွင် ငယ်ရွယ်သော ရိုဟင်ဂျာလူငယ်များပါဝင်နေကြောင်း တွေ့ရပါသည်။ ကနဦးတွေ့ရှိချက် များအရ ရုပ်အလောင်းအချို့တွင် ပြတ်ရှဒဏ်ရာများနှင့် ညှဉ်းပမ်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရှိရပါသည်။ သေဆုံးရသည့်အကြောင်းအရင်းအား စစ်ဆေးရန်အတွက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ရုပ်အလောင်း များကို ပေးပို့ထားကြောင်းလည်း သတင်းရရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သေဆုံးသူများ၏ မိသားစုဝင်များ၊ ချစ်ခင်ရသူများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ ထို့အတူ ဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့်ပက်သက်၍ စုံစမ်းစစ်ဆေးမှုအား စတင်ဆောင်ရွက် နေပြီဖြစ်သဖြင့် စုံစမ်းစစ်ဆေးမှုအတွက် အထောက်အပံ့ဖြစ်စေသော လူမှုရပ်ဝန်းမှ အဖွဲ့ဝင်များ၏ အကူအညီများ အားလည်း ဖိတ်ခေါ်အပ်ပါသည်။စုံစမ်းစစ်ဆေးမှု ရလဒ်များအား ပြီးစီးရန် စောင့်ဆိုင်းနေစဥ်ကာလအတွင်းတွင် ယခုဖြစ်စဉ်ကဲ့သို့သော ရိုဟင်ဂျာလူမျိုးများအား ပစ်မှတ်ထားကျူးလွန်သည့် အလားတူအစွန်းရောက်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လွန်စွာစိုးရိမ်ပူပန်မိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် လူနည်းစုများအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်လုံးရှိ အရပ်သားပြည်သူများအပေါ်  အမုန်းတရားထား အကြမ်းဖက်ခြင်းများကို အတိအလင်းပြတ်ပြတ်သားသား ကန့်ကွက်ရှုံ့ချပါသည်။ ချန်လှပ်ဘေးဖယ်ထားခြင်း၊ နှိမ်ချခွဲခြားခြင်း၊ လူမဆန်စွာအပြစ်ပေးခြင်းများ ကျူးလွန်ရန် လှုံဆော်ပေးသည့် လုပ်ရပ်များအတွက် မြန်မာ့လှုမှုရပ်ဝန်းတွင် နေရာမရှိပါ။ ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအတိုင်း အပြည့်အဝအရေးယူ၍ တရားမျှတမှုနှင့် အပြစ်ပေးဆပ်ခြင်းများကို ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏မိသားစုများထံ ဆောင်ကျဉ်းပေးရမည်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ 

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း (၁၄)ရက်(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်)အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာ ကို ထုတ်ပြန်လိုက်သည်။၁။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့သည် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် စီးပွားရေးလုပ်ငန်းပေါင်းစုံအား လက်ဝါးကြီးအုပ်ချယ်လှယ်၍ နှစ်စဉ် ဘဏ္ဍာရန်ပုံငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။၂။ အဆိုပါ ဘဏ္ဍာရန်ပုံငွေများသည် အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီးများ အတွက်သာ အကျိုးစီးပွါးဖြစ်ထွန်းလျက်ရှိပြီး အောက်ခြေအကြပ်၊စစ်သည်များမှာ ခံစားခွင့်မရှိသလောက် နည်းပါးလျက် ရှိကြောင်းကို အမြတ်ခွဲဝေမှုဆိုင်ရာ အထောက်အထား၊ စာရွက်စာတမ်းများအရ သိရှိရသည်။ ၃။ ထို့အပြင်  ၎င်းအကျိုးအမြတ်များအား အသုံးပြု၍ အကြမ်းဖက်စစ်အုပ်စုသည် နေ့စဉ်နှင့်အမျှ နိုင်ငံတဝှမ်းရှိ အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။၄။ သို့ဖြစ်ပါ၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အား အကြမ်းဖက်အုပ်စုများ အဖြစ် ကြေညာလိုက်သည်။၅။ ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းများအဖြစ် သတ်မှတ်၍ အများပြည်သူအကျိုးစီးပွားအလို့ငှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နှင့်အညီ ထိန်းချုပ်စီမံခန့်ခွဲသွားမည် ဖြစ်သည်။ ဥက္ကဌအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အကြမ်းဖက်မှုတိုက်ဖက်ရေးဥပဒေပါ ရည်ညွှန်းကိုးကားချက်များပုဒ်မ ၃(ဃ)အကြမ်းဖက်အုပ်စုပိုင်ပစ္စည်းများ ဆိုသည်မှာ အကြမ်းဖက်မှုကျူးလွန်ရာမှ ရရှိသည့် အကျိုးအမြတ်များ၊ အကြမ်းဖက်မှု တစ်ရပ်ကို ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သို့မဟုတ် အကျိုးပြုနေသည့် သို့မဟုတ် အသုံးပြုလိမ့်မည်ဟု ယူဆရသည့် ငွေကြေးနှင့်ပစ္စည်းများ၊ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုတစ်ခုက အသုံးပြုခဲ့သည့် သို့မဟုတ် အသုံးပြုနေသည့် သို့မဟုတ် အသုံးပြုလိမ့်မည်ဟု ယူဆရသည့် ငွေကြေးနှင့်ပစ္စည်းများ၊ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုတစ်ခု သို့မဟုတ် အဆိုပါအုပ်စု၏ ကိုယ်စား အခြားသူတစ်ဦးဦးက ပိုင်ဆိုင်ထားသည့် သို့မဟုတ် ထိန်းချုပ်ထားသည့် ငွေကြေးနှင့် ပစ္စည်းများ၊ အကြမ်းဖက်အုပ်စုတစ်ခုအား ထောက်ပံ့ရန် သို့မဟုတ် အကြမ်းဖက်မှုတစ်ခုအား ရန်ပုံငွေထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းခဲ့သည့် ငွေကြေးနှင့် ပစ္စည်းများနှင့် အဆိုပါငွေကြေးနှင့် ပစ္စည်းများမှ ဆင့်ပွားဆင်းသက်လာသည့် ငွေကြေးနှင့် အကျိုးအမြတ်များကို ဆိုသည်။ ပုဒ်မ ၆(ဂ)၆ ဗဟိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် - ...(ဂ) လုပ်ငန်းကော်မတီများ၊ အဖွဲ့များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများကို ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းပေးခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ခြင်း၊ပုဒ်မ ၆(ဌ)... ပုဒ်မခွဲ (င)အရ အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်သမားအုပ်စုအဖြစ် ကြေညာ သည့်အခါ ယင်းအကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုပိုင် ပစ္စည်းများနှင့် ရန်ပုံငွေ များ ကို ထိန်းချုပ်ရန် အမိန့်ထုတ်ပြန်ခြင်း၊ပုဒ်မ ၇၂(ခ)ဗဟိုအဖွဲ့နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများသည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

“တမူးမြို့ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

“တမူးမြို့ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.orgကြေညာချက်အမှတ်(၂၃/၂၀၂၂)၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်“တမူးမြို့ဖြစ်စဉ်နှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်”(၁) စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် PDF များအား သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု၌ ပါဝင်ပတ်သက်ခဲ့သည်ဟု ယူဆရသူ အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံခဲ့သည်ကိုတွေ့ရှိရသည်။ အဆိုပါ ဗွီဒီယိုတွင် ပါဝင်သော လုပ်ရပ်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သွေဖည်လျက်ရှိသည်။ (၂) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ ပါဝင်ပတ်သက်ခြင်းရှိမရှိ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းများကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့် အညီလုပ်ဆောင်သွားရန် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများအား ညွှန်ကြားထားပြီး ဖြစ်သည်။(၃) အဆိုပါဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများအရ လုံးဝလက်သင့်မခံနိုင်သည့် ကိစ္စရပ်ဖြစ်သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်သည့် ကွင်းဆက်များကို စုံစမ်းစစ်ဆေးဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်ခဲ့သူ မည်သူ့ကိုမဆို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်သည်။ (၄) ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ် ဆင်နွဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ၊ စစ်ရေးညွှန်ကြားချက်များနှင့်အညီသာ စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။(၅) အကြမ်းဖက်စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ၎င်းတို့ကဲ့သို့ပင် အကြမ်းဖက်မှုများ ပြုလုပ်နေသည်ဟု ပုံဖော်ရန်ကြိုးစားနေသည့် ထောင်ချောက်ထဲသို့ မကျရောက်မိစေရန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အားလုံး အထူးသတိချပ် ကြစေလိုပါသည်။ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်လျက် ရှိသော စစ်ရာဇဝတ်မှုများ၊ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကို အပြီးတိုင်အဆုံးသတ်နိုင်ရေး စစ်ရေးနည်းလမ်းဖြင့် တော်လှန်တိုက်ပွဲဝင် နေကြရသော်လည်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များကဲ့သို့ အသိတရားမဲ့  တရားလက်လွတ်ပြုကျင့်သူများ မဖြစ်စေရေး  ရဲဘော်များအနေဖြင့် ဂရုပြုကြရန်လိုအပ်ပါသည်။ (၆) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မုန်းတီးမှု၊ ဖိနှိပ်မှုများမှကင်းဝေးပြီး အပြန်အလှန်မှီခိုမှု၊ ကရုဏာရှိမှု၊ အပြန်အလှန် ကူညီစောင့်ရှောက်မှု တို့ကိုအခြေခံသည့် လွတ်လပ်သော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုမျှော်ရည်လျက် ယခုဖြစ်စဉ်ကဲ့သို့သော ကိစ္စရပ်မျိုး နိုင်ငံတော်၏ မည်သည့်နေရာတွင်မှ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကွပ်ကဲကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက် တော်လှန်ရေးကာလဖြစ်သည့်အားလျော်စွာ နေ့စဉ်နှင့်အမျှဖြစ်ပေါ်ကြုံတွေ့နေရ တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဝန်ကြီးဌာနအချင်းချင်းသော်လည်းကောင်း၊ ဌာန တာဝန်ရှိသူများအချင်းချင်းသော်လည်းကောင်း ချိတ်ဆက်ပူးပေါင်းပြီး ကိုင်တွယ်ဖြေရှင်း ပေးနေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအားလုံးကို ကျေးဇူးတင်ပါတယ်။  ဒီတပတ်အတွင်းဖြစ်ပွားခဲ့တဲ့ တမူးမြို့က ဒလန်လို့ယူဆရတဲ့ အမျိုးသမီးတဦး  ပစ်သတ်ခံခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ထုတ်ပြန်ချက်တခု မနေ့ကထုတ်ပြန်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ လည်း ဖြစ်စဉ်ကို ကြားလျှင်ကြားချင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ ပါဝင်ပတ်သက်ခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးခြင်းတွေပြုလုပ်ဖို့ ညွှန်ကြားထားတယ် ဆိုတာကိုလည်း သိရပါတယ်။  အကယ်၍ ပါဝင်ပတ်သက်ခဲ့တယ်ဆိုရင်လည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ သွားရမှာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း မိမိတို့ရဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေအားလုံး စစ်ဘက်ဆိုင်ရာဥပဒေတွေ စစ်ရေးညွှန်ကြားချက်တွေကို သေချာ လိုက်နာဆောင်ရွက်ဖို့ ကြပ်ကြပ်မတ်မတ်စီမံ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဓမ္မဘက်တော်သား တော်လှန်ရေးသမားတွေဖြစ်ပါတယ်။ ကျွန်တော်တို့ပန်းတိုင် ဖြစ်တဲ့ ရက်စက်ကြမ်းကြုတ် လွန်းတဲ့အကြမ်းဖက်အုပ်စုကို အမြစ်ဖြတ်နိုင်ဖို့အတွက် စစ်ရေးနည်းလမ်းနဲ့ တိုက်ပွဲဝင် နေကြတယ်ဆိုပေမယ့် ဘယ်လိုအခြေအနေမျိုးမှာမဆို လူမဆန်တဲ့ အကြမ်းဖက် စစ်ကောင်စီတွေလို အသိတရားမဲ့လို့မဖြစ်သလို တရား လက်လွတ်ပြုကျင့်သူတွေလည်း မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီသတင်းစကားကို တော်လှန်ရေးရဲဘော်တွေဆီ ပြန်လည်သယ်ဆောင်သွားပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို တိုက်တွန်းလိုပါတယ်။  တော်လှန်ရေးရဲ့ ဒီလိုအချိန်မျိုးဟာ အင်မတန်သတိကြီးကြီးနဲ့သွားရမယ့်အချိန် ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့လည်း လက်နက်နဲ့ပြည်သူကို ခြိမ်းခြောက် ပြီး ၁ပတ်၂ပတ်နဲ့ အောင်မြင်မယ်ထင်ခဲ့တဲ့ မတရားအာဏာသိမ်းမှုဟာ အခု ၂နှစ်နီးပါးကာလအထိ ပြည်သူရဲ့ဇွဲထက်သန်စွာ တောင့်ခံမှုကြောင့် ဘယ်နေရာကိုမှ ကောင်းစွာ မအုပ်ချုပ်နိုင်ပဲ နည်းလမ်းမျိုးစုံနဲ့ တော်လှန်ရေးကို ပုံဖျက်ဖို့ကြိုးစားလာတဲ့ အချိန်၊ ပြည်သူတွေစိတ်ဝမ်းကွဲစေမယ့်ကိစ္စရပ်တွေ တခုပြီးတခုဖန်တီးလာတဲ့အချိန် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်နေတဲ့ မဟာမိတ် ERO တွေကို နည်းမျိုးစုံနဲ့ ချဉ်းကပ်ဆွဲဆောင်မှုတွေ ပြုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ တဘက်က ပြည်သူတွေအနေနဲ့ လည်း စစ်ကောင်စီရဲ့မတရားဖိနှိပ်မှုတွေကြောင့် စိတ်ရောကိုယ်ပါဖိစီးလာချိန်၊ ဒီလိုအခြေအနေမျိုးတွေမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်တွဲညီညီ၊ ဆုံးဖြတ်ချက်မှန်မှန်နဲ့ ပြည်သူကို ကောင်းမွန်စွာဦးဆောင်မှုပေးပြီး အရှိန်အဟုန်နဲ့ပန်းတိုင်ဆီမြန်မြန်ရောက်အောင် ချီတက်နိုင်ကြဖို့လိုပါတယ်။  ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ မဟာမိတ်ဆက်ဆံရေးကဏ္ဍတွေကို ဟန်ချက်ညီညီ စီမံဆောင်ရွက်သွားနိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ နိုင်ငံခြားရေးကဏ္ဍဘက်မှာဆိုရင် လည်း နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာနအပြင် လူ့အခွင့်အရေးဝန်ကြီးဌာနကပါ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက် ပေးနေတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အားရကျေနပ်မှုရှိပါတယ်။  စစ်ရေး နဲ့ အုပ်ချုပ်ရေးကတော့ အတူလက်တွဲပြီး ထိထိရောက်ရောက် လုပ်ဆောင် ကြရမှာဖြစ်ပါတယ်။ မိမိတို့ဘက်က အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့မြို့တွေမှာ လုံခြုံရေး ကဏ္ဍအားကောင်းမှ အခြားကဏ္ဍတွေကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီမှာဆိုရင် ဝန်ကြီးဌာနတွေရဲ့ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်မှုတွေ အား ကောင်းတာ မြင်တွေ့ရပါတယ်။ လုံခြုံရေးဆိုင်ရာ နဲ့ အုပ်ချုပ်ရေးဆိုင်ရာ မြေပြင် အခက်အခဲတချို့ရှိနေပေမယ့် ဒီအခက်အခဲတွေဟာ ပူးပေါင်းဖြေရှင်းလို့ရတဲ့ စိန်ခေါ်မှုတွေ ဖြစ်တာကြောင့် အင်တိုက်အားတိုက် ပူးပေါင်းဆောင်ပေးကြဖို့တိုက်တွန်းလိုပါတယ်။ မနေ့ က ကြားကာလပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲမှာလည်း လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဒေသအလိုက်ပူးပေါင်းပါဝင်ကူညီလုပ်ဆောင်ပေးဖို့ ဆန္ဒရှိနေကြတာမို့ အဲဒီအင်အားတွေ ပါ ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်စေချင်ပါတယ်။  ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခက်အခဲတွေ ဘယ်လောက် ရှိရှိ ကျွန်တော်တို့ချမှတ်ထားတဲ့ တစ်နှစ်တာ မဟာဗျူဟာ အစီအမံတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်သွားပြီး ရည်မှန်းထားခဲ့တဲ့အတိုင်း ဒီတစ်နှစ် ဟာ တော်လှန်ရေးရဲ့အဆုံးအဖြတ်နှစ် ဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို ပြည့်ဝအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီလို ကြိုးစားကြတဲ့အခါမှာ မဟာမိတ် အင်အားစုတွေ၊ တော်လှန်ရေးဦးဆောင်အစုအဖွဲ့တွေ အားလုံးနဲ့ တက်ညီလက်ညီ ဟန်ချက်ညီညီ ဖြစ်နိုင်ဖို့ကတော့ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များရဲ့ တာဝန် ဖြစ်တာမို့ ဝိုင်းဝန်းကြိုးစားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။ အရေးတော်ပုံ အောင်နေပြီ...

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၆) ရက် လွန်ခဲ့တဲ့ ဒီဇင်ဘာ (၁) ရက်နေ့၊  REUTER NEXT အစီအစဉ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ စီးပွားရေးပညာရှင်တွေနဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ညီလာခံမှာ ပြောကြားတဲ့ အင်တာဗျူးကိစ္စနဲ့ ပတ်သက်တဲ့အချက်တချို့ ဖြစ်ပါ တယ်။ မြန်မာ့နိုင်ငံရေးအကဲဆတ်နေချိန်မှာ၊ အားလုံးဟာ သွေးပူသွေးဆူနေတော့ အင်တာဗျူးမှာ ကျွန်တော် ဖြေကြားခဲ့တဲ့ အချက်အလက်တချို့နဲ့ပတ်သက်ပြီး ပြည်သူအချို့မှာ စိုးရိမ်ကြောင့်ကြမှုတွေ ပေါ်လာတယ်လို့ ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေကို ထပ်မံရှင်းလင်းတင်ပြချင်တာ ရှိပါတယ်။ နံပါတ် (၁) ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရစစ်စစ် ဖြစ်တာကြောင့်၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဆန့်ကျင်တဲ့ လမ်းစဉ်/မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်တာမျိုး မလုပ်ဘူးဆိုတာ တိတိကျကျပြောလို တယ်။ အထူးသဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) မဖြစ်မနေ ရယူလုပ် ဆောင်ဖို့ တိတိကျကျ ပြတ်ပြတ်သားသား ပြင်ဆင်ထားကြရပါမယ်။ နိုင်ငံတကာသတင်းမီဒီယာတွေကနေ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေကို သတင်းမက်ဆေ့ချ်ပေးတဲ့အခါ အချိန်အကန့် အသတ်ကြောင့် ပြည့်ပြည့်စုံစုံ မပြောနိုင်တာတွေ ရှိခဲ့ပါတယ်။ မြန်မာပြည်သူလူထုဟာ  အကြမ်းဖက်စစ်ကောင်စီ က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရအောင် မလုပ်နိုင်ဘဲနဲ့ စစ်မှန်တဲ့ အပြောင်းအလဲ မဖြစ် ဘူးလို့ ခံယူထားကြပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ သဘောထားနဲ့ ထပ်တူဖြစ်ကြောင်း ထပ်လောင်း ပြောကြားချင်ပါတယ်။ နံပါတ်(၂) အနေနဲ့ ပြည်သူလူထုစိုးရိမ်ပူပန်နေတဲ့ ကိစ္စကို ပြောချင်ပါတယ်။ လူထုဟာ စစ်အုပ်စုကို သူတို့ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက စဉ်းစားခန်းထုတ်နေပြီလားလို့ ထင်မြင်နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာ/ နားလည်ပေးချင်စရာ တစ်ကွက်မှ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒလမ်းစဉ် ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်း လမ်းစဉ်ဖြစ်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်။ ယနေ့ အစိုးရအဖွဲ့အစည်းအဝေးကနေ ပြည်သူလူထုကို ဒီသတင်းစကားမျှဝေကြဖို့ ကျွန်တော့်အနေနဲ့ အထူးတိုက်တွန်း လိုပါတယ်။ နံပါတ် (၃) အချက်အနေနဲ့ စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင်ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ဖို့ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ်တပ်မတော်ဟာ ပရော်ဖက်ရှင်နယ်တပ်မတော် ဖြစ်ရလိမ့်မယ်။ ယခု မြန်မာစစ်တပ်လို နိုင်ငံရေးထဲ အမြဲတမ်း ဝင်ပါနေတာမျိုး လုံးဝ လက်မခံနိုင်ပါဘူး။ ဒါကို အမြော်အမြင်ရှိရှိနဲ့ သေချာထည့်သွင်းစဉ်းစားထားကြရမှာ ဖြစ်တယ်။ ဒါ့အပြင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးလို့ခေါ်တဲ့ security sector reform ကိစ္စတွေကိုလည်း အထူးတလည် ထည့်သွင်းလုပ်ဆောင်ရပါလိမ့်မယ်။ စစ်အာဏာရှင်အမြတ်ပြတ်သုတ်သင်ချေမှုန်းရေးအတွက် တော်လှန်ရေးမှာ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေ/ အာဇာနည်တွေကို အမြဲတမ်း အစဉ်တစိုက် ဦးညွှတ်နေမှာ ဖြစ်တယ်။ တော်လှန်ရေးရဲဘော် တွေရဲ့ အသက်ပေးစွန့်လွှတ်အနစ်နာခံမှုတွေကို အကျိုးမဲ့ အလဟဿ မဖြစ်သွားအောင် ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်နေကြရမယ်။ တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးတန်းတူအခွင့်အရေးအတွက် မိသားစုပေါင်းများစွာက ဆွေစဉ်မျိုးဆက် တော်လှန်ရေးအမွေကို ဆက်ခံပြီး တရားမျှတသောတော်လှန်ရေးအတွက် အထွေထွေသော ကြိုးပမ်းချက်တွေဟာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ တော်လှန်သောမြှုပ်နှံမှုတွေ ဖြစ်တယ်။ စစ်အာဏာရှင် တော်လှန်ရေးမှာ အသက်နဲ့ခန္ဓာကို ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့သူအပေါင်းနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအတွက် အသွင်ကူးပြောင်းရေးအလွန်ကာလမှာ တရားမျှတမှုရရှိရေးအတွက် ကျွန်တော်တို့အားလုံး အဓိကထား ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါဟာ စစ်မှန်သောလူထုရဲ့ လိုလားချက်ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ရင်း နိဂုံးချုပ်ပါတယ်။ အရေးတော်ပုံမုချအောင်မြင်ရမည်......

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်  ဒီတစ်ပတ်အတွင်း တော်လှန်ရေးအနေအထားက နိုင်ငံရေးဘက်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတာတွေ ရှိသလို စစ်ရေးအပိုင်းကလည်း လှုပ်ရှားမှု ပိုမို အားကောင်းလာတဲ့ နေရာတွေ ရှိတာ တွေ့ရပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ များလာတာနဲ့     အမျှ ထိခိုက်နစ်နာရတဲ့ ပြည်သူတွေ၊ အသက်ပါဆုံးရှုံးရတဲ့ ပြည်သူ့ဘက်တော်သားတွေရဲ့ သတင်းတွေ ကြားသိရတာလည်း အင်မတန် စိတ်ထိခိုက်ရပါတယ်။ ဒီလို သတင်းတွေ ကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ -နံပါတ် (၁) က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ -နံပါတ် ( ၂ ) က တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကို အကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်။ ဒီ ၂ ချက်ကို ကျွန်တော်တို့ အစိုးရနဲ့ နောင်အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွေမှာ သေသေချာချာ စီစဉ်သွားဖို့ လိုအပ် ပါလိမ့်မယ်။  တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်၊ ဝေဝေဝါးဝါးဖြစ်စေမယ့် နည်းလမ်းတွေ သုံးလာမှာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ အပတ်အတွင်းမှာ နယ်စပ်ဒေသဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း    IMM အစည်းအဝေးမှာ တိုင်ပင်ဆွေးနွေးကြတယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက်လည်း ချက်ချင်းကူညီနိုင်တာ ကူညီ ဆောင်ရွက်ကြသလို ထပ်မံပြီးလည်း အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြား လိုပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းက ပြည်သူတွေ၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာတဲ့ ပြည်သူတွေ အားလုံးဟာ ဒုက္ခမျိုးစုံခံနေရတာကြောင့် ဒီဒုက္ခတွေရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့၊ တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတွက်ကိုတော့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်စုတစ်စည်းတည်း လက်တွဲပြီး ချီတက်နိုင်ဖို့ဆိုတာကတော့ အရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါတယ်။  ဒီတော်လှန်ရေးဟာ နိုင်ငံရေးကဏ္ဍတစ်ခုတည်းနဲ့ သွားလို့ရတဲ့ တော်လှန်ရေး မဟုတ်သလို စစ်ရေးချည်း သီးသန့်နဲ့ အဖြေရှာနိုင်မယ့် တော်လှန်ရေးလည်း မဟုတ်ပါဘူး။ ရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်း များစွာ တည်ရှိနေတဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်တာမို့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို မလစ်ဟင်းစေဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍအလျောက်၊ ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍအလျောက်၊ လူသားစာနာဝန်ကြီးဌာနကလည်း လူသား စာနာ ကဏ္ဍအလျောက် ဟန်ချက်ညီညီ ထောင့်စေ့အောင် စီမံသွားကြဖို့ တိုက်တွန်းလိုပါတယ်။ မနေ့က ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး မှာ အခွန်ဘဏ္ဍာတွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း မြေပြင်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိ၊ ညီညီမျှမျှ အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ဖို့လည်း ကြိုးစားအားထုတ်ကြဖို့ လိုမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံမှုအပိုင်းမှာလည်း မြေပြင်မှာ ကောက်ခံတဲ့ အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်အဆက်မိမိ မူဝါဒ၊ လုပ်ပိုင်ခွင့်တွေနဲ့အညီ ဖြစ်စေဖို့ ဝန်ကြီးဌာနများမှ စနစ်တကျ ကြီးကြပ်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်။  ဒီနေ့အစည်းအဝေးမှာ တင်ပြမယ့် နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းမှုကော်မရှင်ရဲ့ International Donor များနဲ့ တွေ့ဆုံမယ့်ကိစ္စဟာဆိုရင်လည်း အင်မတန် အရေးကြီးတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ တော်လှန်ရေးရဲ့ ဘဏ္ဍာရေးကဏ္ဍအတွက် အထောက်အကူဖြစ်စေမယ့် အစီအစဉ်ဖြစ်တာကြောင့် ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်း ရင်း နိဂုံးချုပ်ပါတယ်။ အရေးတော်ပုံ အောင်နေပြီ...

အင်တာဗျူး။  ။ “သူကအကြောက်တရားနဲ့အုပ်ချုပ်ချင်ပါတယ်။  ဒါပေမဲ့ ပြည်သူထုကမကြောက်တော့ပါဘူး။” - ယာယီသမ္မတ ဒူဝါလရှီးလ

အင်တာဗျူး။ ။ “သူကအကြောက်တရားနဲ့အုပ်ချုပ်ချင်ပါတယ်။ ဒါပေမဲ့ ပြည်သူထုကမကြောက်တော့ပါဘူး။” - ယာယီသမ္မတ ဒူဝါလရှီးလ

ပြည်သူလူထုရဲ့ အာဏာရှင်စနစ်တွန်းလှန်လိုစိတ်ပြင်းပြမှုကြောင့် အခုဆိုရင် မြန်မာနိုင်ငံရဲ့နယ်မြေဒေသ ၆ဝ%ကို ပြည်သူ့ကာကွယ်ရေးအင်အားစုတွေက ထိန်းသိမ်းထားနိုင်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က RFA ကို ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို ဖယ်ရှားပြီး နောက်မှာ အသွင်ကူးပြောင်းရေးအစိုးရ ကိုဖွဲ့စည်းမှာဖြစ်ကြောင်း၊ အဲဒီနောက် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရမှာဖြစ်ကြောင်း သူက ပြောခဲ့ပါတယ်။ ဒ့ါအပြင် များပြားလှတဲ့ တော်လှန်ရေးတပ်သားတွေကို လက်နက်တပ်ဆင်ပေးဖို့နဲ့ သူတို့ရဲ့စားဝတ်နေရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့လည်း သူက မေတ္တာရပ်ခံပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတ ဒူဝါလရှီးလကို ထိုင်းနိုင်ငံရောက်နေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။---မေး။  ။  သမ္မတကြီးခင်ဗျာ NUG က ခုခံတော်လှန်စစ်စတင်တာ တစ်နှစ်ရှိခဲ့ပါပြီ။ လက်ရှိတော်လှန်ရေး အခြေအနေကို သမ္မတကြီး ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျာ။ဖြေ။  ။ ကျွန်တော်တို့တော်လှန်ရေးဟာ တစ်နှစ်ကျော်ကျော်လေးပဲရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ဆောင်နိုင်တာ အများကြီးပဲရှိတယ်။ ဒါတွေကဘာလဲဆိုတော့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု သူတို့ရဲ့စိတ်ဓာတ် သူတို့ရဲ့ဒီအာဏာရှင်ကို တွန်းလှန်တဲ့စိတ်တွေကြောင့် တော်တော်များများ ကျွန်တော်တို့ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ်။ ဥပမာဆိုပါတော့ ကျွန်တော်တို့ နယ်မြေတွေထိန်းသိမ်းတဲ့နေရာမှာ ၆ဝ% နှုန်းလောက်ဆိုပါတော့ ပြည်သူ့ကာကွယ်ရေးဘက်ကနေ ထိန်းသိမ်းထားနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒါတွေက အောင်မြင်မှု ဖြစ်ပါတယ်။ နောက်တစ်ချက်က မဟာမိတ်တွေနဲ့ ပူးပေါင်းဆက်ဆံတဲ့အခါမှာ တော်တော် များများ အောင်မြင်မှုရခဲ့ပါတယ်။ ကျွန်တော်တို့ တွန်းလှန်စစ်မှာ တပ်တွေဖွဲ့စည်းတာ လေ့ကျင့်ပေးတာ အကုန်လုံး ERO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကူညီတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လုပ်ဆောင်ချက်တွေက ဒါတွေက တော်တော်များများ အားရစရာ ကောင်းပါတယ်။ ပြည်သူလူထုဘက်ကလည်း ကျွန်တော်တို့လိုအပ်တဲ့ ဘဏ္ဍာရေးလိုအပ်ချက်များကို ထည့်ဝင်ပါတယ်။ ကူညီပါတယ်။ ပြည်တွင်းကကော နိုင်ငံတကာရောက်နေတဲ့မြန်မာနိုင်ငံသားများရဲ့စေတနာနဲ့ သူတို့ရဲ့ ပါဝင်မှုကြောင့်ပဲ ဒီလိုအောင်မြင်နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုအောင်မြင်ရခဲ့သလိုပဲ စိန်ခေါ်မှု တွေလည်းအများကြီး ရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့တပ်တွေ တည်ဆောက်တဲ့အခါမှာ တစ်သွေးတစ်သံတစ်မိန့်ဖြစ်အောင် အမိန့်ပေးစီးဆင်းမှုကို ကျွန်တော်တို့ သေချာမလုပ်နိုင်သေးဘူးလို့ ခံစားရပါတယ်။ အဲ့ဒါတွေကိုလည်း ကျွန်တော်တို့ ဆက်လက်ပြီးလေ့ကျင့်တည်ဆောက်နေရမှာဖြစ်ပါတယ်။ နောက်တစ်ပိုင်းကတော့ စစ်သားတွေရဲ့ ရဲဘော်တွေရဲ့ ကျင့်ဝတ်တွေကို သေသေချာချာစစ်စည်းကမ်းတွေ မြင့်မားအောင် ဆက်ပြီးတော့ လေ့ကျင့်ပေးဖို့ သင်ကြားပေးဖို့ လုပ်ဆောင်ရမယ့် အပိုင်းတွေ ရှိပါတယ်။ ဒါမှ အကုန်လုံးပြည့်စုံမှသာလျှင် ပြည်သူလူထုကို တကယ်ကာကွယ်တဲ့တပ်မတော်ဖြစ်လာဖို့ မျှော်မှန်းပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ တစ်ရှိန်ထိုးတက်လာတဲ့ အင်အားများတဲ့ ပြည်သူ့ကာကွယ်ရေးတပ်များ ကို NUG အစိုးရအနေနဲ့ လုံလောက်တဲ့လက်နက်တွေ အခုအချိန်ထိ မဖြည့်ဆည်းပေးနိုင်ပါဘူး။ သူတို့ရဲ့စားဝတ်နေရေး သူတို့ရဲ့အခြားလိုအပ်ချက် ကျန်းမာရေးအားလုံး ကျွန်တော်တို့ မဖြည့်ဆည်းပေးနိုင်တာ အခက်အခဲရှိတဲ့အတွက်ကြောင့် ပြည်သူလူထုကလည်း ဒီထက်ပိုပြီးထောက်ပံ့ပေးဖို့ နိုင်ငံတကာကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကို ကိုယ်ချင်းစာနာပြီးတော့ တတ်နိုင်သလောက် အမြန်ဆုံးကူညီပေးဖို့ ကျွန်တော့်အနေနဲ့ တင်ပြတောင်းဆိုလိုပါတယ်။ မေး။ ။ ခုခံတွန်းလှန်စစ် အခု ဒုတိယနှစ်မှာ သမ္မတကြီးတို့ အစိုးရအနေနဲ့ ဘာတွေအကောင်အထည် ဖော်ဆောင်ရွက်ဖို့ ရှိပါသလဲခင်ဗျာ။ ဖြေ။  ။  ကျွန်တော်တို့ ပထမနှစ်ရဲ့ အတွေ့အကြုံပေါ်ကနေပြီးတော့ ပိုမိုကောင်းမွန်တဲ့စီမံချက်တွေ ချမှတ်ထားတာရှိပါတယ်။ အဲ့ဒါကတော့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ပိုမိုမြန်ဆန်လာဖို့ နောက်တစ်ချက်က တော့ ကျွန်တော်တို့ ပြည်သူလူထုရဲ့စည်းလုံးညီညွတ်မှု ပိုမိုအားကောင်း လာအောင်လုပ်ဆောင်ဖို့ဆိုတဲ့ အချက်တွေရှိပါတယ်။ ဒီအရေးကြီးတဲ့ အချက်တွေအပြင် တခြားဗျုဟာကျကျစဉ်းစားထားတဲ့အချက်တွေ ရှိပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ NUG ရဲ့ ရှေ့လုပ်ငန်းစဉ်များကို ပြတ်ပြတ်သားသားနားလည်ဖို့ ပြည်သူလူထုကော နိုင်ငံတကာကော ရှင်းလင်းစွာနားလည်အောင်ချပြဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတာ ရှိပါတယ်။ အထူးသဖြင့် TC ခေါ်တဲ့ (Transitional Constitution) ကိုချပြဖို့ တောက်လျှောက်စိုင်း ပြင်းနေပါတယ်။ အဲ့ဒါကိုချပြပြီဆိုရင် ကျွန်တော်တို့ ရဲ့လမ်းပြမြေပုံကို ရှင်းရှင်းလင်းလင်း ကမ္ဘာကကော ပြည်သူတွေပါနားလည်ပြီးတော့ ကျွန်တော်တို့ လုပ်ငန်းဟာ ပိုပြီးတော့အရှိန်အဟုန်ရလာနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခါ အရေးကြီးတာကတော့ စစ်ကောင်စီဟာ အခြေနေအရပ်ရပ်မှာ ယိမ်းယိုင်နေပြီဖြစ်ပါတယ်။ ယိမ်းယိုင်နေတော့ သူ့မှာ ရွေးစရာ တစ်ခုပဲကျန်တော့တယ်။ အဲ့တာကတော့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ သူကြေညာထားပြီး ဖြစ်ပါတယ်။ ၂၀၂၃ မှာ၊ အဲ့လိုလုပ်လာတဲ့ဟာကို ကမ္ဘာက ဒါကိုလက်မခံဖို့ ယုံပြီးတော့ မလိုက်နာဖို့ ပြည်သူလူထုကလည်း ကောင်းကောင်းသဘောပေါက်ပြီး ဆန့်ကျင်ဖို့ အင်မတန် အရေးကြီးပါတယ်။ အဲဒီကိစ္စကိုလည်း ကျွန်တော်တို့စီမံချက်ချပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တော်လှန်ရေးအင်အားစုနဲ့ NUG အစိုးရဟာ မဟာဗျုဟာကျကျ ပိုမိုလက်တွဲချိတ်ဆက်ပြီးတော့ လုပ်ဆောင်နိုင်ဖို့ဆိုတဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ အင်အားကောင်းကောင်းနဲ့ ကြိုးစားနေပါတယ်။ ဒါတွေအောင်မြင်သွားလို့ရှိရင် လာမယ့်နှစ်မှာ NUG အစိုးရ အနေနဲ့ ဒီတော်လှန်ရေးအတွက် အခြေတစ်ခုကိုရောက်ရှိသွားမယ်လို့ ရည်မှန်းထားတာရှိပါတယ်။မေး။ ။  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG အကြား ပူးပေါင်းမှုတွေက ဘယ်လိုရှိပါသလဲ ခင်ဗျ။ဖြေ။ ။ ကျွန်တော်တို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ပူးပေါင်းမှုဟာ အင်မတန် အရေကြီးပါတယ်။ ကျွန်တော်တို့ ချာတာမှာလည်း ဒါတွေ ထည့်ထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးပါတီ နောက် CSO-Civil Society Organizations နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒါ ကျွန်တော်တို့ရဲ့ ကျောရိုးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြေပြစ်အောင်သူတို့ရဲ့ ချိတ်ဆက် လုပ်ဆောင်မှုဟာ တော်လှန်ရေးအောင်မြင်မှုရဲ့အင်အားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ သူတို့နဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံပါတယ်။ အခုဆိုရင် ကျွန်တော်တို့မှာ အစကတည်းက တော်တော်အား ကောင်းကောင်းနဲ့ ဝင်နေတဲ့လက်နက်ကိုင်အဖွဲ့တွေရှိသလို တချို့ဆိုလည်း အချိန်သိပ်မကြာဘဲနဲ့ တောက်လျောက်ပါဝင်လာတဲ့အတွက်ကြောင့် အခုအချိန်ထိပြောရမယ်ဆိုရင် ရာခိုင်နှုန်းတော်တော်များများ ဟာ NUG အစိုးရနဲ့ ချိတ်ဆက်ပြီးလုပ်ဆောင်နေပါတယ် တိုက်ပွဲဝင်နေကြပါတယ်ဆိုတာ အားလုံးကို အသိပေးလိုပါတယ်။ ဒါပေမယ့်နောက်ထပ် ကျွန်တော်တို့နဲ့ချက်ချင်းမလိုက်နိုင်သေးတဲ့ ERO တွေလည်းရှိပါတယ်။ သူတို့နဲ့လည်း ကျွန်တော်တို့က အဆက်မပြတ်ချိတ်ဆက်နေပါတယ်။ ကျွန်တော်တို့ရဲ့ ခံယူချက်က အားလုံးပါဝင်ရေးမူ ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင် အားလုံးနဲ့ အမြဲတမ်း ချိတ်ဆက်နေပါတယ်။ ဒီလိုချိတ်ဆက်တဲ့အခါမှာ တချို့ကိုတော့ လူသိရှင်ကြားချိတ်ဆက်သလို တချို့ကျတော့လည်း လူသိရှင်ကြားမဟုတ်ဘဲနဲ့ ချိတ်ဆက်ပြောဆိုဆွေးနွေး နေတာရှိပါတယ်။ အခုလိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကျေးဇူးကြောင့်ပဲ ကျွန်တော်တို့ရဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းနိုင်ပြီးတော့ စစ်သင်တန်းတွေ၊ ဖွဲ့စည်းပုံတွေ အားလုံးသူတို့ရဲ့ သင်တန်းပေးမှုနဲ့ပဲ အခုလိုဖွဲ့စည်းနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တကယ်ကို ကျေးဇူးတင်ကြောင်း NUG အစိုးရအဖွဲ့ကိုယ်စားပြောလိုပါတယ်။ စိန်ခေါ်မှုအပိုင်းမှာလည်း အများကြီးရှိပါတယ်။ ဆက်လက်တည်ဆောက်ရမယ့် အပိုင်းမှာလည်း သူတို့နဲ့ပိုပြီးထဲထဲဝင်ဝင် မပါဝင်သေးတဲ့ ERO များကို အားလုံးပါဝင်နိုင်အောင် ကျွန်တော်တို့ ထိတွေဆက်ဆံဖို့လိုတယ်ဆိုတာကို ပြောလိုပါတယ်။မေး။ လက်ရှိမှာ KIA, AA, KNU, KNDF, CNF စတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG အကြား ပူးပေါင်းမှုတွေကို မြင်ရကြားရပါတယ်။ တခြား “ဝ”တို့ “ကိုးကန့်”တို့ “ရှမ်း”တို့ “မွန်”တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုတော့ မမြင်မသိရပါဘူး။ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိပါသလား။ ဒါမှမဟုတ် ပူးပေါင်းနိုင်မယ့် အလားအလာ ဘယ်လိုရှိပါသလဲခင်ဗျ။ဖြေ။  ။  စောစောကပြောခဲ့သလို ကျွန်တော်တို့ရဲ့ ချာတာအရ All-inclusive ဖြစ်တဲ့အတွက်ကြောင့် အားလုံးမကျန်အောင် ချိတ်ဆက်ပြီးပူးပေါင်းဆောင်ရွက်နေတဲ့အခါမှာ တချို့ကိုလူသိရှင်ကြား ထိတွေ့ပြီး ဆက်ဆံနေတာရှိသလို တချို့တွေကတော့ လူမသိသူမသိချိတ်ဆက်တယ်။ တစ်ခုတော့လေးလေးနက်နက် ပြောနိုင်တာက လက်နက်ကိုင်အဖွဲ့အားလုံး နဲ့ NUG အစိုးရဟာ ထိတွေ့ဆက်ဆံပါတယ်ဆိုတာ ပြောချင်ပါတယ်။ အကြိမ်ကြိမ်အခါခါသူတို့လည်း ကျွန်တော်တို့ နဲ့အတူလက်တွဲပြီးတော့ ပြတ်ပြတ်သားသားပူးပေါင်းပါဝင်လာဖို့ကို ကျွန်တော်တို့ အနေနဲ့ ယုံကြည်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ NUG အနေနဲ့အစကတည်းက ရည်မှန်းထားတာရှိတဲ့ အတွက်ကြောင့် ကျွန်တော်တို့ မိတ်ဆွေမဟာမိတ်များနဲ့ချိတ်ဆက်တဲ့ကော်မတီဖွဲ့စည်းထားပြီးတော့ တောက်လျှောက် သူတို့ချိတ်ဆက်ပြီး တော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့အခုအချိန် တော်တော်များများ ကျွန်တော်တို့ လုပ်ငန်းတွေမှာ အကောင်အထည်ဖော်နိုင်တဲ့ စစ်တိုင်းတွေကိုလည်း ဖွဲ့စည်းနိုင်ပြီးတော့ စီမံချက်တွေကို လုပ်ဆောင်နိုင်တဲ့ အနေအထားရှိနေပါပြီလို့ ပြောကြားချင်ပါတယ်။မေး။ ။ စစ်ကောင်စီက လူထုကို နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက် မီးရှို့ဖျက်ဆီးမှုတွေ လုပ်နေပါတယ်။ ဒီကိစ္စတွေကို သမ္မတကြီး ဘယ်လိုသုံးသပ်ပါသလဲ ခင်ဗျာ။ဖြေ။  ။  စစ်ကောင်စီဟာ သူ့ခေတ်အဆက်ဆက်မှာလူထုကိုအကြောက်တရားနဲ့ နှိပ်စက်ပြီး သူအုပ်ချုပ်ဖို့ သူ့အာဏာတည်မြဲဖို့လုပ်နေတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာကော ၁၉၈၈ လူထု တော်လှန်ရေးကိုလည်း ဒီလိုပဲနှိပ်ကွပ်ခဲ့ပါတယ်။ နောက်ဆုံးဖြစ်တဲ့ ၂၀၂၁ အာဏာသိမ်းမှာလည်း ဒီနည်းပဲ ကျင့်သုံးပါတယ်။ သူတို့ရဲ့အာဏာသိမ်းမှုဟာ ပြည်သူလူထုဆန္ဒနဲ့မညီဘူး ဒီမိုကရေစီနည်းအတိုင်းပဲ နေချင်ပါတယ်ဆိုပြီး ပြည်သူလူထုတွေဟာ လမ်းပေါ်ထွက်ဆန္ဒပြ နည်းမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပေမယ့် စစ်ကောင်စီဟာ ဒါကိုအရေးတယူမပြုဘဲနဲ့ တောက်လျှောက်ညှဉ်းဆဲသတ်ဖြတ်လာတာ အခုချိန်ထိ ဖြစ်ပါတယ်။ ဆိုတော့အခုအချိန်ထိသတ်ဖြတ်လာတာ အပြစ်မဲ့ပြည်သူလူထု နှစ်ထောင့်ငါးရာကျော်ပြီလို့ အားလုံးသိရှိပြီးဖြစ်ပါတယ်။ အလားတူပဲ လူပေါင်းတစ်သောင်းသုံးထောင်ကျော်လောက်ကို ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။ နောက်တခါ တချို့ဆိုရင် ကြိုးမိန့်ပေးပြီး သတ်ဖြတ်လိုက်တာပါ ပါတယ်။ ပိုပြီးဆိုးတာက အခုရွာစဉ်လိုက်ပြီးတော့ ဗုံးကြဲမီးရှို့တဲ့အတွက်ကြောင့် စစ်ကိုင်း၊ မကွေးနဲ့ တစ်ပြည်လုံးမှာ အိမ်ခြေပေါင်း သုံးသောင်းကျော်လိုက် မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါတွေက သူ့ရဲ့ နည်းစနစ်ဖြစ်ပါတယ်။ သူကအကြောက်တရားနဲ့အုပ်ချုပ်ချင်ပါတယ်။ ဒါပေမဲ့ ပြည်သူထုကမကြောက်တော့ပါဘူး။ ကြောက်နေ လည်းသေမှာ မကြောက်လည်းသေမှာဆိုတော့ မကြောက်တော့ပါဘူး။ အထူးသဖြင့် GZ လို့ခေါ်တဲ့ အခုခေတ်လူငယ်လေးတွေဟာ အတွေးအခေါ်ရှိပါတယ်။ မကြောက်သင့်တာကို မကြောက်ဘူး ဆိုတဲ့စိတ်ထားမျိုး တီထွင်ကြံဆပြီး သူတို့ဟာဒီတော်လှန်ရေးမှာ ဦးဆောင်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးဟာ အင်မတန်မှအားကောင်းပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ဆောင် နေခြင်းဟာ ပြည်သူလူထုအားလုံး ပိုမိုပြီးအားကောင်းပြီးတော့ ပိုမိုပါဝင်လာဖို့ ဖန်တီးခြင်းဖြစ်တယ်လို့လည်း အကောင်းဘက်က ယူဆရမှာဖြစ်ပါတယ်။ ဒါဟာအမှန်တကယ် ပြည်သူလူထုက နိုင်ကိုနိုင်မယ့် တစ်တိုင်းပြည်လုံးပါဝင်တဲ့တော်လှန်ရေးဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကြေညာတုန်းကလည်း လှည်းနေလှေအောင်း မြင်းစောင်းမကျန်အားလုံးပါဝင်တဲ့ တော်လှန်ရေးဖြစ်တယ်ဆိုတာ ကြေညာထားပြီး ဖြစ်ပါတယ်။မေး။ ။ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့အတွက် အဓိက လိုအပ်ချက်က ဘာလဲ ခင်ဗျ။ဖြေ။  ။ တကယ့်လိုအပ်ချက်အရေးကြီးဆုံးကတော့ နိုင်ငံဦးဆောင်မှုအပိုင်းမှာပြတ်ပြတ်သားသား ပြည်သူလူထုအားလုံးပါဝင်လာအောင်ညီညွတ်လာအောင်လုပ်ဆောင်ဖို့အပိုင်းက အင်မတန်အရေးကြီးပါတယ်။ ဒါကိုလုပ်ဆောင်တဲ့အခါမှာ လက်တွေ့မှာ NUG နဲ့အတူ CRPH၊ NUCC နဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်အားလုံးကပါဝင်ဖို့ သူတို့ကို စည်းရုံးပြီး နားလည်အောင် ဦးဆောင်ရတဲ့အပိုင်းဖြစ်ပါတယ်။ ဒီတော်လှန်ရေးမှာ ပြည်သူလူထုအားလုံးဟာ ညီညီညွတ်ညွတ်နဲ့ ပါဝင်လာနေကြပါပြီ။  အသက်တောင်အသေခံပြီးတော့ လုပ်နေကြပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်ကဘာလဲဆိုတော့ စောစောက ပြောခဲ့သလိုတော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် လက်နက် တပ်ဆင်ဖို့ လိုပါတယ်။ အဲဒီ လက်နက်က လုံလုံလောက်လောက် အခုချိန်ထိမတပ်ဆင်သေးနိုင်ပါဘူး။ နောက်တစ်ခါများပြားလှတဲ့ တော်လှန်ရေးတပ်သားတွေရဲ့ စားဝတ်နေရေး သူတို့ရဲ့ကျန်းမာရေးထောက်ပံ့ရေး နည်းပညာပိုင်းမှာ မပြည့်စုံဘူးလို့ ကျွန်တော်တို့ ပြောရမှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒါကိုဆက်လက်ပြီးတော့ ဖြည့်တင်းပေးဖို့ မြန်မာပြည်သူအားလုံးနဲ့တကွ နိုင်ငံတကာက လူသားချင်းစာနာစိတ်ထားရှိတဲ့နိုင်ငံတွေက ကူညီပါလို့ ကျွန်တော့်အနေနဲ့ အသိပေးလိုပါတယ်။ သူ့ရဲ့ရက်စက်မှုကြောင့်အပြစ်မဲ့တဲ့ပြည်သူလူထုဟာ ရွာမှာ မနေနိုင် တဲ့အတွက်ကြောင့်လုံခြုံရာကိုထွက်ပြေးနေတာ အခုဆိုရင်ကုလသမဂ္ဂရဲ့စာရင်းအရ ၁.၄ သန်း ရှိပြီ လို့သိရပါတယ်။ အဲ့လောက်များပြားတဲ့ဟာတွေကိုကျွေးမွေးဖို့ အစားအသောက်တွေ ထိထိရောက်ရောက် ကူညီဖို့ လိုပါတယ်။ ဒီလိုမျိုးကူညီနိုင်မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးဟာ အမြန်ဆုံးအောင်မြင်သွားမှာ ဖြစ်ပါတယ်။မေး။  ။ သမ္မတကြီးအနေနဲ့ မြန်မာပြည်ကို ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်ဖို့အတွက် ဘယ်လို အခြေအနေတွေ လိုအပ်တယ်လို့ ယူဆပါသလဲခင်ဗျ။ဖြေ။  ။ ကျွန်တော့်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတည်ဆောက်ဖို့ဆိုတာက အစကတည်းက ရှေးလူကြီးတွေရည်မှန်းထားတဲ့ ပင်လုံသဘောတူညီချက်အခြေခံကို ကိုင်စွဲထားဖို့လိုပါတယ်။ သဘောပေါက်ဖို့လည်းလိုပါတယ်။ အဲ့မှာဖက်ဒရယ်မူအရ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တရားမျှတမှုဆိုတဲ့ဟာကို အားလုံးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကို လက်တွေ့မှာ ခေတ်အဆက်ဆက်မှာ အကောင်အထည်အဖော်နိုင်ခဲ့ပါဘူး။ အခု ကျွန်တော်တို့ ရဲ့ နွေဦးတော်လှန်ရေးကတော့ ဒါကိုလက်တွေအကောင်အထည်ဖော်နိုင်ဖို့ မူဝါဒချမှတ်ထားပြီးဖြစ်ပါတယ်။ အဲဒီမူဝါဒက ချာတာဖြစ်ပါတယ်။ ဒီချာတာမှာ တရားမျှတတဲ့နိုင်ငံထူထောင်ဖို့၊ အေးချမ်းသာယာ တိုးတက်ထွန်းကားတဲ့နိုင်ငံထူထောင်ဖို့ဆိုတဲ့ဟာ အခြေခံမူမှာ ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ ပထမအဆင့်အနေနဲ့ကြားကာလအစိုးရ အခု NUG အစိုးရကိုဖွဲ့စည်းပြီး ဦးဆောင်နေပါတယ်။ ဒီလိုဦးဆောင်တဲ့အခါမှာ စစ်ကောင်စီကို ဖြုတ်ချနိုင်ပြီးတဲ့ နောက်မှာ အသွင်ကူးပြောင်းရေးအစိုးရပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအသွင်ကူးပြောင်းရေးကာလမှာ အသွင်ကူးပြောင်းရင်းနဲ့ လိုက်လျှောညီထွေရှိတဲ့ ချာတာနဲ့လည်းကိုက်ညီတဲ့အသွင်ကူးပြောင်းရေး အခြေခံဥပဒေရေးဆွဲဖို့ဖြစ်ပါတယ်။ အဲဒီမှာအချိန်ယူပြီးတော့တိုင်းရင်းသားအားလုံးပါဝင်တဲ့ လူထု ညီလာခံ ခေါ်ယူပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဆွေးနွေးပြီးတော့ အနာဂတ်နိုင်ငံရေးမြေပုံကို ကျွန်တော်တို့ ဖော်ပြီးတော့ အနာဂတ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေကို ပူးပေါင်းရေးဆွဲရမှာ ဖြစ်ပါတယ်။ ကြားကာလမှာတော့ သက်ဆိုင်ရာပြည်နယ်တွေရဲ့ အခြေခံဥပဒေကိုရေးဆွဲပြီးတော့ သူတို့ ဘာကိုသွားချင်သလဲ ဘာအရေးကြီးသလဲဆိုတာကို ကျွန်တော်တို့ ရေးဆွဲပြီး သဘောတူညီချက် ရထားဖို့လိုတယ်။ နောက်တစ်ခုက နှစ်ပေါင်းများစွာ မတရားမှုတွေ ဥပဒေမဲ့ ခံရတာတွေဖြစ်တဲ့အတွက်ကြောင့် အနာဂတ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြစ်စေဖို့ ဒါလည်းထိထိရောက်ရောက် Transitional period မှာ ဆွေးနွေးပြီး အကျေအလည် ဆောင်ရွက်သွားမှာရှိပါတယ်။ အနာဂတ်မှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ဒေသကိုယ်အုပ်ချုပ်မယ် ကိုယ့်ရဲ့ဒေသနဲ့ ကိုက်ညီတဲ့ ပြဌာန်းချက်တွေလုပ်ဆောင်မယ် ဆုံးဖြတ်ခွင့်ရမယ့်အနေအထားဖြစ်လို့ရှိရင်တော့ ကျွန်တော်တို့ တကယ်မျှော်မှန်းတဲ့ငြိမ်းချမ်းသာယာတိုးတက်တဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မယ်လို့ လုံးဝယုံကြည်ပါတယ်။ လုပ်လည်းလုပ်နိုင်ပါတယ်ဆိုတာကို ပြောချင်ပါတယ်။မေး။ မြန်မာပြည်သူတွေကို တခြားဘာများ ဖြည့်စွက်ပြောကြားလိုပါသေးသလဲ ခင်ဗျ။ ဖြေ။ မြန်မာပြည်သူပြည်သားများအားလုံး အခုအချိန်မှာအနစ်နာခံပြီးဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်တွေ မြောက်များစွာကို ချီးကျုးလို့မကုန်နိုင်ပါဘူး။ ဒီမှာအင်မတန်မှ အံ့ဩဖို့ကောင်းတာက နိုင်ငံတကာ ဘယ်မှာရောက်ရောက် ကိုယ့်တိုင်းပြည်ပြုပြင်ပြောင်းလဲသွားဖို့ကို စစ်အာဏာရှင်ရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်ချင်တဲ့စိတ်တွေက အင်မတန်မှကြီးမားပါတယ်။ ဒီစိတ်ဓာတ်ကို ပိုမိုပြီးတော့ ခိုင်မာအောင် အားပေးချိတ်ဆက်ဖို့လိုပါတယ်။ စစ်ကောင်စီကို ဘယ်လိုမှရှင်သန်ခွင့်မပေးနိုင်တော့ဘူး ဆိတဲ့ ခံယူချက်က ပြင်းပြဖို့လိုပါတယ်။ ပြည်သူလူထုအားလုံးဟာ လူမျိုးဘာသာ အမျိုးသား၊ အမျိုးသမီး ဆင်းရဲချမ်းသာ ခွဲခြားခြင်းမပြုဘဲနဲ့ ကျွန်တော်တို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ နောက်တစ်ခါ တော်လှန်ရေးမှာလိုအပ်တဲ့ငွေကြေးနဲ့ အခြားလိုအပ်တဲ့နည်းပညာ အားလုံးကိုပဲ ပြည်သူလူထုကပဲ ထောက်ပံ့ပေးမှုဖြစ်ပါတယ်။ ဒီလိုထောက်ပံ့တဲ့အခါမှာ ကျွန်တော်တို့ မှာ ငြီးငွေ့လာစရာအကြောင်းတွေရှိပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဟာ ငြီးငွေ့လို့မရပါဘူး။ ခံနိုင်ရည်အပြည့်အဝနဲ့ စစ်ကောင်စီမပြုတ်မကျမချင်း ကျွန်တော်တို့ လက်တွဲညီညီနဲ့ဝိုင်းဝန်းကြိုးစားဖို့ အင်မတန်လိုပါတယ်လို့ ပြည်သူလူထုကိုပြောကြားချင်ပါတယ်။