ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄)ကျင်းပပြုလုပ်

"ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄)ကျင်းပပြုလုပ်"

၂၀၂၄ ခုနှစ်၊ မေလ (၉) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တာဝန်အဆင့်ဆင့်ထမ်းဆောင်နေကြတဲ့သူ အချင်းချင်းအကြားမှာ စေ့စပ်ညှိနှိုင်းမှုတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေ အမြဲရှိနေမယ်ဆိုရင် တချို့သော မကျေလည်မှုတွေ၊ အထင်အမြင် လွဲမှားမှုတွေ အများကြီးလျော့ကြသွားနိုင်ပါကြောင်း၊ မတူညီကြတဲ့ နောက်ခံအခြေအနေ အသီး သီးကနေ လာကြတဲ့သူတွေအနေနဲ့ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ယုံယုံကြည်ကြည်နဲ့ လက် တွဲဆောင်ရွက် နိုင်ဖို့ဆိုရင် Formal ရော Informal ရော တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုအပိုင်းနဲ့ပတ်သက်ပြီး ပြောကြားလိုတာကတော့ အစိုးရ ဘဏ္ဍာငွေ တွေကို သုံးတဲ့အခါမှာ မိမိကိုယ်ပိုင်ငွေကြေးကို ခြိုးခြိုးခြံခြံ သုံးစွဲသကဲ့သို့ သုံးစွဲကြရမှာ ဖြစ်ပါကြောင်း၊ အထူးအားဖြင့် ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရဖြစ် တာကြောင့် ကျစ်ကျစ်လစ်လစ် သုံးစွဲဖို့ လုပ်ကြရမှာဖြစ်ပါကြောင်း၊ စည်းလွတ်ဘောင်လွတ် သုံးစွဲမှုတွေ မလုပ်ကြဖို့ အဆင့်ဆင့်သော အုပ်ချုပ်ရေး တာဝန်ရှိသူများကို အလေးအနက်မှာ ကြားလိုပါကြောင်း၊တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ ပြည်သူ လက်ခံနိုင်မယ့်၊ ပြည်သူကို ဝန်ထုပ် ဝန်ပိုး မဖြစ်စေတဲ့ အခွန်နှုန်းထားတွေကို သတ်မှတ်ပြီး အပြည့်အဝရရှိဖို့ စည်းမျဉ်း စည်းကမ်းများ နဲ့အညီ ဆောင်ရွက်ပေးကြဖို့ လေးလေးနက်နက် တိုက်တွန်းပြောကြားရင်း" နိဂုံးချုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၄/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၄၅)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။