ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၄/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့

ကျန်းမာရေးဝန်ကြီးဌာန

ထုတ်ပြန်ကြေညာချက်အမှတ် (၄/၂၀၂၄)

၂၀၂၄ ခုနှစ်၊ မေလ (၁၇) ရက်

၁။ ရက္ခိုင့်တပ်တော်၊ သတင်းနှင့်ပြန်ကြားရေး ထုတ်ပြန်ချက်အရ (၁၅-၅-၂၀၂၄) ရက်နေ့၊ နံနက် (၀၀:၁၆) နာရီအချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ ဝဲကြီးထောင့်ကျေးရွာရှိ ဝဲကြီး ထောင့်ဆေးရုံအား ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကြောင့် ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ရပြီး ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ အချို့ ရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူ (၂၀) ဦးထဲတွင် အပြင်းစားဒဏ်ရာရသူ (၅) ဦး ရှိခဲ့ပြီး မြင်း (၁) ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

၂။ (၁-၂-၂၀၂၁) ရက်နေ့မှစ၍ အကြမ်းဖက်စစ်ကောင်စီသည် ဆေးရုံဆေးခန်းများအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို  အစဉ်တစိုက် ကျူးလွန်လျက် ရှိသည်။ 

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ရက္ခိုင့်တပ်တော်၊ ရက္ခိုင်ပြည်သူ တို့နှင့်အတူ ခိုင်မာစည်းလုံးစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အစွန်းရောက်၊ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၄။ ဆေးရုံးဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက တမင်ပစ်မှတ် ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပါသည်။ 

၅။ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အဆက်မပြတ် အကြမ်းဖက်တိုက်ခိုက်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက် ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။

၆။ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများကို ကျူးလွန်ရုံ သာမက ရက်စက်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ် နေသည့် လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေ သူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းပါသည်။

၇။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေးဝန်ထမ်း များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ