ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်ထောင်စုအတွင်း နှစ်ပေါင်း (၇၀) ကျော် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအပါအဝင် နိုင်ငံရေးအကြပ်အတည်းများ၏ အရင်းခံပြဿနာများကို ချုပ်ငြိမ်းစေရေးအတွက်သော်လည်းကောင်း၊ ပင်လုံစာချုပ်တွင် အာမခံချက်ပေးထားသော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုကြီးအတွင်း လွတ်လပ်ခြင်း၊ တန်းတူခြင်းနှင့် တရားမျှတခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားပြီး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ အပြန်အလှန် အသိအမှတ်ပြုခြင်း၊ ချစ်ကြည်ရိုင်းပင်းခြင်းနှင့် သွေးစည်းညီညွတ်မှုတို့ တည်ဆောက်နိုင်ရေးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြကုန်သော ပြည်သူလူထုတစ်ရပ်လုံး လူမျိုးမခွဲ၊ ဘာသာမခွဲ၊ ကျား-မ မခွဲခြားဘဲ၊ လူသားတိုင်း မွေးရာပါအခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော အခြေခံအခွင့်အရေးများကို အပြည့်အဝ အာမခံနိုင်ရေးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုကြီးတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ပပျောက်စေရေးအတွက်သော်လည်းကောင်း၊ စသောမျှော်မှန်းချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲမှတစ်ဆင့် အပ်နှင်းထားသော နိုင်ငံရေးလုပ်ပိုင်ခွင့်နှင့်အညီ ဖွဲ့စည်းထားသော ပြည်သူ့အစိုးရ တစ်ရပ်ဖြစ်ပါသည်။

ယခုအခါ ၂၀၀၈ ခုနှစ်တွင် စစ်တပ်ဦးဆောင်မှုဖြင့် စစ်အာဏာရှင်စနစ်အတွက် ရေးဆွဲပြဋ္ဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အပြီးသတ် ဖျက်သိမ်းသွားပြီ ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုကြီး၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ကြိုးပမ်းနေပါသည်။ ထိုကဲ့သို့ ပြည်ထောင်စုကြီးအတွက် မရှိမဖြစ် လိုအပ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင်ပါရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော ဒီမိုကရေစီတိုက်ပွဲ