ပြည်ထောင်စုဝန်ကြီး  နယူးဇီလန်လွှတ်တော်၏ LGBTIQ ရေး ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ်နှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး နယူးဇီလန်လွှတ်တော်၏ LGBTIQ ရေး ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ်နှင့်တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် နယူးဇီလန် လွှတ်တော်၏ LGBTIQ (Rainbow) ရေးရာ ပြောရေးဆိုခွင့်ရှိသည့် လွှတ်တော်အမတ် Mr.Shanan Halbert နှင့် မေလ (၉) ရက်နေ့တွင် လွှတ်တော်အတွင်းရှိ LGBTIQ ရေးရာ လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံရာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင်LGBTIQ  ရေးရာများနှင့် စပ်လျဉ်း၍ နွေဦးတော်လှန်ရေးအတွင်း  LGBTIQ များပါဝင်မှု၊ အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထား ဖိနှိပ်မှုများ ကိုဆွေးနွေးခဲ့ပြီး နယူးဇီလန်နိုင်ငံ လွှတ်တော် အတွင်းတွင် မြန်မာနိုင်ငံ ၏ LGBTIQ များသာမက ပြည်သူများအတွက် အကြမ်းဖက်စစ်အုပ်စုအား ဆထက်သပိုးအရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ပါရန် တိုက်တွန်းပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်အတွင်း LGBTIQ အရေးနှင့် ပတ်သက်၍ တက်တက်ကြွကြွဆောင်ရွက်မှုများအပြင် နယူးဇီလန်နိုင်ငံတွင် စဉ်ဆက်မပြတ် LGBTIQ များနှင့် စပ်လျဉ်း၍ ခွဲခြားဆက်ဆံသည့် ဥပဒေများအား  ပယ်ဖျက်နိုင်ရေး၊ LGBTIQ များနှင့် ပတ်သက်သည့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ LGBTIQ များ၏ လိင်ပိုင်းဆိုင်ရာခွဲစိတ်ပြုပြင်ရေးဆိုင်ရာ ဥပဒေများအားလည်း ပြဌာန်းနိုင်စေရေး ဆောင်ရွက်ခဲ့သူများဖြစ်သည်။

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများအား အသိပေးမေတ္တာရပ်ခံချက် (၁/၂၀၂၄)

အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများအား အသိပေးမေတ္တာရပ်ခံချက် (၁/၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနအိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေကြရသည့် မြန်မာနိုင်ငံသားများအား အသိပေးမေတ္တာရပ်ခံချက် (၁/၂၀၂၄)

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄)ကျင်းပပြုလုပ်၂၀၂၄ ခုနှစ်၊ မေလ (၂) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံက ဟန်ချက်ညီအောင် လုပ်ဆောင်ရင်း ပြည်သူလူထုကို အကာ အကွယ်ပေးနိုင်ဖို့ ကြိုးစားရင်းနဲ့ တဘက်ကလည်း အခွန်ကောက်ခံမှုမှ ရရှိထားတဲ့ ဘဏ္ဍာငွေတွေကို စနစ်တကျ အကျိုးရှိထိရောက်စေဖို့ ကြီးကြပ်လုပ်ဆောင်ပေးကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုများနှင့် ပတ်သက်ပြီး စနစ်တကျ မှတ်တမ်းမှတ်ရာနဲ့တကွ ပြုစုထိန်းသိမ်း ထားကြဖို့လည်း အထူးသတိပေး ညွှန်ကြားလိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာတွေ ဖြစ်တာကြောင့် ကိုယ်ကျိုးသုံးစွဲမှု၊ လွဲမှားသုံးစွဲမှုတွေကို ပြင်းပြင်းထန်ထန် တင်းကြပ်ဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ နောင်ကူးပြောင်းမယ့် အသွင်ကူးပြောင်းရေးကာလ အစိုးရလက်ထဲကို စာရင်းဇယား တွေနဲ့တကွ လွှဲပြောင်းပေးကြရမှာဖြစ်ပြီး အဲဒီလို လွှဲပြောင်းကြတဲ့အခါ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူ တွေ အားလုံးဟာ မိမိတို့ တာဝန်ယူဆောင်ရွက်ခဲ့သမျှ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စအရပ်ရပ်ကို အပြည့်အဝ တာဝန်ယူ/တာဝန်ခံကြရမှာ ဖြစ်ပါကြောင်း၊ အစိုးရယန္တရား အဆင့်ဆင့်အနေနဲ့ အထူးသတိထားပြီး စီမံဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ စီမံဆောင်ရွက်ကြတဲ့ အခါ တော်လှန်ရေးကာလ ဖြစ်တယ်ဆိုတဲ့ အခြေခံအကြောင်းအရင်းကို မမေ့မလျော့ကြဘဲ လုပ်သင့် လုပ်ထိုက်တာတွေကို စဉ်းစားကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်တွေ ပေးတဲ့အခါမှာလည်း ဗဟိုအစိုးရအနေနဲ့ ပြတ်ပြတ်သားသား လမ်းညွှန်ချက်တွေပေးဖို့ လိုမှာ ဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်တဲ့ မြို့နယ်တွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုင်တွယ်ကြဖို့လည်း လိုအပ်လာပြီ ဖြစ်ပါကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၃/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ  အမျိုးသားညီညွတ်ရေးအစိုးရ၏  သဘောထားရပ်တည်ချက်

စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရ၏  သဘောထားရပ်တည်ချက်”၂၀၂၄ ခုနှစ်၊ မေလ (၃) ရက်အမျိုးသားညီညွတ်ရေးအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ ပုဒ်မ ၄၂ ပါ "သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည်" ဟူသည့် အခြေခံမူဝါဒနှင့်အညီ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အောက်ပါ သဘောထား ရပ်တည်ချက်များကို ထုတ်ပြန် ကြေညာ လိုက်သည်။၁။ ပြည်သူလူထုအနေဖြင့် တိုင်းရေးပြည်ရာကိစ္စအဝဝကို သေချာစွာ သိရှိ နားလည် သဘောပေါက်ပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်များကို မှန်ကန်စွာ ရွေးချယ် ချမှတ်နိုင်စေရန် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်  လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်းမီဒီယာများ၏ အခန်းကဏ္ဍ အထူးအရေးပါသည်ကို လေးနက်စွာ အသိအမှတ်ပြုသည်။၂။ ဒေသဆိုင်ရာ တိုင်းရင်းသားမီဒီယာများ အပါအဝင် လွတ်လပ်၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သတင်း မီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံသည်။ ၃။ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူလူထု၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဥ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူး အရေးပါသည်နှင့်အညီ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ခြယ် ပိတ်ပင် တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာ ဆန့်ကျင်သည်။၄။ သတင်းမီဒီယာများ၏ သီးခြားလွတ်လပ်မှု၊ ဘက်မလိုက်မှုနှင့် ဓမ္မဓိဋ္ဌာန်ကျမှုတို့ကို ထိခိုက်စေမည့် ကန့်သတ် တားဆီး ချုပ်ခြယ်မှု မှန်သမျှကို ပြတ်သားစွာ ဆန့်ကျင်သည်။၅။ စာနယ်ဇင်းလွတ်လပ်ခွင့် အားကောင်းခိုင်မာစေရေး အားပေးထောက်ခံသွားမည်။၆။  ပြည်သူလူထု၏ သတင်းသိပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွားမည်။၇။  လွတ်လပ်သည့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရေး ကြိုးပမ်းအားထုတ်သွား မည်။၈။ သတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်။အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သုံးပွင့်ဆိုင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သုံးပွင့်ဆိုင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သုံးပွင့်ဆိုင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း(၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်)ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၏ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်ချမ်း သာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ဒီကနေ့ဟာ ၁၉ရာစုဆန်းပိုင်းမှာ အလုပ်သမားများအနေနဲ့ ၎င်းတို့ရဲ့ ဆုံးရှုံးသွားတဲ့ အခွင့် အရေးတွေ၊ လုပ်ခနဲ့ လုပ်အား ထိုက်သင့်မျှတစွာ ရရှိနိုင်ရေးအတွက် ဖိနှိပ်မှုတွေကြားကနေ အသက်သွေးချွေးတွေရင်းပြီး ညီညီညွတ်ညွတ်၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်တောင်းဆိုမှုတွေရဲ့ အောင်မြင်မှု မှတ်ကျောက်အဖြစ် ၁၈၈၉ခုနှစ်၊ မေလ ၁ရက်နေ့မှာတော့ ကမ္ဘာ့အလုပ်သမားနေ့ရယ်လို့ သတ် မှတ်ပြီး နိုင်ငံအနှံ့အပြားမှာ ကျင်းပခဲ့ကြတဲ့နေ့လည်းဖြစ်ပါတယ်။ ကမ္ဘာ့အလုပ်သမားနေ့ကို ၁၈၉၀ ပြည့်နှစ်ကစပြီး ကျင်းပခဲ့တာ ယခုဆိုရင် ၁၃၄ ကြိမ်မြောက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တိုင်းပြည်အတွက် မရှိမဖြစ် စွမ်းအားစုကြီးဖြစ်တဲ့ မြန်မာ အလုပ်သမားထုကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ မေဒေး အခမ်းအနားကို ၁၉၃၈ ခုနှစ်၊ မေလ ၁ ရက်နေ့ က စတင်ပြီး ကျင်းပနိုင်ခဲ့ပါတယ်။ အလုပ်သမားများ အနေနဲ့ မိမိအခွင့်အရေးကို သိရှိပြီး ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်ရာက ပေါ်ပေါက်လာတဲ့နေ့ဖြစ်တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ နေ့ထူးနေ့ မြတ်တစ်ရက်ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး အဲ့ဒီနှစ်မှာပဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်  အလုပ်သမား အစည်း အရုံးတွေ အားကောင်းလာခဲ့ပြီး အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရေး၊ အလုပ်သမားအခွင့် အရေး အပြည့်အဝရရှိရေး၊ ဝန်နဲ့အား မျှတတဲ့ အလုပ်များ လုပ်ဆောင်နိုင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာရှင်တွေရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ ကို သိမ်းယူမှုနောက်ပိုင်း ဆယ်စုနှစ်ပေါင်းများစွာ အခြေခံအလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးခဲ့ ရပြီး အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကိုပါ ကန့်သတ်ပိတ်ပင်ခံခဲ့ရတာကို အားလုံး သိရှိပြီးဖြစ်ပါတယ်။ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပုံမှန်ဝင်ငွေရရှိမှုတွေ ဆုံးရှုံးနေရပြီး လူမှုစီးပွားဘဝတွေ ထိခိုက်ခံစားနေရချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အုပ်စုက တိုင်းပြည်အာဏာကို တဖန်ပြန်လည် လုယူခဲ့တာကြောင့် မြန်မာအလုပ်သမားထုကြီး အပါအဝင် ပြည်သူတစ်ရပ်လုံး အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ အခြေခံအလုပ်သမား အခွင့်အရေး နဲ့ လူ့အခွင့်အရေးတွေ အဆိုးရွားဆုံးအခြေအနေထိ ချိုးဖောက်ခံနေရတာကိုလည်း မျက်ဝါးဝါးထင် ထင် ကြုံတွေ့ခဲ့ကြရပါတယ်။ မတရားအာဏာလုယူမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ အလုပ် သမား သမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာတွေ၊ တရားမဲ့ ဖမ်းဆီးတာတွေ၊ သတ်ဖြတ် တာတွေအပြင် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးတောင်းဆိုခွင့်တွေ ပိတ်ပင်ခံရတာ၊ အဓမ္မ အလုပ်ခိုင်းစေခြင်းခံရတာစတဲ့ ပုံစံမျိုးစုံနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို တစ်နိုင်ငံလုံးက ပြည်သူလူထုနဲ့ ထပ်တူ ခံစားခဲ့ကြရတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာအလုပ်သမားထုတစ်ရပ်လုံးက မိမိတို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနှင့်အတူ စည်းလုံးတက်ကြွစွာ ပါဝင်လာခဲ့ကြပြီး ဒီနေ့အချိန်အထိ မဆုတ်မနစ် အနစ်နာခံ၊ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေမှုတွေအတွက် များစွာလေးစားဂုဏ်ပြုအပ်ပါတယ်။ စစ်အုပ်စုအနေနဲ့ အလုပ်သမားများရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေမှုများအတွက် ILO ဖွဲ့စည်းပုံ စည်းမျဉ်းတွေအရ အမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry on Myanmar-COI) ကို ဖွဲ့စည်း ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ခိုင်မာတိကျပြီး စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အထင် အရှားတွေ့မြင်နေရပါတယ်။ အခုဆိုရင် အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်အုပ်စုဟာ အဓမ္မစစ်သားစုဆောင်းမှုအတွက် ဥပဒေတစ်ရပ်ကို အခွင့်အာဏာမရှိဘဲ ထုတ်ပြန်ကာ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိတဲ့ လူငယ်တွေကို ဖမ်းဆီးခြိမ်းခြောက်ပြီး စစ်သားစုဆောင်းလျက်ရှိပါတယ်။ အဲ့ဒီလိုလုပ်ရပ်တွေက စစ်မှုထမ်းဆောင်စေခြင်းထက် အဆိုးရွားပုံစံနဲ့ အဓမ္မခိုင်းစေမှု  ဖြစ်ပေါ်စေပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု လုပ်ရပ်အဖြစ်သာ ရှိတယ်ဆိုတဲ့အကြောင်းကို အခိုင်အမာ ပြောကြားလိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ILO COIရဲ့ တိုက်တွန်းချက် တွေကိုလည်း မထီမဲ့မြင်ပြုပြီး ဆက်လက်ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်နေတာကို လည်း တွေ့ရမှာဖြစ်ပါတယ်။ ပြည်ပရောက် နိုင်ငံသားများ၊ အလုပ်သမားများရဲ့ လစာဝင်ငွေကနေ ဝင်ငွေခွန် အဓမ္မ ကောက်ခံတာတွေ၊ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့ သတ်မှတ်ထားတဲ့ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် လွှဲပိုဖို့ ဖိအားပေးတာတွေ၊ ပြည်သူလူထု အပေါ် အကြမ်းဖက်လုပ်ရပ်တွေအတွက် သွေးစွန်းငွေ မဖြစ်စေလိုတာကြောင့် လိုက်နာမှု မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတာတွေစတဲ့ ဖိနှိပ် ခြိမ်းခြောက်မှုတွေကို စစ်အုပ်စုအနေနဲ့ ပြည်တွင်းအလုပ်သမားတွေကိုသာမက ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ်မှာလည်း နည်းမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စု တည်မြဲနေသရွေ့ အလုပ်သမား အခွင့်အရေး အပါအဝင် ဘယ်လိုအခွင့်အရေးကိုမှ ရရှိနိုင်မှာမဟုတ်တာ အထင်အရှားဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ နွေဦးတော်လှန်ရေး အမြန်ဆုံးအဆုံးသတ် အောင်မြင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားထုကြီးအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့် အတူ ညီညွတ်စွာနဲ့ ဆက်လက်ကြိုးပမ်းအားထုတ်ကြဖို့ ဒီကနေ အထူးတိုက်တွန်းလိုပါတယ်။ ILO အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လိုလားတဲ့ ILO အဖွဲ့ ဝင်နိုင်ငံတွေအနေနဲ့လည်း အကြမ်းဖက်မှုများ ကျူးလွန်နေတဲ့ စစ်အုပ်စုကို ILO ဖွဲ့စည်းပုံစည်းမျဉ်းများနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ လာမယ့် ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကျင်းပပြုလုပ်မယ့် ၁၁၂ ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(ILC)မှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံအသိ အမှတ်ပြုပေးခြင်းဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ အခြေခံ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတို့အတွက် လက်တွေ့ကျ တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ပေးဖို့ အလေးအနက်တောင်းဆိုလိုပါတယ်။ နွေဦးတော် လှန်ရေးမှာသာမက တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက်ပါ အရေးပါတဲ့ စွမ်း အားစုကြီးဖြစ်တဲ့ ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားထုကြီးကို အစဉ်လေးစားဂုဏ်ပြုပါ ကြောင်းနှင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအတွက် ဆက်လက် အတူတကွ တိုက်ပွဲဝင်သွားမည်ဆိုတာကို အလေးအနက် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ

"၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ"၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်၁။ ယနေ့ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင်းရှိ ကာယ၊ ဉာဏ အလုပ်သမားများအားလုံး စိတ်၏ တည်ကြည် ကြံ့ခိုင်ခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆန္ဒပြုပါသည်။၂။ လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ ကျော်က အလုပ်သမားများသည် မိမိတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တောင်းဆိုနိုင်ခဲ့မှု၊ စည်းလုံးညီညွတ်မှု များကြောင့် ယနေ့လို သမိုင်းဝင် နေ့ထူးနေ့မြတ်တစ်ရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ၁၃၀၀ ပြည့် အရေးတော်ပုံကြီးအပါအဝင် ခေတ်အဆက်ဆက် အလုပ်သမားအခွင့် အရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းအားထုတ်ခဲ့သည့် သမိုင်းမှတ်တမ်းများ အထင်အရှား ရှိနေခဲ့ပါသည်။ အခြေခံအလုပ်သမား အခွင့်အရေးများအတွက် ကမ္ဘာအရပ်ရပ်က စွန့်လွှတ်အနစ်နာခံ ကြိုးပမ်းခဲ့ကြသူများအားလုံးကို ဦးညွှတ်ပါသည်။၃။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စု၏ ဥပဒေမဲ့ အာဏာလုယူပြီးနောက် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးလျက်ရှိသော်လည်း အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားအရေး တက်ကြွ လှုပ်ရှားသူများ၏ ဦးဆောင်မှုဖြင့် မြန်မာအလုပ်သမားထုတစ်ရပ်လုံးသည် မိမိတို့ ဆုံးရှုံးနေသည့် အခြေခံအခွင့်အရေးများ ပြန်လည်ရရှိရေးအတွက်သာမက စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လှုပ်ရှားမှုများ၌ ပြည်သူတစ်ရပ်လုံးနှင့်အတူ ယနေ့နွေဦးတော်လှန်ရေးတွင် ရဲဝံ့တက်ကြွစွာ ပူးပေါင်းပါဝင် နေမှုများအတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါသည်။၄။ ယနေ့မျက်မှောက်ကမ္ဘာ၏ ဖြစ်ပေါ်တိုးတက်မှုများသည် လူသားအရင်းအမြစ်ကို အခြေခံသော စွမ်းအားစုများ၏ ကြိုးပမ်းအားထုတ်မှုအပေါ် မူတည်နေပါသည်။ တိုင်းပြည်တစ်ပြည်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော အလုပ်သမားထုကြီးသည် ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကကျသော မဏ္ဍိုင်တစ်ရပ်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ် သမားထုကြီးသည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး နွေဦးတော်လှန်ရေး ကြားကာလတွင်သာမက တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကာလများအတွက်ပါ အရေးပါသည့် အင်အားစုကြီး ဖြစ်သည်။၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ ပူးပေါင်း၍ အဆိုပါအလုပ်သမားထုကြီး၏ အခွင့်အရေးနှင့် ဥပဒေပါ ရပိုင်ခွင့်များကို အာမခံချက်ပေးနိုင်ပြီး ပိုမိုထိရောက်သည့် ကာကွယ်စောင့်ရှောက်မှုများ ပေးနိုင်ရေး၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် လုပ်ငန်းမူဘောင်များ၊ ရေတို၊ ရေရှည် စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အခြေခံအလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေပြီး ပြည်သူအပေါ် အကြမ်းဖက်မှုများ နေ့စဉ် ကျူးလွန်နေသည့် စစ်အုပ်စုကို အိုင်အယ်လ်အို၏ ဖွဲ့စည်းပုံစည်းမျဉ်း (ILO Constitution) နှင့်အညီ အမြင့်ဆုံး အရေးယူ ဆောင်ရွက်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရကို အိုင်အယ်လ်အို (ILO) က တဆင့် ထောက်ခံအသိအမှတ်ပြုရေး၊ စစ်တပ်၏ အရေးကြီးသော နိုင်ငံခြားဝင်ငွေရလမ်းများကို ပိတ်ဆို့ရေး စသည့်လုပ်ငန်းများကို အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာအလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။၆။ တော်လှန်ရေးမျက်နှာစာအသီးသီးတွင် အရှုံးနှင့် ရင်ဆိုင်နေရသော အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ အားအင်ချည့်နဲ့နေမှုများကို ကုစားရန် အဓမ္မစစ်သားစုဆောင်းရေး ဥပဒေတစ်ရပ်ကို အခွင့်အာဏာမရှိဘဲ ထုတ်ပြန်၍ တိုင်းပြည်၏ အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသော အမျိုးသမီး၊ အမျိုးသား လူငယ်၊ လူရွယ်များကို ဖမ်းဆီးခြိမ်းခြောက်၍ အဓမ္မလူစုဆောင်းနေခြင်း ကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်လုပ်သားများသည် ပြည်တွင်းလွတ်မြောက်နယ်မြေများနှင့် ပြည်ပနိုင်ငံများသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေမှုများဖြစ်ပေါ်ကာ ပြည်တွင်းလုပ်အား ဆုံးရှုံးမှု၊ ပုံမှန်ဝင်ငွေ မရရှိမှုနှင့် လူမှုစီးပွားဘဝ ထိခိုက်ခံစားကြရပါသည်။ အလုပ်သမားများ သာမက အကျိုးဆက်အနေဖြင့် စီးပွားရေးလုပ်ငန်းများပါ ထိခိုက်ဆုံးရှုံးနေရပါသည်။ ထို့အပြင် ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းရန် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းအလုပ် သမားများ၏ လစာဝင်ငွေမှ ဝင်ငွေခွန်အဖြစ် အဓမ္မ ဖိအားပေးအကျပ်ကိုင်၍ ကောက်ခံလျက်ရှိ သည်။ ၇။ မြန်မာနိုင်ငံတွင် အာဏာရှင်ရှိနေသ၍ အလုပ်သမားများအပါအဝင် တိုင်းရင်းသားပြည်သူ တရပ်လုံး ကိုယ်၊ စိတ် ဒုက္ခမျိုးစုံ ဆတိုး ခံစားနေကြရမည်ဖြစ်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာလျှင် အခြေခံအခွင့်အရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေးကို အပြည့် အဝ ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ယခုနှစ် မေဒေးအတွက် ကြွေးကြော်သံ ဆောင်ပုဒ်ဖြစ်သည့် “ဖက်ဒရယ်ဒီမိုကရေစီ မရှိဘဲ အလုပ်သမားအခွင့်အရေး မရှိနိုင်” ၊ “No Federal Democracy, No Labour Rights.” ဆိုသကဲ့သို့ ဒီမိုကရေစီမရှိဘဲ မည်သည့်အခွင့်အရေးမျှ မရရှိနိုင်ခြင်းကြောင့် အလုပ်သမားထုကြီးအပါအဝင် ပြည်သူတရပ်လုံးအနေဖြင့် တော်လှန်ရေး အမြန်ဆုံး အဆုံးသတ် နိုင်ရန် ဆက်လက် ကြိုးပမ်းအားထုတ်စေလိုကြောင်း လေးလေးနက်နက် တိုက်တွန်းအပ်ပါသည်။၈။ ကမ္ဘာ့ကုလသမဂ္ဂ (UN) နှင့် အိုင်အယ်လ်အို (ILO) အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး အလေးထားသည့် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း လက်တွေ့ဆန်သော ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို အမြန်ဆုံးဆောင်ရွက်ပေးရန် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရက အလေးအနက် ထပ်မံ တောင်းဆိုအပ်ပါသည်။၉။ မြန်မာနိုင်ငံတွင် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေး အပြည့်အဝရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ရေးအတွက် စွန့်လွှတ်အနစ်နာခံကာ မဆုတ်မနစ် ကြံ့ကြံ့ခံ တော်လှန်နေသည့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားထုကြီးအား လေးစားဂုဏ်ပြုပါကြောင်းနှင့် အလုပ်သမားသမဂ္ဂများအပါအဝင် အင်အားစုပေါင်းစုံဖြင့် ညီညွတ်စွာ တော်လှန်ရေးအောင်ပွဲကို အမြန်ဆုံးအရယူရန် ယနေ့ကျရောက်သည့် ကမ္ဘာ့ အလုပ်သမားနေ့တွင် ထပ်လောင်း သန္နိဋ္ဌာန်ချမှတ်လိုက်ပါသည်။အရေးတော်ပုံမုချအောင်ရမည်..... ဒူဝါလရှီးလနိုင်ငံတော်ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

အမှားပြင်ဆင်ချက်

အမှားပြင်ဆင်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအမှားပြင်ဆင်ချက်၂၀၂၄ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော “အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်” နှင့် သတင်းစာရှင်းလင်းပွဲအတွင်း ဖတ်ကြားချက်များတွင် ဘဏ္ဍာရေးကဏ္ဍ အချက် (က) ပါ အချက်အလက် မှားယွင်းချက်ကို အောက်ပါအတိုင်း ပြင်ဆင်ထုတ်ပြန်အပ်ပါသည်။ အချက်အလက်ကို ကိုးကားထားသော သတင်းဌာနများအနေဖြင့်လည်း ပြန်လည်ပြင်ဆင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။အချက်အလက်အမှန် -  (က) အောင်လံလွှင့်ချီ နွေဦးထီ (ဩဂုတ်လ ၂၀၂၁ မှ ဒီဇင်ဘာလ ၂၀၂၃ အထိ CDM ဝန်ထမ်းများအား ကျပ် ၄၃၆.၇၈၉ သန်း - အမေရိကန်ဒေါ်လာ ၁၁၁,၇၀၀ ထောက်ပံ့ပေးခဲ့)အချက်အလက် မှားယွင်းမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရခြင်းကို အနူးအညွတ် တောင်းပန်အပ်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org“အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်”၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်အမျိုးသားညီညွတ်ရေးအစိုးရသည် စတင်ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ပြည်ထောင်စုမျှော်ရည်ချက်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အာမခံပြီး ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေးကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရတရပ်အနေဖြင့် တော်လှန်ရေးအင်အားစုအသီးသီးနှင့် ပူးပေါင်းကာ တာဝန်ယူမှု တာဝန်ခံမှုရှိစွာဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏  (၃)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များအား အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့်နေ့ဖြစ်သော ၂၀၂၄ ခုနှစ် ဧပြီလ (၁၆) ရက်နေ့တွင် အစိုးရ၏ သတင်းထုတ်ပြန်ရေး လမ်းကြောင်းများမှတဆင့် ပြည်သူသို့ အစီရင်ခံခဲ့ပြီးဖြစ်သည်။ ထို့အတူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သော ဆဋ္ဌမအကြိမ်မြောက်  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှ (၉) ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ်၊ ပြည်သူ့ညီလာခံတို့တွင် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် (၃) နှစ်တာ လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။ နိုင်ငံရေးကဏ္ဍ နိုင်ငံရေးကဏ္ဍအနေဖြင့် တော်လှန်ရေးအောင်မြင်ရန် အင်အားစုများ အားလုံးအကြား စုစည်းညီညွတ်စွာဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်များ ပိုမိုအားကောင်းခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်" တရပ်ထုတ်ပြန်ပြီး တော်လှန်ရေးအင်အားစုများ၏ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ပြည်သူသို့ အသိပေးနိုင်ခဲ့သည်။ နိုင်ငံတကာဆက်ဆံရေးကဏ္ဍနိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် တော်လှန်ရေးအင်အားစုများ၏ စစ်အာဏာရှင်ဆန့်ကျင်မှု လုပ်ငန်းများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံအားပေးကူညီလာရန်နှင့် အကြမ်းဖက်စစ်အုပ်စုအား ထောက်ခံမှု၊ အားပေးကူညီမှုများ မရှိစေရန်နှင့် တရားဝင်မှု မရစေရန်  နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဤသို့ကြိုးပမ်းရာတွင် နိုင်ငံအသီးသီးမှ အစိုးရများ၊ လွှတ်တော်များ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ASEAN , EU အစရှိသည့် ဒေသဆိုင်ရာနိုင်ငံများ၏ အဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ချဥ်းကပ် ဆက်ဆံ၍ နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ စစ်အုပ်စု၏ ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှု ကျူးလွန်မှုများအတွက် တရားမျှတမှု ရှာဖွေရန်နှင့် စီးပွားရေး၊ ဘဏ္ဍာရေး၊ သံတမန်ရေးအရ အရေးယူနိုင်ရန်လည်း လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံအသီးသီးမှ မြန်မာနွယ်ဖွား တက်ကြွလှုပ်ရှားသူများနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ နိုင်ငံတကာမှ မိမိတို့တော်လှန်ရေးအတွက် အကူအညီများရရှိရန်လည်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များနှင့် ဆက်သွယ်ပြီး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။စစ်ရေးကဏ္ဍ စစ်ရေးကဏ္ဍတွင် ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့တွင် အနာဂတ်ဖက်ဒရယ်တပ်မတော်၏ အမြုတေအဖြစ် စတင် တည်ထောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် (၃) နှစ်တာကာလအတွင်း တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ စုဖွဲ့၊ ပြင်ဆင်၊ လေ့ကျင်၊ တိုက်ပွဲဝင်ခဲ့ရာမှ လက်ရှိကာလတွင် မဟာဗျူဟာမြောက် ထိုးစစ်များကို စတင်ဖော်ဆောင်လာနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ စစ်ရေးမဟာဗျူဟာများကို ပူးပေါင်းခင်းကျင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေး အင်အားစု များနှင့်  ဗဟိုကွပ်ကဲရေးနှင့်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၊ (J2C) စသည့် ကော်မတီများဖွဲ့စည်းကာ ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် နယ်စပ်ကုန်သွယ်ရေးမြို့ (၅) မြို့အပါအဝင် မြန်မာတနိုင်ငံလုံး၏ (၆၀) ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အဓိကကျသော စစ်ရေးပစ်မှတ်များဖြစ်သည့် နေပြည်တော်၊ ပြင်ဦးလွင် ၊ ကပစလက်နက်ထုတ်စက်ရုံများ စသည်တို့ကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့သည်။ အုပ်ချုပ်ရေးကဏ္ဍအုပ်ချုပ်ရေးကဏ္ဍတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် စိုးမိုးထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူလူထု၏ လုံခြုံရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)တို့ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး အာဏာလေဟာနယ် မပေါ်ပေါက်စေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) အဆင့်ဆင့်နှင့် တရားရေးဌာနအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ပြည်သူ့ဝန်ဆောင်မှု ပေးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။  တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ ဖော်ဆောင်နေသော ပြည်နယ်အဆင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များနှင့်လည်း Federal and State Coordination Commission (FSCC) ကိုဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဘဏ္ဍာရေးကဏ္ဍဘဏ္ဍာရေးကဏ္ဍတွင်လည်း “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ဟူသည့် ဆောင်ပုဒ်ကို လက်ကိုင်ထား၍ အကြမ်းဖက်စစ်အုပ်စုထံစီးဝင်နေသော ဘဏ္ဍာငွေများကို နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်ခြင်း၊ တော်လှန်ရေးအတွက်လိုအပ်သော ဘဏ္ဍာငွေများကို ရှာဖွေခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမှ -(က) အောင်လံလွှင့်ချီ နွေဦးထီ (ဩဂုတ်လ ၂၀၂၁ မှ ဒီဇင်ဘာ ၂၀၂၃ အထိ CDM ဝန်ထမ်းများအား ကျပ် ၄၃၆.၇၈၉ သန်း - အမေရိကန်ဒေါ်လာ ၁၁၁,၇၀၀ ထောက်ပံ့ပေးခဲ့)(ခ) NUG အစိုးရထိမ်းချုပ် မြို့နယ် ၄၂ မြို့နယ်မှ ၂၀၂၃ ခုနှစ်အတွင်း အခွန်ကောက်ခံရရှိမှု ကျပ်သန်းပေါင်း ၈၉,၈၈၄ သန်း - အမေရိကန်ဒေါ်လာ ၂၂.၉၈သန်း(ဂ) အထူးငွေတိုက်စာချုပ်များ ဒီဇင်ဘာ ၂၀၂၁ မှ ဒီဇင်ဘာ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၄၄သန်းကျော်(ဃ) End of Dictatorship/Early Partnership Scheme မှ ဒီဇင်ဘာ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၉၇သန်းကျော်(င) Spring Development Bank ငွေစုရောင်းချရငွေ အမေရိကန်ဒေါ်လာ ၁၁.၈ သန်း ရရှိခဲ့ပြီး(စ)NUG pay စနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နဲ့ ညီမျှသော ငွေကြေးစီးဆင်းမှုကို တော်လှန်ရေးအတွက် ထောက်ကူဆောင်ရွက်နိုင်ခဲ့ပါသည်။စဉ်ဆက်မပြတ် ထည့်ဝင်ပံ့ပိုးနေကြသော ပြည်သူလူထုထံ ဝန်မပိစေသည့် ဘဏ္ဍာငွေရရှိရေးလမ်းကြောင်းများကို ရှာဖွေ ဖော်ထုတ်လျက်ရှိပြီး စိုးမိုးထိန်းချုပ်နယ်မြေများမှ ရရှိသော အခွန်ဘဏ္ဍာငွေများကိုလည်း တာဝန်ယူမှု၊တာဝန်ခံမှု အပြည့်ဖြင့် စီမံခန့်ခွဲသုံးစွဲလျက်ရှိသည်။ လူထုဆက်ဆံရေးကဏ္ဍလူထုဆက်ဆံရေးကဏ္ဍအားဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် တော်လှန်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်၊ အကြောင်းအရာများကို ပြည်သူလူထု စဉ်ဆက်မပြတ်သိရှိနေစေရန်အတွက် လွတ်လပ်ပြီး အမီအခိုကင်းသော သတင်းမီဒီယာများနှင့် ထိတွေ့ကာဆောင်ရွက်နေသကဲ့သို့ ရုပ်သံ၊ ရေဒီယို၊ ဝပ်ဆိုဒ် လူမှုကွန်ယက်စာမျက်နှာ၊ အပတ်စဉ်စာစောင် စသဖြင့် လမ်းကြောင်းမျိုးစုံမှနေ၍ ပြည်သူလူထုအား ထုတ်ပြန် အစီရင်ခံလျက်ရှိပါသည်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖြတ်သန်းခဲ့ပြီးသော (၃) နှစ်တာကာလ၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်း၊ စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ပြီး သင်ခန်းစာများရယူကာ ပြည်သူလူထုလိုလားတောင့်တနေသော တော်လှန်ရေးကို အောင်ပွဲနှင့်အတူ အပြီးပြတ် အဆုံးသတ်နိုင်ရေးအတွက် တော်လှန်ရေး အင်အားစုများ အားလုံးနှင့် လက်တွဲကာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်သူလူထုအား ကတိသစ္စာပြုလျက် အစီရင်ခံတင်ပြ အပ်ပါသည်။ ယခုအခါ စစ်ကောင်စီသည် လုံးဝယိုင်နဲ့နေပြီး၊ အဆုံးသတ်ပြိုလဲရန်သာ ကျန်တော့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ဤအဆုံးသတ်တိုက်ပွဲတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အရှိန်အဟုန်မြှင့်ကာ ဆက်လက်တိုက်ပွဲဝင်သွားရန်  ပြည်သူလူထုတရပ်လုံးအားလည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ မှတ်ချက် - အမျိုးသားညီညွတ်ရေးအစိုးရ (၃) နှစ်ပြည့် နှင့်သက်ဆိုင်သော လိုအပ်သည့် သတင်းအချက်အလက်များကို ပူးတွဲထုတ်ပြန်အပ်ပါသည် (၁) "ဆဋ္ဌမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ တင်သွင်းသည့် အစီရင်ခံစာ” https://go.nugmyanmar.org/a64a79a0 (၂) ကြားကာလဒေသန္တရအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာhttps://go.nugmyanmar.org/fcb8f866 (၃) "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်”https://go.nugmyanmar.org/da9e1ea9 (၄) အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ မိန့်ခွန်း https://go.nugmyanmar.org/bd041e1e (၅) အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း (၃) နှစ်ပြည့် ဝန်ကြီးဌာနများ၏ ပြည်သူသို့ အစီရင်ခံချက်များ https://go.nugmyanmar.org/028add38