အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်
၂၀၂၄ ခုနှစ် မေ (၂၈) ရက်
• ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ လက်ရှိ ရက္ခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့အရေးကိစ္စတချို့ကို ပြောကြားလိုတာရှိပါတယ်။ အထူးသဖြင့် ရက္ခိုင်ပြည်နယ်အတွင်းမှာ၊ အကြမ်းဖက်စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်မှု တွေကို အမြောက်အမြား တွေ့မြင်နေရပါတယ်။ ရက္ခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) ရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အောင်ပွဲ ခံနိုင်တာကို တွေ့ရပါတယ်။
• ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်အားလုံး သိနားလည်ထားပြီး ဖြစ်တဲ့အတိုင်း၊ ရက္ခိုင်ပြည်နယ်မှာ အနောက်တံခါးပြဿနာလို့ ခေါ်တဲ့ ပထဝီနိုင်ငံရေးပြဿနာဟာ ကိုလိုနီစနစ်ရဲ့ အမွေဆိုးအနေနဲ့ အခုအချိန်အထိ တတိတိ ခံစားနေရပါတယ်။ ဒီအချိန်မှာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့ရပါတယ်။
• ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်းအာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသပ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်။
• များသောအားဖြင့် လူမျိုးရေးအရ အကဲဆတ်တဲ့ကိစ္စရပ်တွေကို အလေးအနက်ထားပြီး ရှုမြင် ချည်းကပ်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူသားဝါဒနဲ့ လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ရှုမြင်ချက်တွေနဲ့ လက်ရှိတည်ဆဲ ဖြစ်ရပ်တွေကို ချည်းကပ်နိုင်ဖို့ လိုပါတယ်။
• လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ်ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။
• နောက်ထပ် အရေးကြီးတဲ့အချက်အနေနဲ့ အညာဒေသဖြစ်တဲ့ စစ်ကိုင်းဧရိယာထဲက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အရေးကိစ္စတွေကို အနည်းငယ် ပြောချင်ပါတယ်။ အခုတလော လူမှုကွန်ယက်စာမျက်နှာ အတော်များများမှာ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ခပ်များများ တွေ့မြင်နေရပါတယ်။ ဒီလို ဝေဖန်မှုတွေထဲမှာ လက်တွေ့ အရှိတရားကို ထင်ဟပ်တဲ့ ထောက်ပြဝေဖန်မှုတွေကို တွေ့ရသလို၊ နိုင်ငံရေးအပုတ်ချတဲ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်တဲ့ ဝေဖန်ရေးအရေခြုံတွေကိုလည်း တွေ့မြင်နေရပါတယ်။
• ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာတစ်ခုကတော့ ကျွန်တော်တို့ဟာ လူထုကြားမှာ အမှန်ရှာဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကို ရုပ်ဆိုးအကျည်းတန်အောင် ထိုးနှက်လာတဲ့ ပယောဂတွေနဲ့ ကြောင်သူတော်တွေရဲ့ လုပ်ဇာတ်ကိုလည်း သတိထား တုံ့ပြန်ပြီး၊ လူထုအတွင်းက အရှိတရားနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ဖို့ အထူးလိုအပ်ပါတယ်။ လူထုထဲမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရှိပကတိတွေကိုသာ အမှန်တရားလို့ ယူဆပြီး ထိရောက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်အောင် လုပ်ရမယ်လို့ ယုံကြည်ပါတယ်။
• လက်ရှိ အခြေအနေဟာ ခုခံတော်လှန်စစ်အောင်ပွဲတွေမှာ ပယောဂမှိုင်းတွေ ပူးဝင်ကပ်ငြိမှု မရှိအောင် နိုင်ငံရေးအသိနဲ့ နိုင်ငံရေးသတိကို ထိန်းပြီး ကြိုးစားလျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လူထုထဲက အသံစစ်စစ်ကို သကာမအုပ်ပဲ ကြားနိုင်အောင် ကျွန်တော်တို့ အစိုးရအဖွဲ့တစ်ရပ်လုံး သတိရှိထားရမှာ ဖြစ်ကြောင်း ပြောကြားအပ်ပါတယ်။
အရေးတော်ပုံမုချအောင်ရမည်...