BECA Complaint Form နှင့်ပတ်သက်၍ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၂/၂၀၂၄)
၁၃၈၆ ခုနှစ်၊ ကဆုန်လဆုတ် ၃ ရက်နေ့
(၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်)
BECA Complaint Form နှင့်ပတ်သက်၍ အများပြည်သူသို့ သတင်းထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုရန် လျှောက်ထားသူ ဦးရေ ၇၅,၀၀၀ ခန့် ရှိပြီး ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ ခန့် (၇၅%) ရှိခဲ့ပါသည်။ ဖြေဆိုသူများအနက် စည်းကမ်း ချက်များနှင့်အညီ ဖြေဆိုပြီး Certificate ရရှိသူဦးရေ ၅၀,၀၀၀ ခန့် (၈၉%) ရှိပါသည်။ စည်းကမ်းချက်နှင့် မကိုက်ညီ၍ Certificate မရရှိသူဦးရေ ၆,၀၀၀ ခန့် (၁၁%) ရှိခဲ့ပါသည်။
ဖြေဆိုသူများလိုက်နာရမည့်စည်းကမ်းချက်များနှင့် ကိုက်ညီစွာဖြေဆိုထားပါလျက်နှင့် Certificate မရရှိ ဖြစ်နေသည်ဟု ယူဆထားကြသည့် စာဖြေသူများသည် မိမိရလဒ်နှင့်ပတ်သက်၍ ပြန်လည်စစ်ဆေးပေးစေလို ပါက Complaint Form လျှောက်ထားနိုင်ပါသည်။ အကယ်၍ Complaint Form အများအပြား တင်လာပါက စစ်ဆေးခြင်းလုပ်ငန်းစဉ် ကြန့်ကြာနိုင်သောကြောင့် စောင့်ဆိုင်းပေးရန် လိုအပ်ပါသည်။
မူလက Complaint Form ကို သုံးသောင်းကျပ် ပေးသွင်း၍ ပြန်လည်စစ်ဆေးပေးရန် လျှောက်ထား နိုင်သည့် အစီအစဉ်ထားရှိခဲ့ပါသည်။ သို့သော် ထိုငွေသွင်းရသည့်အစီအစဉ်ကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများ ကြောင့် ပြည်သူ့အသံကို နားဆင်၍ Complaint Form အတွက် ငွေသွင်းရန် အစီအစဉ်ကို ရပ်နားလိုက်ပါသည်။
သို့ဖြစ်ပါ၍ Complaint Form လျှောက်ထားမည့် စာဖြေသူများသည် (၂၅-၆-၂၀၂၄) ရက်နေ့ နောက်ဆုံး ထား၍ ( LMS - https://lms.moeedu.org ) » Technical Support Channel တွင် အောက်ဖော်ပြပါအချက် (၂) ချက်ကို လျှောက်လွှာတွင် ပူးတွဲဖော်ပြလျှောက်ထားရန် နှင့် Complaint ကို စစ်ဆေးအကဲဖြတ်ခြင်း လုပ်ထုံး လုပ်နည်းဖြင့်သာ အကြောင်းပြန်ကြားပေးမည်ဖြစ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။
၁။ ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင် ရေးသားထားသော လျှောက်လွှာ
၂။ မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲ့အစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန် ကြောင်း ထောက်ခံချက်
မှတ်ချက် - ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို စီဒီအမ် ကျောင်းသားဖြစ် ကြောင်း ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များအားစစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ