အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
၂ ဧပြီ ၂၀၂၆
လက်ရှိ မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတို့ Online မှ တဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အကြောင်းအရာနှင့်ပတ်သက်၍ တာဝန်ရှိသူများက တော်လှန်ရေးနှင့် ပြည်သူလူထုကို မထိခိုက်စေသော နည်းနာများဖြင့် အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ကြရေး ရင်းနှီးပွင့်လင်းစွာဖြင့် အလေးထားဆွေးနွေးခဲ့ကြသည်။ မြေပြင်တွင် ဖြစ်ပျက်နေသော အကြောင်းအရာများကို နားလည်မှုလွဲစေနိုင်သည့်၊ ရန်သူအကြမ်းဖက်စစ်တပ် အကြိုက်တွေ့စေမည့် ရေးသားမှုများ၊ထုတ်ပြန်မှုများကို မပြုလုပ်ကြရေး နှင့် ပြဿနာကို ပိုမိုကြီးထွားစေသည့် ဆောင်ရွက်ချက်များကိုလည်း ထိန်းကျောင်းကြရန် ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုအစိုးရ နှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရ အကြား လုပ်ပိုင်ခွင့်အာဏာခွဲဝေရေး(Division of competences) နှင့် ဆက်နွယ်နေသော ကိစ္စရပ်များဖြစ်သဖြင့် ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ယူနစ်အကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအတူတကွတည်ဆောက်နိုင်ရေးဦးတည်ချက်ဖြင့် အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ် ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြရန်လည်း သဘောတူဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။