ကြားကာလဒေသန္တရ  ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "တိုင်းရင်းသားမဟာမိတ်ဒေသတွေမှာ မြို့တွေ တစ်မြို့ ပြီးတစ်မြို့ အရှိန်ကောင်းကောင်းနဲ့ ဆက်တိုက် ထိန်းချုပ်လာနိုင်တာဟာ တော်လှန်ရေးအတွက် အင်မတန်အားရကျေနပ်ဖွယ်ဖြစ်ရသလို ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း နယ်မြေထိန်းချုပ်နိုင်မှုတွေကို ဒီထက်ပိုမို အားကောင်းစွာနဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက် ဆင်နွှဲနိုင်ဖို့ လိုမှာဖြစ်ပါကြောင်း။  စစ်ရေးအရ ဖိအား များများပေးနိုင်လေလေ နယ်မြေ စိုးမိုးထိန်းချုပ်မှု ပိုရလေလေ ဖြစ်တယ်ဆိုတာတော့ အားလုံးသိပြီးသား ဖြစ်ပါကြောင်း။  စစ်ရေးဖိအားဆိုတဲ့ နေရာမှာလည်း တိုက်စစ်တွေ ဖော်ဆောင်ရတာမျိုးအပြင် စိတ်ဓာတ်ရေးရာ စစ်ဆင်မှုကိုလည်း ပေါင်းစပ်ကျင့်သုံးဖော်ဆောင်သွားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း။ အခုဆိုရင် အကြမ်းဖက်စစ်တပ်ဟာ စိတ်ဓာတ်ရေးရာအရလဲ ပြိုနေပြီဆိုတာ ကျွန်တော်တို့ ကောင်းစွာ တွေ့မြင် ကြားသိနေရပြီ ဖြစ်ပါကြောင်း။ တိုက်ဖို့အသင့်ပြင်နေတဲ့ အနေအထားမဟုတ်ကြပဲ ပြေးဖို့ အသင့်ပြင်နေကြတဲ့ အနေအထား ဖြစ်ပါကြောင်း။ ဒီအခြေအနေမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစု တွေက စုစုစည်းစည်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေလည်း လုပ်ဆောင်သွားကြဖို့လိုမှာ ဖြစ်ပါကြောင်း။ မြို့တွေ အပြီးသတ် စိုးမိုးထိန်းချုပ်နိုင်ရေးအတွက်ကတော့ စစ်ရေးက ပထမအဆင့် လှုပ်ရှားပြီး၊ အုပ်ချုပ်ရေးက ဒုတိယအဆင့် စီမံကြရမှာဖြစ်ပါကြောင်း။ ဒီလုပ်ငန်းစဥ်တွေ လုပ်နိုင်ဖို့အတွက် အရင်ဆုံး သေချာစီမံရမှာကတော့ ဘဏ္ဍာငွေဖြစ်ပါကြောင်း။ ကျွန်တော် အပတ်စဥ်တိုင်းလည်း ပြောကြားသလို ဝန်ကြီးဌာန တွေအနေနဲ့ အဆင့်ဆင့်သော တာဝန်ရှိသူတွေကို တွေ့ဆုံနေကြတဲ့ အစည်းအဝေးတွေမှာ လက်တလော ဦးစားပေး စစ်ရေးကာလအတွက် ဘဏ္ဍာ‌ငွေတွေ စနစ်တကျ သုံးစွဲနိုင်‌အောင် တခြားသော ကဏ္ဍတွေမှာ တတ်နိုင်သလောက် စီစီစစ်စစ် သုံးပေးဖို့ တိုက်တွန်းကြရမှာဖြစ်သလို ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း တော်လှန်ရေးအတွက် ဦးတည်ပြီး အစိုးရရဲ့ လမ်းညွှန်မှုများအတိုင်း စီမံနိုင်အောင် အ‌လေးပေးပြောကြားဖို့လည်း လိုအပ်မှာဖြစ်ပါကြောင်း" ဟုပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁၂:၄၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံး"ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလမှ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာ"၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နွေဦးတော်လှန်ရေးနှင့်အတူ အရှိန်အဟုန်ပြင်းပြင်းဖြင့် စတင်ခဲ့သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) တွင် CDM နိုင်ငံ့ဝန်ထမ်းထုသည် အရေးကြီးသော ထောက်တိုင်ကြီးတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ယနေ့တော်လှန်ရေးတွင်လည်း အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေသည်မှာ အထင်အရှားပင်ဖြစ်သည်။ CDM နိုင်ငံ့ဝန်ထမ်းများ၏ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဒီမိုကရေစီအရေးနှင့် နိုင်ငံသားများ၏ လွတ်လပ်ခွင့်အတွက် စွန့်လွှတ် အနစ်နာခံ ပေးဆပ်မှုများသည် မြန်မာ့တော်လှန်ရေးသမိုင်းတွင် မှတ်ကျောက် တင်နေပြီဖြစ်သည်။တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရာတွင်လည်း CDM နိုင်ငံ့ဝန်ထမ်းထု ကြီး၏ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုပညာရပ်များ၊ အတွေ့အကြုံများနှင့် အင်အားသည် အရေးကြီးသော ထောက်တိုင်အဖြစ် ဆက်လက် တည်ရှိနေမည်ဖြစ်သည်။ ယနေ့ကာလသည် တော်လှန်ရေး အရှိန်အမြင့်ဆုံး အချိန်ကာလဖြစ်ပြီး တော်လှန်ရေး အလှည့်အပြောင်းကို စတင် မြင်တွေ့လာရချိန်ဖြစ်သည်။ CDM နိုင်ငံ့ဝန်ထမ်းထုအပါအဝင် တော်လှန်ရေးတွင် ပါဝင်နေသူ အားလုံး၏ ဆောင်ရွက်ချက်များသည် တော်လှန်ရေးအောင်မြင်မှုအတွက် ရှေ့ရှုရမည်ဖြစ်ပြီး အင်အားစု အားလုံး ညီညွတ်မှုနှင့် ဟန်ချက်ညီ မဟာဗျူမြောက် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်။ယနေ့ ရောက်ရှိနေသည့် တော်လှန်ရေးနှင့် တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို မျှော်ရည်၍ သက်ဆိုင်သူအားလုံး စုစည်းဆွေးနွေးနိုင်ရန်ဆိုသည့် ညီလာခံ၏ ရည်ရွယ်ချက်ကို ဝမ်းမြောက်စွာ ကြိုဆိုပါသည်။ ယခုကျင်းပသော ညီလာခံမှ CDM နိုင်ငံ့ဝန်ထမ်းများအတွက် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်ပြီး အားလုံး စုစည်းညီညွတ်စွာ တော်လှန်ရေးခရီး အောင်မြင်သည်အထိ ရှေ့ဆက်နိုင်ပါစေကြောင်း လေးနက်စွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ဒူဝါလရှီးလနိုင်ငံတော် ယာယီသမ္မတအမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ EOCC အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင်၊ အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ EOCC ညှိနှိုင်းရေးမှူး၊ ပြည်ထောင်စု ဒုတိယဝန်ကြီး၊ ဒေါက်တာငိုင်းတမ်မောင်းနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီမှ လုပ်ငန်းအဖွဲ့များဖြစ်သည့် စာရင်းဇယားများ ကောက်ယူရေးအဖွဲ့၊ လုံခြုံရေး၊ ကာကွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့၊ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့၊ လူသားချင်းစာနာကူညီရေးနှင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးအဖွဲ့၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့နှင့် အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးအဖွဲ့များမှ တာဝန်ရှိသူအသီးသီးက တော်လှန်စစ်အတွင်း ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ EOCC အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ တစ်ခုချင်းစီအလိုက် အစည်းအဝေး ခေါ်ယူကျင်းပပြီး ရေးဆွဲထားသည့် လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ရန်နှင့် လိုအပ်သည့်လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ကြရန်၊ မြို့နယ်အဆင့် အရေးပေါ်အခြေအနေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း အဖွဲ့ဝင်များဖွဲ့စည်းကာ လေကြောင်းရန် စောင့်ကြည့်သတိပေးနိုင်ရေး ကြိုတင်ပြင်ဆင်ရန်၊ ဌာနအသီးသီးက ထုတ်ပြန်ထားသည့် လေကြောင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ညွှန်ကြားချက်များကို ပြည်သူလူထုထံသို့  နားလည်လွယ်မည့် လမ်းညွှန်ချက်အဖြစ် ပြင်ဆင်ပြုစုရန်၊ EOCC အစည်းအဝေးနှင့် လုပ်ငန်းအဖွဲ့ အစည်းအဝေးများကို ပုံမှန် ကျင်းပပြုလုပ်သွားရန်နှင့် လုပ်ငန်းစီမံချက်များ ပြုစုပြီး အစည်းအဝေးတွင် ပြန်လည် တင်ပြအတည်ပြု ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ဆက်လက်ပြီး အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို (၁၇.၁.၂၀၂၄) ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ကြပြီး အဆိုပါအစည်းဝေးတွင် ဗဟို EOCC ကဲ့သို့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များကို မြေပြင်တွင်လဲ ဖွဲ့စည်းနိုင်ရေး တိုက်တွန်းပူးပေါင်းဆောင်ရွက်သွားရန်၊ လက်တွေ့ ပါဝင်ဆောင်ရွက်စေရေး ကြီးကြပ်ကွပ်ကဲကြရန်၊ လေကြောင်းရန်များကို စောင့်ကြည့်ရေးနှင့် ကြိုတင်သတိပေးခြင်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ထို့အပြင် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးအဖွဲ့ အစည်းအဝေးကို (၁၈.၁.၂၀၂၄) ရက်နေ့တွင် ဆက်လက် ကျင်းပခဲ့ကြပြီး အရေးပေါ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲမှုအတွက် ဘဏ္ဍာရေး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရန်၊  အရေးပေါ်ရန်ပုံငွေမှ သုံးစွဲနိုင်မည့် ကိစ္စရပ်များကို သက်ဆိုင်ရာကော်မတီသို့ တင်ပြသွားရန်၊ EOCC သို့တင်ပြလာသော ဝန်ကြီးဌာန အလိုက် စီမံချက်များကို စီမံ/ဘဏ္ဍာလုပ်ငန်းအဖွဲ့က စိစစ်ခြင်းနှင့် အစီရင်ခံစာများပေးပို့နိုင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁ /၂၀၂၄) အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ  (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် "ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတွင်းဝန်များနှင့် ရုံးအဖွဲ့သားများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊ ဒီနေ့ကျင်းပတဲ့အစည်းအဝေးဟာ ၂၀၂၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ အစည်းအဝေးဖြစ်သလို အရေးကြီးတဲ့အစည်းအဝေးလည်းဖြစ်ပါ ကြောင်း၊ တော်လှန်ရေးသုံးနှစ်တာကာလအတွင်း မိမိတို့ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အောင်မြင်မှုတွေအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ သယံဇာတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ခုဖြစ်တဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွေရဲ့ ကဏ္ဍအသီးသီးမှာ ယခင်ကချမှတ်အကောင်အထည်ဖော်ခဲ့တဲ့ အမိန့်/ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ မူဝါဒတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့နဲ့ လက်ရှိသွားမယ့် အုပ်ချုပ်ရေးယန္တရားနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် အသစ်ပြဌာန်း သင့်တာတွေကို ပြဌာန်းကြဖို့ အထူးအလေးထား တိုက်တွန်းလိုပါကြောင်း၊ လက်ရှိမှာ မြိုသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး သိမ်းပြီးဖြစ်တဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား စနစ်တကျ စတင်လည်ပတ်နိုင်အောင် စီမံချမှတ်နေချိန် အရေးကြီးကဏ္ဍတွေဖြစ်တဲ့ NAB-NR အဖွဲ့ဝင်ဝန်ကြီးဌာနတွေ အနေနဲ့လည်း ပူးတွဲလိုက်ပါဆောင်ရွက်ကြဖို့ လိုအပ်လာတဲ့အတွက်ကြောင့် ယခုလို တိုက်တွန်းရခြင်း ဖြစ်ပါကြောင်း၊ ဒါမှသာ သိမ်းပိုက်ပြီးမြို့ တွေရဲ့ လူမှု၊ စီးပွား၊ ပတ်ဝန်းကျင်ရေးရာတွေ သမမျှတပြီး စီမံခန့်ခွဲရေးလုပ်ငန်းတွေ စနစ်တကျ လည်ပတ်နိုင်စေမှာ ဖြစ်ပါကြောင်း၊ အထူးပြောကြားလိုတာကတော့ တော်လှန်ရေးကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲ အကျပ်အတည်းများကြောင့် ပြည်သူများအနေဖြင့် သယံဇာတအပေါ် ပိုမိုအမှီပြုလာကြသည်ကို အားလုံးသိပြီးဖြစ်တဲ့အားလျော်စွာ သယံဇာတကဏ္ဍတွေဖြစ်တဲ့ သစ်တော/ ပတ်ဝန်းကျင်ကဏ္ဍ၊ ရေနံ/သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ သတ္တု/ ကျောက်မျက်ကဏ္ဍတွေမှာ မူဝါဒနဲ့ မြေပြင်အခြေအနေ ကိုက်ညီဖို့ လိုအပ်ပါကြောင်း၊ လက်ရှိကာလ အုပ်ချုပ်ရေးယန္တရားနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ စီမံခန့်ခွဲရေးနည်းလမ်းအသစ်တွေ တီထွင်ကြံဆပြီး ချမှတ်အကောင် အထည်ဖော်ရတော့မှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲရမယ့် သယံဇာတကိစ္စရပ်တွေနဲ့ တိုင်းအဆင့်က စီမံခန့်ခွဲရမယ့် သယံဇာတကိစ္စရပ်တွေကို သေချာစိစစ်ခွဲခြားသတ်မှတ်ကြပြီး သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြရမှာ ဖြစ်သလို ပြည်သူတွေကို တာဝန်ယူမှု /တာဝန်ခံမှုရှိသူများ ဖြစ်စေဖို့  သယံဇာတမူဝါဒတွေကို စဉ်းစားချမှတ်ကြဖို့ လိုအပ်လာပြီဖြစ်ပါကြောင်း၊ ယနေ့တင်ပြ ဆွေးနွေးကြမယ့် အစီအစဉ်တွေသည် အရေးကြီးတာကြောင့် စုပေါင်းခေါင်းဆောင်မှုဖြင့် ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြရမှာ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တရပ် ပေါ်ထွန်းလာရေး အာဏာရှင်စနစ်အမြစ်ပြတ်ဖို့၊ မိမိတို့တိုင်းပြည်မှာ နောက်ထပ်အာဏာရှင် အသစ်မပေါ်ပေါက်ဖို့၊ တော်လှန်ရေးအောင်မြင်စေဖို့အတွက် တော်လှန်ရေး အစိုးရတရပ်ပီပီ မိမိတို့ လုပ်သင့်လုပ်ထိုက်တာတွေကို ရဲရဲဝံ့ဝံ့တာဝန်ခံ လုပ်ဆောင်ကြဖို့  သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို ခွန်အားပေး တိုက်တွန်းပြောကြားခဲ့ပါသည်။"ဆက်လက်၍ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။ သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ

ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပုံမှန်အစည်းအဝေး (၂/၂၀၂၄)

ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပုံမှန်အစည်းအဝေး (၂/၂၀၂၄)

ဇန်နဝါရီလ ၁၅၊ ၂၀၂၄ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ အပတ်စဉ် ပုံမှန်အစည်းအဝေး (၂/၂၀၂၄) ကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားပေးခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် ဝန်ထမ်းများမှ ပုံမှန်လုပ်ဆောင်ချက်များကို တင်ပြခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရှေ့ဆက်လုပ်ငန်းအတွက် လမ်းညွှန်မှုများ ညွှန်ကြားပေးခဲ့ပါသည်။ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနသည် ဌာနအတွင်း ပုံမှန်အစည်းဝေးကို တပတ်တကြိမ် ပုံမှန်ကျင်းပပြုလုပ်လျှက်ရှိပါသည်။  

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခြင်း။

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခြင်း။

ဇန်နဝါရီလ ၁၃ ရက် ၊ ၂၀၂၄ ခုနှစ်  စနေနေ့။ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသောတာဝန်ရှိသူများ၊ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် မြန်မာစံတော်ချိန် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဒုတိယဝန်ကြီး မိုင်းဝင်းထူး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊  ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊  ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် “မြန်မာနိုင်ငံအနေနဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဗိုလ်ကျအုပ်ချုပ်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး တိုင်းရင်းသားဒေသ အသီးသီးများလည်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် နှစ်ပေါင်းများစွာ တော်လှန်ခဲ့ကြရတာ အားလုံးအသိပဲ ဖြစ်ပါကြောင်း။ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က အဓမ္မ အာဏာလုယူဖို့  ထပ်မံ ကြိုးစားတဲ့အချိန်မှာတော့ ကျွန်တော်တို့အားလုံးဟာ နောင်အနာဂတ် မြန်မာပြည်မှာ  ဒီလို စစ်အာဏာသိမ်းမှုတွေ ထပ်မံမဖြစ်ပေါ်ဖို့နဲ့ အခြေခံ လူ့အခွင့်အရေးများ အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ခြင်းမှတပါး အခြားမရှိဘူး ဆိုတာကို ကောင်းစွာ သိမြင်လာခဲ့ကြပါကြောင်း။ ဒီလိုသိမြင်လာတဲ့အတွက် အကြမ်းဖက်စစ် တပ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး တော်လှန်ရေးအစိုးရတစ်ရပ် ပေါ်ထွန်းလာရေး ကြိုးပမ်းကြစဥ် အချိန်ကတည်းက ဖက်ဒရယ်ပြည်ထောင်စုရေးရာလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကာ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနကို ထည့်သွင်းဖွဲ့စည်းခဲ့တာဘဲ ဖြစ်ပါကြောင်း။ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ထောင်ဖို့အတွက်ဆိုရင် ပြည်သူလူထု အနေနဲ့ ဖက်ဒရယ်ဆိုင်ရာ အသိပညာများ ရှိဖို့လိုအပ်သလို အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစတဲ့ ကဏ္ဍအသီးသီးကို ဖော်ဆောင်ဖို့ တာဝန်ယူကြရမယ့်သူများဟာလည်း  ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ လုပ်ငန်းစဉ်များကို သဘောပေါက်နားလည်နေဖို့ လိုအပ်တာ ဖြစ်တဲ့အတွက် ဝန်ကြီးဌာနအနေနဲ့ ဖက်ဒရယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောက်လျှောက်ကြိုးပမ်းဆောင်ရွက်နေတာတွေကိုလည်း ကြားသိရပါကြောင်း။ ပြည်သူများ သာမက၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စီဒီအမ်ဝန်ထမ်းများနဲ့စတဲ့ အလွှာစုံမှ ပုဂ္ဂိုလ်များ ကိုလည်း ဖက်ဒရယ်ဆိုင်ရာအသိပညာမျှဝေမှုများ ဆောင်ရွက်ပေးနိုင်ခဲ့တာတွေ အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါကြောင်း” ဟုပြောကြားခဲ့သည်။တွေ့ဆုံဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များက ဦးဆောင်ပြီး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများ၊ အခက်အခဲနှင့် လိုအပ်ချက်များ၊ စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးချုပ်မှ လိုအပ်သည်များ ပြန်လည်ဖြည့်စွက်ညွှန်ကြားပေးခဲ့ပြီး တွေ့ဆုံပွဲကို မွန်းလွဲ(၁၂:၁၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "စိုးမိုးထိန်းချုပ်နယ်မြေတွေလည်း ဒီနှစ်မှာ တဆင့်ပြီးတဆင့် တိုးတက်လာအောင် လုပ်ဆောင်ပေးကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများကိုလည်း တိုက်တွန်းလို ပါကြောင်း။ ကျွန်တော်တို့အနေနဲ့ လက်နက်၊ ခဲယမ်း လိုအပ်ချက် ရှိနေပေမယ့်လည်း စုစုစည်းစည်းနဲ့ ခိုင်မာတဲ့ စိတ်ဓာတ်တွေနဲ့ ယနေ့လိုအောင်ပွဲတွေ တဆင့်ပြီးတဆင့်ရလာခဲ့တဲ့ အနေအထားကို ဗျူဟာကျကျ စစ်ရေးဖိအားတွေ ဆက်တိုက် ပေးသွားနိုင်မယ်ဆိုရင် အောင်ပွဲတွေ ဆက်လက်ဆင်နွှဲ နေနိုင်မှာ ဖြစ်ပါကြောင်း။ စစ်ရေးအောင်ပွဲတွေ ဆက်လာလေလေ၊ နိုင်ငံရေးအရ အားသာမှုရှိလာလေ လေဖြစ်ပြီး တော်လှန်ရေးရဲ့ အဆုံးသတ်ကို အမြန်ဆုံးရောက်ရှိလာမှာ ဖြစ်ပါကြောင်း။ စစ်ဘေးရှောင်များအတွက် ရိက္ခာ/အမိုးအကာနဲ့ ဆေးဝါးတွေ ကလည်း လိုအပ်ချက်တွေ အမြဲများနေတာမို့ တချို့ကဏ္ဍတွေအတွက် ဘဏ္ဍာငွေတွေကို ဖြစ်နိုင်သမျှကျစ်ကျစ်လစ်လစ်နဲ့ အသုံးပြုပြီး ပြည်သူတွေအတွက် တိုက်ရိုက် အရေးပေါ်အသုံးပြုရမယ့် ကဏ္ဍတွေနဲ့ စစ်ရေးအရ လိုအပ်ချက်တွေအတွက် အသုံးပြုပေးကြဖို့လည်း မှာကြားလိုပါကြောင်း။ ဒီနှစ်ဟာ စစ်အုပ်ချုပ်ရေးယန္တရားကို အပြီးသတ် ဖျက်သိမ်း ရမှာလည်းဖြစ်သလို ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုလည်း စနစ်တကျ ထူထောင်ဖို့ကို လုပ်ဆောင် ကြမယ့်နှစ်ဖြစ်တာကြောင့် စစ်ရေးအပိုင်းနဲ့ အုပ်ချုပ်ရေးအပိုင်းတွေမှာပါ တစ်ပြိုင်တည်း အစီအမံ တွေလည်း စနစ်တကျ ချမှတ်သွားကြဖို့ လိုပါကြောင်း" ဟုပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၀၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။ 

ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှု ကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ(၀၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "စစ်ရေးအရှိန်မြင့်ဖိအားပေးလာနိုင်သည်နှင့် ကျွန်တော်တို့အစိုးရအနေနဲ့ နယ်မြေများ တိုက်ခိုက် စိုးမိုး သိမ်းပိုက်လာနိုင်ပြီး ၎င်းနယ်မြေများရှိ ပြည်သူများရဲ့လုံခြုံရေးကဏ္ဍ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၊ ပြည်သူများ ရဲ့နေ့စဉ်လူမှုဘ၀ကို အကာအကွယ်ပေးနိုင်ရေးကဏ္ဍများနဲ့အတူ တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်ရေးစနစ်ကို ပြည်သူများ လက်လှမ်းမှီလာနိုင်ရေးဟာ အင်မတန်မှအရေးကြီးလာပြီဖြစ်ပါကြောင်း။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိန်းချုပ်စိုးမိုးနယ်မြေများတွင် လွတ်လပ်၍ မျှတသော တရား စီရင်ရေးတစ်ရပ် လွှမ်းခြုံ၀န်ဆောင်မှု ပြုနိုင်စေရန်အတွက် ကြားကာလပြည်သူ့ တရားစီရင်ရေး ဖော်ဆောင်မှု ကော်မတီဖွဲ့စည်းပြီး focal ဖြစ်တဲ့ တရားရေးဝန်ကြီးဌာက ဦးဆောင်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်၀န်ကြီးဌာနများ ပေါင်းစပ်ကာ ကြိုးစား ဖော်ဆောင်လျက်ရှိသည်မှာလည်း အားလုံးအသိပဲ ဖြစ်ပါကြောင်း။ ကြားကာလမှာ ဖော်ဆောင်ရသည်ဖြစ်၍ အခက်အခဲများရှိသည့်အလျှောက် ပြည်သူများအနေနဲ့လဲ နားလည်ခွင့်လွှတ်သလို ယုံကြည်ပူးပေါင်းပေးကြစေလိုပါကြောင်း။ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ကဏ္ဍဟာ တကယ်တမ်း မြန်မာပြည်မှာ ပြိုလဲပျက်စည်းခဲ့သည်မှာ ကြာပြီဖြစ်သည့်အလျှောက် တရားရေးအသိပညာပြန့်ပွါးရေး ပြည်သူများပူးပေါင်းပါဝင်အောင် အစကနေ မူသစ် စိတ်သစ်ဖြင့် ပြန်လည်တည်ဆောက်ကြရမှာဖြစ်ကြောင်း။ ကျွန်တော်တို့ စိုးမိုးထိန်းချုပ်ဒေသများမှာ တရားဥပဒေစိုးမိုးရေးနဲ့ လွတ်လပ်ပြီး မျှတတဲ့ တရား စီရင်မှု လုပ်ငန်းများဖြစ်ထွန်းအောင်မြင်စေဖို့ရန်ကတော့ အစိုးရဌာနတိုင်ရာတာဝန်ရှိသူများအားလုံး တတ်စွမ်းသလောက် ဝိုင်းဝန်း ဝါယမစိုက်ထုတ် အကောင်အထည်ဖော်ကြရမှာပဲ ဖြစ်ပါကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလပြည်သူ့တရားစီရင်ရေးဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်များမှ (၁၁/၂၀၂၃) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ(၄:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။