အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် မတ်လ (၁၂) ရက်

• နွေဦးတော်လှန်ရေးကာလအတွင်းမှာ တွေ့ရတဲ့ ခုခံတော်လှန်စစ်တိုက်ပွဲတွေနဲ့ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေကို ယေဘုယျအားဖြင့် ခြုံငုံကြည့်ရင်၊ စစ်ရေးရလဒ်နဲ့ တော်လှန်ရေး ရလဒ်တွေ ထပ်တူကျတဲ့ တိုက်ပွဲတွေ ရှိတာတွေ့ရပါတယ်။ စနစ်တကျ ကြိုတင်ပြင်ဆင်မှုနဲ့ ဗဟိုကွပ်ကဲမှုကောင်းမွန်တဲ့ ဒေသတွေမှာတော့ တော်လှန်ရေးရလဒ်ကောင်းကိုလည်း တွေ့မြင်ခဲ့ရသလို၊ စစ်ရေးရလဒ်ကောင်းကိုလည်း ထပ်တူထပ်မျှ တွေ့ခဲ့ရပါတယ်။ 

• အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအားလုံးဟာ လက်နက်ကိုင် တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ လက်နက်အားဖြင့် ခုခံတော်လှန်တယ်ဆိုတဲ့ အဆင့်လောက်နဲ့ တင်းတိမ်နေလို့ မရပါဘူး။ စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ဖို့ အထူး လိုအပ်ပါတယ်။ 

• အကြမ်းဖက်စစ်ကောင်စီက ထုတ်သုံးတဲ့ နိုင်ငံရေးဝှက်ဖဲတွေ နောက်မှာ မျောမသွားဘဲ၊ ကျွန်တော်တို့အနေနဲ့ “ကောက်ပင်ရိတ်လှီးသလို၊ တိခနဲ ဖြတ်ချရမယ့် တန်ပြန်မှုတွေ” ကို အမြော်အမြင် ရှိရှိ၊ ပြတ်ပြတ်သားသား လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက “စစ်မှုထမ်းဥပဒေ” နဲ့ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စမှာလည်း စစ်ရေးကိစ္စ တစ်ဝက် ၊ နိုင်ငံရေးကိစ္စ တစ်ဝက် ရောပြီး ခြေလှမ်းစတင် နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို တန်ပြန်တော်လှန်တဲ့အခါမှာ နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း ရှိနိုင်ပါတယ်။ 

• ကျွန်တော်တို့ သတိချပ်ဖို့က စစ်ရေးကို စစ်ရေးကဲ့သို့ ပီပီပြင်ပြင် စဉ်းစားလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ မဟာဗျူဟာ စီမံချက်‌တွေဟာ ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ကြိုတင် တွက်ဆထားဖို့ လိုပါတယ်။ တကယ် အာနိသင်ရှိတဲ့ ဆေးနည်းက အင်မတန် ခါးလွန်းတာတွေလည်း ဖြစ်တတ်သလို၊ ဆေးမြီးတိုတွေက ဘေးထွက်ဆိုးကျိုးများတာလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ မဟာဗျူဟာ နည်းနာကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ 

• ကျွန်တော်တို့ဟာ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘူးလို့ ပြောချင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အနားတောင်းဖို့၊ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ဟာ သံပူတုန်း နာနာနှက် ရမယ်လို့ ပြောချင်ပါတယ်။ 

• နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးလှိုင်းတွေနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေး လှိုင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေကို ရောက်ပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း / တစ်ထပ်တည်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ၊ ကျွန်တော်တို့ဟာ နိုင်ငံရေးသတိလက်လွတ် ပြောဆို၊ လုပ်ဆောင်တာမျိုးတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်။ 

• အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့ပဲ ဖြစ်ပါတယ်။ တော်လှန်ရေးအလွန်ကာလ ရောက်မှ၊ တည်ဆောက်ရေးအတွက် ဆိုင်းပြင်းတာမျိုး မဖြစ်စေဘဲ / အခုကလည်းက ကိုယ်စီ ကိုယ်စီ ကြိုတင် တည်ဆောက် ဖြည့်တင်းထားဖို့ အလေးအနက်ထား တိုက်တွန်းအပ်ပါတယ်။ 

အရေးတော်ပုံမုချအောင်ရမည်..