အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၆) ရက် လွန်ခဲ့တဲ့ ဒီဇင်ဘာ (၁) ရက်နေ့၊  REUTER NEXT အစီအစဉ်မှာ ကမ္ဘာ့ခေါင်းဆောင်တွေ၊ စီးပွားရေးပညာရှင်တွေနဲ့ စီးပွားရေးသမားတွေ ပါဝင်တဲ့ညီလာခံမှာ ပြောကြားတဲ့ အင်တာဗျူးကိစ္စနဲ့ ပတ်သက်တဲ့အချက်တချို့ ဖြစ်ပါ တယ်။ မြန်မာ့နိုင်ငံရေးအကဲဆတ်နေချိန်မှာ၊ အားလုံးဟာ သွေးပူသွေးဆူနေတော့ အင်တာဗျူးမှာ ကျွန်တော် ဖြေကြားခဲ့တဲ့ အချက်အလက်တချို့နဲ့ပတ်သက်ပြီး ပြည်သူအချို့မှာ စိုးရိမ်ကြောင့်ကြမှုတွေ ပေါ်လာတယ်လို့ ကြားသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေကို ထပ်မံရှင်းလင်းတင်ပြချင်တာ ရှိပါတယ်။ နံပါတ် (၁) ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရစစ်စစ် ဖြစ်တာကြောင့်၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဆန့်ကျင်တဲ့ လမ်းစဉ်/မူဝါဒတွေကို ချမှတ်အကောင်အထည်ဖော်တာမျိုး မလုပ်ဘူးဆိုတာ တိတိကျကျပြောလို တယ်။ အထူးသဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု (Transitional Justice) မဖြစ်မနေ ရယူလုပ် ဆောင်ဖို့ တိတိကျကျ ပြတ်ပြတ်သားသား ပြင်ဆင်ထားကြရပါမယ်။ နိုင်ငံတကာသတင်းမီဒီယာတွေကနေ နိုင်ငံတကာအသိုင်းအဝန်းနဲ့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေကို သတင်းမက်ဆေ့ချ်ပေးတဲ့အခါ အချိန်အကန့် အသတ်ကြောင့် ပြည့်ပြည့်စုံစုံ မပြောနိုင်တာတွေ ရှိခဲ့ပါတယ်။ မြန်မာပြည်သူလူထုဟာ  အကြမ်းဖက်စစ်ကောင်စီ က ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရအောင် မလုပ်နိုင်ဘဲနဲ့ စစ်မှန်တဲ့ အပြောင်းအလဲ မဖြစ် ဘူးလို့ ခံယူထားကြပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ပြည်သူလူထုရဲ့ သဘောထားနဲ့ ထပ်တူဖြစ်ကြောင်း ထပ်လောင်း ပြောကြားချင်ပါတယ်။ နံပါတ်(၂) အနေနဲ့ ပြည်သူလူထုစိုးရိမ်ပူပန်နေတဲ့ ကိစ္စကို ပြောချင်ပါတယ်။ လူထုဟာ စစ်အုပ်စုကို သူတို့ကျူးလွန် ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက စဉ်းစားခန်းထုတ်နေပြီလားလို့ ထင်မြင်နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာ/ နားလည်ပေးချင်စရာ တစ်ကွက်မှ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒလမ်းစဉ် ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်း လမ်းစဉ်ဖြစ်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်။ ယနေ့ အစိုးရအဖွဲ့အစည်းအဝေးကနေ ပြည်သူလူထုကို ဒီသတင်းစကားမျှဝေကြဖို့ ကျွန်တော့်အနေနဲ့ အထူးတိုက်တွန်း လိုပါတယ်။ နံပါတ် (၃) အချက်အနေနဲ့ စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင်ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ဖို့ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ်တပ်မတော်ဟာ ပရော်ဖက်ရှင်နယ်တပ်မတော် ဖြစ်ရလိမ့်မယ်။ ယခု မြန်မာစစ်တပ်လို နိုင်ငံရေးထဲ အမြဲတမ်း ဝင်ပါနေတာမျိုး လုံးဝ လက်မခံနိုင်ပါဘူး။ ဒါကို အမြော်အမြင်ရှိရှိနဲ့ သေချာထည့်သွင်းစဉ်းစားထားကြရမှာ ဖြစ်တယ်။ ဒါ့အပြင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးလို့ခေါ်တဲ့ security sector reform ကိစ္စတွေကိုလည်း အထူးတလည် ထည့်သွင်းလုပ်ဆောင်ရပါလိမ့်မယ်။ စစ်အာဏာရှင်အမြတ်ပြတ်သုတ်သင်ချေမှုန်းရေးအတွက် တော်လှန်ရေးမှာ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေ/ အာဇာနည်တွေကို အမြဲတမ်း အစဉ်တစိုက် ဦးညွှတ်နေမှာ ဖြစ်တယ်။ တော်လှန်ရေးရဲဘော် တွေရဲ့ အသက်ပေးစွန့်လွှတ်အနစ်နာခံမှုတွေကို အကျိုးမဲ့ အလဟဿ မဖြစ်သွားအောင် ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်နေကြရမယ်။ တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံရေးတန်းတူအခွင့်အရေးအတွက် မိသားစုပေါင်းများစွာက ဆွေစဉ်မျိုးဆက် တော်လှန်ရေးအမွေကို ဆက်ခံပြီး တရားမျှတသောတော်လှန်ရေးအတွက် အထွေထွေသော ကြိုးပမ်းချက်တွေဟာ ဘာနဲ့မှ အစားထိုးလို့မရတဲ့ တော်လှန်သောမြှုပ်နှံမှုတွေ ဖြစ်တယ်။ စစ်အာဏာရှင် တော်လှန်ရေးမှာ အသက်နဲ့ခန္ဓာကို ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့သူအပေါင်းနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအတွက် အသွင်ကူးပြောင်းရေးအလွန်ကာလမှာ တရားမျှတမှုရရှိရေးအတွက် ကျွန်တော်တို့အားလုံး အဓိကထား ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါဟာ စစ်မှန်သောလူထုရဲ့ လိုလားချက်ဖြစ်တယ်ဆိုတာ မမေ့ကြဖို့ နှိုးဆော်ရင်း နိဂုံးချုပ်ပါတယ်။ အရေးတော်ပုံမုချအောင်မြင်ရမည်......

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်  ဒီတစ်ပတ်အတွင်း တော်လှန်ရေးအနေအထားက နိုင်ငံရေးဘက်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတာတွေ ရှိသလို စစ်ရေးအပိုင်းကလည်း လှုပ်ရှားမှု ပိုမို အားကောင်းလာတဲ့ နေရာတွေ ရှိတာ တွေ့ရပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ များလာတာနဲ့     အမျှ ထိခိုက်နစ်နာရတဲ့ ပြည်သူတွေ၊ အသက်ပါဆုံးရှုံးရတဲ့ ပြည်သူ့ဘက်တော်သားတွေရဲ့ သတင်းတွေ ကြားသိရတာလည်း အင်မတန် စိတ်ထိခိုက်ရပါတယ်။ ဒီလို သတင်းတွေ ကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ -နံပါတ် (၁) က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ -နံပါတ် ( ၂ ) က တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကို အကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်။ ဒီ ၂ ချက်ကို ကျွန်တော်တို့ အစိုးရနဲ့ နောင်အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွေမှာ သေသေချာချာ စီစဉ်သွားဖို့ လိုအပ် ပါလိမ့်မယ်။  တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်၊ ဝေဝေဝါးဝါးဖြစ်စေမယ့် နည်းလမ်းတွေ သုံးလာမှာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ အပတ်အတွင်းမှာ နယ်စပ်ဒေသဘက်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း    IMM အစည်းအဝေးမှာ တိုင်ပင်ဆွေးနွေးကြတယ်လို့ ကြားသိရပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက်လည်း ချက်ချင်းကူညီနိုင်တာ ကူညီ ဆောင်ရွက်ကြသလို ထပ်မံပြီးလည်း အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေကို ဝိုင်းဝန်း ဆွေးနွေး အကြံပြုပေးကြတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြား လိုပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းက ပြည်သူတွေ၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာတဲ့ ပြည်သူတွေ အားလုံးဟာ ဒုက္ခမျိုးစုံခံနေရတာကြောင့် ဒီဒုက္ခတွေရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့၊ တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတွက်ကိုတော့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်စုတစ်စည်းတည်း လက်တွဲပြီး ချီတက်နိုင်ဖို့ဆိုတာကတော့ အရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါတယ်။  ဒီတော်လှန်ရေးဟာ နိုင်ငံရေးကဏ္ဍတစ်ခုတည်းနဲ့ သွားလို့ရတဲ့ တော်လှန်ရေး မဟုတ်သလို စစ်ရေးချည်း သီးသန့်နဲ့ အဖြေရှာနိုင်မယ့် တော်လှန်ရေးလည်း မဟုတ်ပါဘူး။ ရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်း များစွာ တည်ရှိနေတဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်တာမို့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို မလစ်ဟင်းစေဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍအလျောက်၊ ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍအလျောက်၊ လူသားစာနာဝန်ကြီးဌာနကလည်း လူသား စာနာ ကဏ္ဍအလျောက် ဟန်ချက်ညီညီ ထောင့်စေ့အောင် စီမံသွားကြဖို့ တိုက်တွန်းလိုပါတယ်။ မနေ့က ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး မှာ အခွန်ဘဏ္ဍာတွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း မြေပြင်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိ၊ ညီညီမျှမျှ အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ဖို့လည်း ကြိုးစားအားထုတ်ကြဖို့ လိုမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံမှုအပိုင်းမှာလည်း မြေပြင်မှာ ကောက်ခံတဲ့ အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်အဆက်မိမိ မူဝါဒ၊ လုပ်ပိုင်ခွင့်တွေနဲ့အညီ ဖြစ်စေဖို့ ဝန်ကြီးဌာနများမှ စနစ်တကျ ကြီးကြပ်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်။  ဒီနေ့အစည်းအဝေးမှာ တင်ပြမယ့် နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းမှုကော်မရှင်ရဲ့ International Donor များနဲ့ တွေ့ဆုံမယ့်ကိစ္စဟာဆိုရင်လည်း အင်မတန် အရေးကြီးတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ တော်လှန်ရေးရဲ့ ဘဏ္ဍာရေးကဏ္ဍအတွက် အထောက်အကူဖြစ်စေမယ့် အစီအစဉ်ဖြစ်တာကြောင့် ဝိုင်းဝန်းဆွေးနွေးပေးကြဖို့ တိုက်တွန်း ရင်း နိဂုံးချုပ်ပါတယ်။ အရေးတော်ပုံ အောင်နေပြီ...

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၆) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၉) ရက်      မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်တွင်းနိုင်ငံရေးရေချိန်နဲ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းတွေကြားမှာ ချိတ်ဆက်ရပ်တည်နေရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ အင်အားကို ယုံကြည်ပါတယ်။ ပြည်ပရောက် မြန်မာပြည်သူလူထုရဲ့ အင်အားကိုလည်း လျော့မတွက်ပါဘူး။ ဒါ့အပြင် နိုင်ငံတကာ နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူမရှုပါဘူး။ ဒါကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ နိုင်ငံရေး သဘောထားပဲ ဖြစ်ပါတယ်။      ပြည်သူလူထုရဲ့ သဘောထားဆိုတာ အတက်အကျ အနိမ့်အမြင့်တွေ ရှိနေတတ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားကိုလည်း သိမြင်နားလည်အောင် လုပ်ရပါလိမ့်မယ်။ နိုင်ငံတကာရဲ့အားနဲ့ ပြည်တွင်းကအားကို လိုက်လျောညီ ထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးဟာ အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိပါတယ်။      ပြည်တွင်းပြည်ပ အသီးသီးမှာရှိတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကလည်း နွေဦးတော်လှန်ရေးရဲ့ နဂိုမူလ ထောက်ပံ့ရေး အရင်းအမြစ်တွေ ဖြစ်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ ပြည်တွင်းက ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကို ကျွန်တော်တို့ သိမ်းကြုံးရယူထားဖို့ လိုသလို၊ နိုင်ငံတကာ အစိုးရတွေရဲ့ လေးစားယုံကြည်မှုကိုလည်း တည်ဆောက်ထားနိုင်ရပါလိမ့်မယ်။ လူထုရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုဟာ တရားဝင်အစိုးရ တစ်ရပ်ဖြစ်ခြင်းရဲ့ အဓိက အချက်ဖြစ်ပါတယ်။      နိုင်ငံတကာအသိုင်းအဝန်းရဲ့ သဘောထားတွေဟာ ပြည်တွင်းက လူထုရဲ့ သဘောထားတွေရဲ့ အရိပ် အယောင်နဲ့လည်း ချိတ်ဆက်ထင်ဟပ်နေတယ်လို့ ယူဆပါတယ်။ လူထုအားကို နိုင်ငံတကာအသိုက်အဝန်းက အလွန်အကျွံ မငြင်းဆန်ဝံ့ပါဘူး။ ဒါကို သိနားလည်ပြီး ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးပုံရိပ်ကို ပြည်တွင်းက လူထုရဲ့ သဘောထားနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘော ထားကို ပူးတွဲချိတ်ဆက်ထားကြဖို့ ဖြစ်ပါတယ်။      ကျွန်တော်တို့ သတိထားရမှာက နိုင်ငံတကာနိုင်ငံအားလုံးဟာ ကျွန်တော်တို့အတွက် အားလုံးမိတ်ဆွေတွေဖြစ်ဖို့ ခဲယဉ်းပေမယ့် သူတို့ကို ကျွန်တော်တို့နဲ့ ရန်သူတွေ မဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေ များပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ နိုင်ငံတကာရဲ့ အင်အားနဲ့ ပြည်တွင်းလူထုရဲ့ အင်အားကို ချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲကို ကျွန်တော်တို့ အားလုံး အတူ တကွ လက်တွဲကြိုးပမ်းပြီး ချီတက်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ် ခင်ဗျား….။ အရေးတော်ပုံ မုချအောင်မြင်ရမည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

နိုင်ငံတကာရဲ့ အားနဲ့ ပြည်တွင်းက အားကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား နိုဝင်ဘာ ၂၉ ၊ ၂၀၂၂အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၇၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ် ခဲ့ကြ ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “မြန်မာ့နွေဦးတော်လှန်ရေးဟာ ပြည်တွင်းနိုင်ငံရေးရေချိန်နဲ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းတွေကြားမှာ ချိတ်ဆက်ရပ်တည်နေရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ အင်အားကို ယုံကြည်ပါတယ်။ ပြည်ပရောက် မြန်မာပြည်သူလူထုရဲ့ အင်အားကိုလည်း လျော့မတွက်ပါဘူး။ ဒါ့အပြင် နိုင်ငံတကာနိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူမရှုပါဘူး။ ဒါပေမယ့် တော်လှန်ရေးတစ်ခုမှာ အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာ ရှိထားရေးဟာ အရေးကြီးပါတယ်။ ဒါကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ နိုင်ငံရေးသဘောထားပဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားဆိုတာ အတက်အကျ အနိမ့်အမြင့်တွေ ရှိနေတတ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ နိုင်ငံတွေမှာလည်း သီးခြားနိုင်ငံရေးအာဂျင်ဒါတွေ ရှိတတ်ကြပြီး နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောထား တိမ်းညွှတ်မှုတွေကို စနစ်တကျ ဆန်းစစ်သုံးသပ်ပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေတွေကို  ထည့်သုံးရပါလိမ့် မယ်။ ပြည်သူလူထုရဲ့ သဘောထားကိုလည်း ခြေခြေမြစ်မြစ် သိမြင်နားလည်အောင် လုပ်ရပါလိမ့်မယ်။ နိုင်ငံတကာရဲ့ အားနဲ့ ပြည်တွင်းက အားကို လိုက်လျောညီထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိပါတယ်။ အထူး သဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောထား အခြေအနေကို လက်တွေ့ ကျကျ သိမြင်နားလည်ထားပြီး ကတ်ဘိနက် အဖွဲ့ဝင်များနှင့် ချိတ်ဆက်ကာ အချိန်နှင့်တပြေးညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ဒါအပြင် ပြည်တွင်းပြည်ပရောက် မြန်မာနိုင်ငံသားတွေက နွေဦးတော်လှန်ရေး နဂိုမူလထောက်ပံ့ရေး အရင်း အမြစ်တွေ ဖြစ်တယ်ဆိုတာနဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှု မရှိတော့တဲ့ အစိုးရတွေက ရေရှည်ရပ်တည်ဖို့ ခဲယဉ်း တယ်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုထောက်ခံမှု မြင့်မားအောင်လုပ်ဖို့ လိုတယ်ဆိုပြီး တော့ ယာယီသမ္မတက တိုက်တွန်းထားပါတယ်။ လူထုထောက်ခံစေချင်ဇောနဲ့ လက်တွေ့နဲ့ ကင်းကွာတဲ့ မျှော် လင့်ချက်တွေကို အထိန်းအကွပ်မဲ့ ပြောဆိုလုပ်ဆောင်တာတွေကို တက်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အတွက်လည်း သတိပေးပြောကြားထားပါတယ်။ဆက်လက်ပြီးတော့လည်း “နိုင်ငံတကာအသိုင်းအဝန်းရဲ့ သဘောထားတွေဟာ ပြည်တွင်းက လူထုရဲ့ သဘောထားတွေရဲ့ အရိပ်အယောင်နဲ့ လည်း ချိတ်ဆက် ထင်ဟပ်နေတယ်လို့ ယူဆပါတယ်။ လူထုအားကို နိုင်ငံတကာအသိုက်အဝန်းက အလွန်အကျွံ မငြင်းဆန်ဝံ့ပါဘူး။ ဒါကို သိနားလည်ပြီး ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးပုံရိပ်ကို ပြည်တွင်းက လူထုရဲ့ သဘောထားနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောထားကို ပူးတွဲချိတ်ဆက်ထားကြဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာ အကူအညီတွေဟာ ပြည်တွင်းက ပြည်သူလူထုရဲ့ သဘောထားရေချိန်ကို ကြည့်ပြီး အနိမ့်အမြင့် အတက်အကျ ရှိနေတတ်ပါတယ်။ ဒီသဘောတရားကို သတိချပ်ပြီး နွေဦးတော်လှန်ရေးရဲ့ အရှိန်ကို လိုက်လျောညီထွေရှိရှိ စီမံတွန်းတင်ကြဖို့ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတက ပြောကြားလိုက်ပါ တယ်။နိုင်ငံတကာကို ကြည့်ရင် နိုင်ငံအားလုံးဟာ မိတ်ဆွေတွေ ဖြစ်ဖို့ ခဲယဉ်းပေမယ့် ရန်သူတွေ မဖြစ်အောင်လုပ်ရ မယ်ဆိုတာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် အားလုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေ များပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့အတွက်လည်း ယာယီသမ္မတက တိုက်တွန်း ပြောကြားထားပါတယ်။ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “ဒီတစ်ပတ်အတွင်း တော်လှန်ရေးအနေအထားက နိုင်ငံရေးဘက်မှာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်လာတာတွေ ရှိသလို စစ်ရေးအပိုင်းကလည်း လှုပ်ရှားမှု ပိုမို အားကောင်းလာတဲ့ နေရာတွေ ရှိတာ တွေ့ရပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ များလာတာနဲ့     အမျှ ထိခိုက် နစ်နာရတဲ့ ပြည်သူတွေ၊ အသက်ပါဆုံးရှုံးရတဲ့ ပြည်သူ့ဘက်တော်သားတွေရဲ့ သတင်းတွေ ကြားသိရတာလည်း အင်မတန် စိတ်ထိခိုက်ရပါတယ်။ ဒီလို သတင်းတွေ ကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ နံပါတ် (၁) က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေ ထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ နံပါတ် ( ၂ ) က တော်လှန် ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကို အကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်။ ဒီဒုတိယအချက်ကိုတော့ ကျွန်တော်တို့ အစိုးရနဲ့ နောင် အသွင်ကူးပြောင်းရေး အစိုးရလက်ထက်တွေမှာ သေသေချာချာ စီစဉ်သွားဖို့ လိုအပ် ပါလိမ့်မယ်။ နောက်တစ်ခု ပြောကြားလိုတာကတော့ အရင်ကလည်း ပြောခဲ့ဖူးသလို တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ အကြမ်း ဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမယ့်၊ ဝေဝေဝါးဝါး ဖြစ်စေမယ့် နည်းလမ်းတွေ သုံးလာမှာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ် နည်းလမ်းတွေပဲ ဖြစ်ပါ တယ်။ ဒါတွေအပေါ်မှာ ကျွန်တော်တို့ အစိုးရအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်မှုတွေ၊ လေ့လာမှုတွေနဲ့ ပြည်သူကို နည်းလမ်းမှန်စွာ ဦးဆောင်မှုပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ ဖြစ်ပေါ်လာတဲ့ အရေးကိစ္စတွေအတွက် ကြေကြေလည်လည် တိုင်ပင်ဆွေးနွေးကြ ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ကော်မတီတွေကို ချက်ချင်း အစည်းအဝေးတွေ ခေါ်ပြီး လုပ်ရမှာတွေ    ရှိသလို ဒီလို အစိုးရအဖွဲ့အစည်းအဝေးတွေမှာလည်း ဆွေးနွေးရမယ့် ကိစ္စမျိုးတွေ ရှိရင် ဆွေးနွေးစေချင်ပါတယ်။ ကျွန်တော်တို့က တော်လှန်ရေးအစိုးရ ဖြစ်တာ ကြောင့် အရေးပေါ်ရင် ပေါ်သလို စီမံဆောင်ရွက်ရမှာတွေအတွက် နှောင့်နှေးမှုတွေ မဖြစ်အောင် ဝိုင်းဝန်းကြိုး စား ပေးကြဖို့ တိုက်တွန်းလိုပါတယ်။” ပြောကြားလိုက်ပါတယ်။ဒါအပြင် နယ်စပ်ဒေသဘက်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ CDM ဝန်ထမ်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး IMM အစည်းအဝေးမှာ တိုင်ပင်ဆွေးနွေးခဲ့တယ်ဆိုတာ၊ တိမ်းရှောင်လာရသူတွေက ဒုက္ခမျိုးစုံရင်ဆိုင်နေရပြီး အဲဒါတွေရဲ့ အဓိကရင်းမြစ်က အကြမ်းဖက်စစ်ကောင်စီဖြစ်ပြီး အမြစ်ဖြတ်နိုင်ဖို့အ တွက် တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်စုတစ်စည်းတည်း လက်တွဲ လုပ် ဆောင်ရမှာတွေကို ဝန်ကြီးချုပ်က ပြောထားပါတယ်။ပြည်တွင်းက ပြည်သူတွေ၊ နယ်စပ်ဒေသတွေကို တိမ်းရှောင်လာတဲ့ ပြည်သူတွေ အားလုံးဟာ ဒုက္ခမျိုးစုံခံနေရတာကြောင့် ဒီဒုက္ခတွေရဲ့ အဓိက အရင်းအမြစ်ဖြစ်တဲ့၊ တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတွက်ကိုတော့ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားမဟာမိတ် ERO တွေ တစ်စုတစ်စည်းတည်း လက်တွဲပြီး ချီတက်နိုင်ဖို့ဆိုတာကတော့ အရေးအကြီးဆုံး လုပ်ငန်းစဉ် တစ်ရပ် ဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း “ဒီတော်လှန်ရေးဟာ နိုင်ငံရေးကဏ္ဍတစ်ခုတည်းနဲ့ သွားလို့ရတဲ့ တော်လှန်ရေး မဟုတ်သလို စစ်ရေးချည်း သီးသန့်နဲ့ အဖြေရှာနိုင်မယ့် တော်လှန်ရေးလည်း မဟုတ်ပါဘူး။ ရက်စက်ယုတ်မာ လွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်း များစွာ တည်ရှိနေတဲ့၊ မဖြေရှင်း နိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်တာမို့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို မလစ်ဟင်းစေဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍအလျောက်၊ ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍအလျောက်၊ လူသားစာနာဝန်ကြီးဌာနကလည်း လူသား စာနာ ကဏ္ဍအလျောက် ဟန်ချက်ညီညီ ထောင့်စေ့အောင် စီမံသွားကြဖို့ တိုက်တွန်းလိုပါတယ်။ မနေ့ ကဆိုရင် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး လုပ်ခဲ့ပါတယ်။ အခွန်ဘဏ္ဍာ တွေကို ကဏ္ဍအလိုက် ကောက်ခံလာနိုင်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကိုလည်း မြေပြင်မှာ ပြဿနာ တစ်စုံတစ်ရာ မရှိ၊ ညီညီမျှမျှ အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ဖို့လည်း ကြိုးစားအားထုတ်ကြဖို့ လိုမှာ ဖြစ်ပါတယ်။ အခွန်ကောက်ခံမှုအပိုင်းမှာလည်း မြေပြင်မှာ ကောက်ခံတဲ့ အဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အချိတ်အဆက်မိမိ မူဝါဒ၊ လုပ်ပိုင်ခွင့်တွေနဲ့အညီ ဖြစ်စေဖို့ ဝန်ကြီးဌာနများမှ စနစ်တကျ ကြီးကြပ်ပေးဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။မဟာမိတ်ဆက်ဆံရေးကို အထူးအလေးပေးပြီး စနစ်တကျ စီမံနိုင်ဖို့လိုတယ်၊ ကဏ္ဍအလိုက် ချိတ်ဆက်ဆောင် ရွက်နေတဲ့ ဝန်ကြီးဌာနတွေ၊ မဟာမိတ်ဆက်ဆံရေး ကော်မတီတွေ၊ ကာကွယ်ရေးဝန်ကြီးဌာနတွေအားလုံး တိုင်တိုင်ပင်ပင် ချိတ်ဆက်ပြီး ခိုင်မာတိကျတဲ့ မူဝါဒတစ်ခုနဲ့ စီမံဆောင်ရွက်သွားနိုင်ဖို့ လိုအပ်တယ်ဆိုပြီးတော့ လည်း တိုက်တွန်းပြောကြားထားပါတယ်။အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက IACC လုပ်ငန်းအဖွဲ့မှ International Donor များနဲ့ တွေ့ဆုံရန် ပြင်ဆင်ထားရှိတဲ့ ဆွေးနွေးချက်တွေကို တင်ပြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ဆွေးနွေးတင်ပြ လာတာတွေကို ပြည် ထောင်စု ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးတာ၊ ယာယီသမ္မတက နိဂုံးချုပ် အမှာ စကားပြောကြားတာ တွေပြုလုပ်အပြီးမှာ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါတယ်။

ကယန်းနှစ်သစ်ကူးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

ကယန်းနှစ်သစ်ကူးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရကယန်းနှစ်သစ်ကူးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရကပေးပို့သည့်သဝဏ်လွှာ(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်)ယနေ့တွင် ကျရောက်သည့် ၂၇၆၂ ခုနှစ်မြောက် ကယန်းနှစ်သစ်ကူးနေ့တွင် ကယန်းပြည်သူအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။  မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ဝင်ရောက်အခြေချနေထိုင်ခဲ့ကြသော ပျူ၊ သက်၊ ကမ်းယံ မျိုးနွယ်စုမှ ဆင်းသက်လာခဲ့ကြသည့် ကယန်းအမျိုးသားများ မြန်မာနိုင်ငံအတွင်းသို့ အကုန်အစင်ရောက်ရှိခဲ့သည့် ဘီစီ (၇၃၉) ခုနှစ်မှ စတင်ရေတွက်၍ ကယန်းနှစ်သစ်ကူးအဖြစ် သတ်မှတ်လာခဲ့သည်မှာ (၂၇၆၂) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။ နှစ်သစ်ကူးအချိန်သည် နှစ်ဟောင်းတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည် ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်တွင် သာ၍ကောင်းမွန်သော ကောင်းကျိုးများရရှိရန်အတွက် ခွန်အားသစ်များ မွေးဖွားရသည့် အချိန်ကာလဖြစ်ပါသည်။ နှစ်သစ်ကိုကြိုဆိုရင်း ကယန်းလူမျိုးတို့၏ သမိုင်းအဆက်ဆက်က ဂုဏ်ဝင့်ထည်စွာဖြင့် လက်ဆင့်ကမ်းလာခဲ့သော စာပေ၊ ဂီတ၊ အနုပညာ၊ စားဖွယ်သောက်ဖွယ် စုံလင်စွာဖြင့် ပွဲလမ်းသဘင်များ ကျင်းပရမည့် အချိန်ကာလလည်း ဖြစ်ပါသည်။ သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ချယ်လှယ်မှုများကြောင့် တစ်နိုင်ငံလုံး အထွေထွေ ဒုက္ခအကြပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ကယန်းပြည်သူမြောက်များစွာ တို့သည်လည်း ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရွံ့ထိတ်လန့်စိတ်ဖြင့် သော်လည်းကောင်း၊ စစ်ဘေးရှောင်ဘဝဖြင့် သော်လည်းကောင်း ကယန်းနှစ်သစ်ကူး အချိန်အခါအား ဖြတ်သန်းနေကြရသည်ကို များစွာ ဝမ်းနည်း ကြေကွဲရပါသည်။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဤပြည်ထောင်စုအတွင်း ဖြစ်တည်ခဲ့သော ခေတ်အဆက်ဆက် သံသယများ၊ ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိသော စည်းလုံးငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းကြရင်း ကယန်းတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်သူအားလုံးတို့သည် ယနေ့ရင်ဆိုင်နေကြရသော ဒုက္ခအခက်အခဲများမှ အလျင်အမြန် လွတ်မြောက် ကြပါစေဟု နှစ်သစ်ကူးအခါသမယတွင် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်      တိုင်းပြည်မတည်ငြိမ်ရင်သော်လည်းကောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ရင်သော်လည်းကောင်း ပထမဆုံး ခံစားရတာကတော့ လူထုရဲ့လုံခြုံရေးနဲ့ စားဝတ် နေရေးကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၀ ခုနှစ်မှစတင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးခရီးသို့ လျှောက်လှမ်းခဲ့ရာ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရှိခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ သို့သော် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ မြန်မာပြည်မှာ စီးပွားရေးမတည်ငြိမ်မှုဖြစ်လာခဲ့တယ်။ စီးပွားရေး မတည်ငြိမ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိခဲ့ပါတယ်။ အဲသည့်အထဲမှာ အဆိုးရွားဆုံးကတော့ ငွေကြေးဖောင်းပွမှု အလွန်အကျွံမြင့်မားလာခြင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဆုတ်ယုတ်ပျက်ပြားသွားခြင်းတွေဖြစ်တယ်လို့ တွေ့မြင်ရပါတယ်။      အတိတ်သမိုင်းမှာ မြန်မာပြည်ဟာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံစာရင်းမှာလည်း ဝင်ခဲ့ပြီးပြီ။ ဆင်းရဲမွဲတေမှု အမြင့်မားဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ပြီးပါပြီ။ အခုလည်း အကြမ်းဖက်မင်းအောင်လှိုင်နှင့် စစ်အုပ်စုကြောင့် တိုင်းပြည်ရဲ့ လူထုဟာ ဆင်းရဲမွဲတေမှု တွင်းဆုံးကျနေပါပြီ။ စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို မြန်မာစစ်အုပ်စုနဲ့ စစ်တပ်အသိုင်းအဝိုင်း အဓိကလုပ် ဆောင်တယ်။ ခရိုနီ လူတန်းစားဆိုတာလည်း စစ်အုပ်ချုပ်ရေးကာလတွေမှာပဲ ပေါ်ထွက်လာတာဖြစ်ပါတယ်။ အခု ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကလည်း မြန်မာစစ်တပ်ဟာ တိုင်းပြည်မှာရှိတဲ့ စီးပွားရေး အရင်းအမြစ်အသီးသီးကို နှစ်ပေါင်းများစွာ ဂုတ်သွေးစုပ်ခြယ်လှယ်ဖို့ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။      တိုင်းပြည်အတွင်းမှာ လူတစ်စု/ လူတစ်ဖွဲ့ကပဲ နိုင်ငံအတွင်းက စီးပွားရေးအရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်နဲ့ ကုန်ထုတ်စွမ်းအားစုအားလုံးကို လက်ဝါးကြီးအုပ်ထားခြင်းဟာ တိုင်းပြည်ဆင်းရဲမွဲတေ ခြင်းရဲ့ အဓိက ဇာစ်မြစ်ဖြစ်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိမြန်မာ့ နွေဦးတော် လှန်ရေး အတွင်းမှာ နိုင်ငံရေးအရ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေကိုလည်း တွန်းလှန်ဖြိုဖျက်ပစ်ရမယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ ဒီအချက်ကို အထူးစဉ်းစား ကြဖို့လိုပါတယ်။      တိုင်းပြည်ရဲ့ စီးပွားရေးအဆောက်အအုံတစ်ခုလုံးဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေခံအဆောက်အအုံ အပေါ်မှာတည်ပြီး ဖွဲ့စည်းရတာဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ အပြန်အလှန် ဆက်စပ်ဖြစ်တည်နေပါတယ်။ နိုင်ငံရေးမကောင်းရင် တိုင်းပြည်စီးပွားရေးလည်း မကောင်းနိုင်ပါဘူး။ စီးပွားရေး နလန်မထူနိုင်ရင် နိုင်ငံရေးပဋိပက္ခသစ်တွေကိုလည်း ပြန်လည်ဖန်တီးနိုင်ပါသေးတယ်။ ဒီလို အပြန်အလှန်ဆက်စပ်ဖြစ်တည်မှုကို မြင်အောင်ကြည့်ပြီး လူထုရဲ့နေ့စဉ် စားဝတ်နေရေးအတွက် ကျွန်တော်တို့တတွေ လုံ့လထုတ်ကြဖို့ လိုတယ်လို့မြင်ပါတယ်။      လူထုရဲ့ နေ့စဉ်စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့် အလမ်းတွေကို သွယ် ဝိုက်သောနည်းနဲ့သော်လည်းကောင်း၊ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း ကြိုးပမ်းအားထုတ်ရမှာတွေရှိပါတယ်။ အာဏာရှင်စနစ်ကြောင့် လူထုဟာ အသက်နဲ့ ခန္ဓာလုံခြုံမှုလည်း ကင်းမဲ့နေတယ်။ လူထုရဲ့ ဓနဥစ္စာ ပိုင်ဆိုင်မှုတွေကလည်း မလုံခြုံဘူး။ အခုဆိုရင် မြို့ကြီးပြကြီးတွေမှာ နေ့စဉ်လိုလို ရာဇဝတ်မှုတွေနဲ့ သတ်ဖြတ်လုယက်မှုတွေ ဖြစ်ပွားနေတယ်။ တောနဲ့ တောင်ပေါ်ဒေသတွေမှာလည်း လူထုရဲ့ အသက်နဲ့ ဥစ္စာဓနက ဖျက်လိုဖျက်စီး အလုပ်ခံနေရတယ်။      လက်နက်ကိုင်ပဋိပက္ခ ရှည်ကြာလာတာနဲ့အမျှ တိုင်းပြည်နဲ့ လူထုဟာ ဆိုးသထက် ဆိုးရွားလာဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်က ဒီနေရာကနေ အထူးတိုက်တွန်းချင်တာ တစ်ခုရှိပါတယ်။ အဲဒါကတော့ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် ချေမှုန်း သုတ်သင်နိုင်ရေးသာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုတစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့ တွန်းလှန်ဖြိုဖျက်ဖို့ လိုအပ်နေပါတယ်။      မြန်မာစစ်အုပ်စုတစ်ခုလုံးကို အလျင်အမြန် မသုတ်သင် မချေမှုန်းနိုင်သရွေ့ ပြည်သူလူထုဟာ နေ့စဉ်နဲ့ အမျှ စိတ်၏သောက၊ ကိုယ့်၏ ဒုက္ခနဲ့ ကြုံတွေ့နေရအုံးမှာ ဖြစ်ပါတယ်။ လူထုရဲ့ အထွေထွေလုံခြုံမှုနဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးကလည်း ချောင်လည်နိုင်ဖို့ မျှော်လင့်ဖို့ အလွန်ခက်ခဲနေပါလိမ့်မယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရ တစ်ရပ်အနေနဲ့ လူထုရှေ့မှာ မားမား မတ်မတ်ရပ်တည်နေတဲ့ အစိုးရဖြစ်ပေမယ့် တစ်ဖက်မှာလည်း တည်ဆောက်ရေးအတွက် လူထုအားကိုး အားထားထိုက်တဲ့ အစိုးရတစ်ရပ် ဖြစ်နေဖို့ ကြိုးစားနေရပါလိမ့်မယ်။ လက်ရှိကျွန်တော် တင်ပြတဲ့ အကြောင်းအချက်တွေ ကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံး အလေးအနက်ထားစဉ်းစားပြီး အားထုတ်လုပ်ဆောင်ကြဖို့ ကျွန်တော့်အနေနဲ့ အထူးတိုက်တွန်းရင်း  နိဂုံးချုပ်ပါတယ် ခင်ဗျား….။ အရေးတော်ပုံမုချအောင်ရမည်......

NUG ယာယီသမ္မတတိုက်တွန်းပြောကြားသည့် ‘အမျိုးသားရေး’ ဆိုတဲ့စကားလုံးဝေါဟာရ

NUG ယာယီသမ္မတတိုက်တွန်းပြောကြားသည့် ‘အမျိုးသားရေး’ ဆိုတဲ့စကားလုံးဝေါဟာရ

‘အမျိုးသားရေး’ ဆိုတဲ့စကားလုံးဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန်နဲ့ နှစ်ပေါင်း (၇၀) ကျော်အတွင်းမရခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို NUG လက်ထက်မှာရရှိ အောင်တည်ဆောက်လိုကြောင်း NUG ယာယီသမ္မတတိုက်တွန်းပြောကြားနိုဝင်ဘာ ၁၇ ၊ ၂၀၂၂ ‘အမျိုးသားရေး’ ဟူသည့် စကားလုံးဝေါဟာရမှာ ပြည်ထောင်စုတစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြရန်နဲ့ နှစ်ပေါင်း (၇၀) ကျော်အတွင်းမရခဲ့ဖူးတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို NUG လက်ထက်မှာရရှိ အောင်တည်ဆောက်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှိးလက နိုဝင်ဘာ ၁၇ ရက် မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပပြုလုပ်တဲ့ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနားမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။“  “အမျိုးသား” ဆိုတဲ့ စကားလုံးဝေါဟာရ အနက်ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြဖို့ လိုတယ်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ လူမျိုးပေါင်းစုံ ရှိပေမယ့် လူမျိုး တစ်မျိုးချင်းစီဟာ “အမျိုးသားရေး” လို့ပြောရင် ကိုယ့်သွေးသားဗီဇနဲ့ တိုက်ရိုက် ဆက် စပ်နေတဲ့ လူမျိုး ရေးလို့ပဲ တွေးထင်တတ်ကြပါတယ်။ ‘အမျိုးသားရေး’ ဆိုတဲ့ စကားလုံးဟာ ပိုပြီး ကျယ်ပြန့်တဲ့ အနက်သ ဘောဆောင်ပြီး ကျွန်တော်တို့ ပြည်ထောင်စု တစ်မျိုးသားလုံးကို ကိုယ်စားပြုပါတယ်” ယာယီသမ္မတက ပြောကြားပါတယ်။ဒါ့အပြင် တစ်ဆက်တစ်စပ်တည်းရှိတဲ့ ရေ ၊ မြေ  ပြည်ထောင်စုသားအားလုံး စုပေါင်းမျှဝေလက်ခံထားတဲ့ တန်ဖိုးတွေ၊ ဓလေ့တွေ၊ အတွေးအခေါ်ယုံကြည်မှုတွေကို ကိုယ်စားပြုကြောင်း။ ပြည်ထောင်စုသားတွေမှာ မတူကွဲပြားမှုတွေရှိတယ်လို့ ဘယ်လိုပဲပြောပြော အားလုံးရဲ့ အခြေခံ အုတ်မြစ်တွေတူညီတာကို တွေ့ရ ကြောင်း အတိတ်သမိုင်းကိုလေ့လာကြည့်ပါကလည်း လာရာ တူသလို – လားရာလည်း တူညီနေတာကို တွေ့ရကြောင်းနဲ့ အားလုံးနဲ့သက်ဆိုင်တဲ့ အခြေခံအမျိုးသားရေးလက္ခဏာတွေဖြစ်တယ်လို့ ယာယီ သမ္မတက ပြောကြားပါတယ်။“ နိုင်ငံသစ်တည်ဆောက်ရာမှာ အတွေးအခေါ်သစ်၊ အမြော် အမြင်သစ်၊ စိတ်ဓာတ်ခွန်အား အသစ်တွေ နဲ့ သိုင်းဝိုင်းတည်ဆောက်ဖို့ ကြိုးစားကြမယ်။ ကျွန်တော်တို့တတွေ တစ်ဦးကိုတစ်ဦး ယခင်ကထက် ပိုပြီး ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားကြဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ကြိုးစားတည်ဆောက် ကြမယ်။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်အတွင်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အမျိုးသား စည်းလုံးညီညွတ် ရေးကို ကျွန်တော်တို့တတွေရဲ့ လက်ထက်မှာရအောင် တည်ဆောက်ချင်ပါတယ်”လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။ မတူကွဲပြားမှုတွေဘယ်လောက်ရှိနေပါစေ အခြေခံဘုံတူညီမှုတွေ ရှိထားပြီးဖြစ်လို့ ယခုလက်ရှိ အခြေအနေ မှာ ပြည်ထောင်စုသားအားလုံးရဲ့  အမျိုးသားစည်းလုံးညီညွတ်ရေးကို ခိုင်မာကျစ်လစ်စွာနဲ့ ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်မယ်လို့ယုံကြည်ထားကြောင်း အမျိုးသားညီညွတ်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သုတ် သင် ချေမှုန်းကို အမျိုးသားတော်လှန်ရေး တစ်ရပ်အဖြစ် အားလုံး စိတ်ရောကိုယ်ပါ အားစိုက်လုပ်ဆောင်ကြ ဖို့ ယာယီသမ္မတကဆက်လက်တိုက်တွန်းခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သို့ သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရက (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့သို့ သဝဏ်လွှာပေးပို့

နိုဝင်ဘာ ၁၇ ၊ ၂၀၂၂ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ကျရောက်တဲ့ (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲ နေ့သို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာထဲမှာ နိုဝင်ဘာလ ၁၇ ရက် (ဒီနေ့)မှာ ကျရောက်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ (၁၀၂) နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အခါသမယမှာ နိုင်ငံသူနိုင်ငံသားအပေါင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး ဘေးအန္တရာယ် အပေါင်း ကင်းဝေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်လို့ ဖော်ပြထားပါတယ်။(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့က နယ်ချဲ့အာဏာရှင်စနစ်ကို တိုင်းရင်းသား မိဘပြည်သူအားလုံးက စုစည်းညီညွတ် စွာနဲ့ ဆန့်ကျင်တော်လှန်ခဲ့တာ သာမက လက်ရှိစစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားမှုကိုလည်းအ ထောက်အကူပြုစေလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယုံကြည်တယ်ဆိုပြီး ဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားမိဘပြည်သူတွေနဲ့အတူ  အကြမ်းဖက်စစ်အာဏာရှင် လက်အောက်မှ ‌လွတ်မြောက်ရေးအတွက်  ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးကို အလေးပေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒီနေ့ကျရောက်တဲ့ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ ထပ်လောင်း သန္နိဋ္ဌာန်ပြုတယ်ဆို ပြီးတော့ ဖော်ပြထားတာ တွေ့ရပါတယ်။နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက် (၁၉၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ၅ရက်)နေ့မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက် ဆန့်ကျင်ခဲ့တဲ့နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။