အမျိုးသားညီညွတ်ရေးအစိုးရ ၁၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၀/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◼ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအားလုံးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြတယ်လို့ ယာယီသမ္မတပြောကြား

မတ် ၁၂  ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “နွေဦးတော်လှန်ရေးကာလအတွင်းမှာ တွေ့ရတဲ့ ခုခံတော်လှန် စစ်တိုက်ပွဲတွေနဲ့ တိုင်းရင်းသား လွတ်မြောက်ရေးတိုက်ပွဲတွေကို ယေဘုယျအားဖြင့် ခြုံငုံကြည့်ရင်၊ စစ်ရေးရလဒ်နဲ့ တော်လှန်ရေး ရလဒ်တွေ ထပ်တူကျတဲ့ တိုက်ပွဲတွေ ရှိတာတွေ့ရပါတယ်။ စနစ်တကျ ကြိုတင်ပြင်ဆင်မှုနဲ့ ဗဟိုကွပ်ကဲမှုကောင်းမွန်တဲ့ ဒေသတွေမှာတော့ တော်လှန်ရေး ရလဒ်ကောင်းကိုလည်း တွေ့မြင်ခဲ့ရသလို၊ စစ်ရေးရလဒ်ကောင်းကိုလည်း ထပ်တူထပ်မျှ တွေ့ခဲ့ရပါ တယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအားလုံးဟာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လူထုတိုက်ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ လက်နက်အားဖြင့် ခုခံတော်လှန် တယ်ဆိုတဲ့ အဆင့်လောက်နဲ့ တင်းတိမ်နေလို့ မရပါဘူး။ စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ဖို့ အထူး လိုအပ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ထုတ်သုံးတဲ့ နိုင်ငံရေးဝှက်ဖဲတွေ နောက်မှာ မျောမသွားဘဲ၊ ကျွန်တော်တို့အနေနဲ့ “ကောက်ပင်ရိတ်လှီးသလို၊ တိခနဲ ဖြတ်ချရမယ့် တန်ပြန်မှုတွေ” ကို အမြော်အမြင် ရှိရှိ၊ ပြတ်ပြတ်သားသား လုပ်ဖို့ပဲ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက “စစ်မှုထမ်းဥပဒေ” နဲ့ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စမှာလည်း စစ်ရေးကိစ္စ တစ်ဝက် ၊ နိုင်ငံရေးကိစ္စ တစ်ဝက် ရောပြီး ခြေလှမ်းစတင် နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို တန်ပြန်တော်လှန် တဲ့အခါမှာ နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေလည်း ရှိနိုင်ပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ သတိချပ်ဖို့က စစ်ရေးကို စစ်ရေးကဲ့သို့ ပီပီပြင်ပြင် စဉ်းစားလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ မဟာဗျူဟာ စီမံချက်‌တွေဟာ ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ကြိုတင် တွက်ဆထားဖို့ လိုပါတယ်။ တကယ် အာနိသင်ရှိတဲ့ ဆေးနည်းက အင်မတန် ခါးလွန်းတာတွေလည်း ဖြစ်တတ်သလို၊ ဆေးမြီးတိုတွေက ဘေးထွက်ဆိုးကျိုးများတာလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ မဟာဗျူဟာ နည်းနာကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘူးလို့ ပြောချင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အနားတောင်းဖို့၊ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့ဟာ သံပူတုန်း နာနာနှက် ရမယ်လို့ ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးလှိုင်းတွေနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေး လှိုင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေကို ရောက်ပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသားလွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း / တစ်ထပ်တည်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ၊ ကျွန်တော်တို့ဟာ နိုင်ငံရေးသတိလက်လွတ် ပြောဆို၊ လုပ်ဆောင်တာမျိုးတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်။ 

” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ တည်ဆောက်ထားဖို့ ဖြစ်ကြောင်းနဲ့ တော်လှန် ရေးအလွန်ကာလ ရောက်မှ တည်ဆောက်ရေးအတွက် ဆိုင်းပြင်းတာမျိုး မဖြစ်စေဘဲ ကြိုတင် တည်ဆောက် ဖြည့်တင်းထားဖို့ အလေးအနက်ထား တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၇ ရက်နေ့ ကစပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ်ရန်အတွက် တိုက်ပွဲတွေစတင်ခဲ့ရာမှာ ၄ ရက် တာအတွင်း စခန်းပေါင်း (၂၀) ထိ သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ တကယ်တော့ ကချင်ခေါင်းဆောင်တွေနဲ့ ကချင်ပြည်သူတွေဟာ နွေဦးတော်လှန်ရေးစတင်ကတည်းက ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေနဲ့ အတူတကွ ပူးပေါင်းပြီး လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာ အားလုံးလည်း သိရှိပြီး ဖြစ်ပါတယ်။ ၁၀၂၇၊ ၁၁၁၁ စစ်ဆင်ရေးလှိုင်းများနဲ့အတူ ယခု ကချင်လွတ်လပ်ရေးတပ် မတော်ရဲ့ စစ်ဆင်ရေးကြီးဟာ ကချင်ပြည်နယ်အတွက်သာမက နွေဦးတော်လှန်ရေး ဆင်နွှဲနေ ကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားတဲ့ အောင်မြင် မှုတစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တဘက်က အောင်မြင်မှုနဲ့အတူ ပေးဆပ်လိုက် ရတဲ့ အရာတွေလည်း ရှိပါတယ်။ တိုက်ပွဲတွေမှာ တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေး လှူသွားကြတဲ့ သူရဲကောင်းအပေါင်းကိုလည်း ဝမ်းနည်းစွာနဲ့ လေးစားဦးညွတ်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်ချေ မှုန်းရင်း ရရှိလာတဲ့ အောင်မြင်မှုတွေကိုလည်း မျှဝေခံစားကြရမှာ ဖြစ်သလို ကြုံတွေ့ လာရတဲ့ ဘေးဒုက္ခတွေကိုလည်း မျှဝေခံစားကြပြီး တော်လှန်ရေးအဆုံးတိုင် အောင်မြင်မှုရရှိ နိုင်ရေး အင်အားအပြည့်နဲ့ ဆက်လက် ချီတက်ကြရမှာပဲဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “အကြမ်းဖက်စစ်ကောင်စီကတော့ နိုင်ငံအနှံ့က တော်လှန်ရေးအင်အားစုများရဲ့ ချေမှုန်း တိုက်ခိုက်တဲ့ ဒဏ်တွေကို နေ့စဥ်နဲ့အမျှခံနေရပြီး အင်အားတွေ ယုတ်လျော့လာတာကြောင့် အတင်းအဓမ္မစစ်သားစုဆောင်းမှုတွေ ပြုလုပ်လာရတဲ့အထိပဲ ဖြစ်နေပါပြီ။ စစ်သားစုဆောင်း ရာမှာလည်း ၎င်းတို့ကို ဆန့်ကျင်သူ၊ ထောက်ခံသူတောင် ခွဲခြားမနေနိုင်တော့ပဲ ရနိုင်သမျှ ဥပဒေမဲ့နည်းလမ်းတွေနဲ့ ပြည်သူကို စိတ်ဒုက္ခ၊ လူဒုက္ခပေါင်းစုံပေးပြီး ပြန်လမ်းမရှိတဲ့ ရှေ့တန်း စစ်မြေပြင်ကို လွှတ်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်‌တော်တို့ တော်လှန် ရေးအင်အားစုတွေကတော့ တောက်လျှောက် တိုင်ပင်ဆွေးနွေး ညှိနှိုင်းပြီး လုပ်ဆောင်သင့် တာတွေကိုလည်း ချက်ခြင်းဆောင်ရွက်နေကြတာ ရှိပါတယ်။ ဒီကနေ့မှာလည်း အကြမ်းဖက် စစ်တပ်၏ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေအား တော်လှန်ရေးအောင်မြင်မှုအတွက် အင်အားအဖြစ် မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ရေး အပြီးသတ်စီမံချက်ကို အတည်ပြုနိုင်ရေး ဆွေးနွေးကြမှာ ဖြစ်တာမို့ စီမံချက်အတိုင်း ဆက်လက် လုပ်ဆောင်ကြရမယ့် လုပ်ငန်းစဥ်တွေကို အင်တိုက်အားတိုက် ဆက်လက်ဆောင် ရွက်သွားဖို့ ဝန်ကြီးဌာနအသီးသီးကိုလည်း တပါတည်းတိုက်တွန်းချင်ပါတယ်။ တော်လှန်ရေး အစိုးရဖြစ်တာကြောင့် ကျွန်‌တော်တို့ အစိုးရအနေနဲ့ ဝန်ကြီးဌာန တာဝန် တွေထမ်းဆောင်ကြ တယ်ဆိုရာမှာ သာမန်လုပ်ရိုးလုပ်စဥ် ပုံစံမျိုးတွေမဟုတ်ပဲ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ မလစ်ဟင်းစေပဲ သတိထား စီမံကိုင်တွယ်နေကြရတာ ဖြစ်ပါတယ်။  ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် စိုးမိုးထိန်းချုပ်နိုင်တဲ့ နေရာဒေသတွေမှာတော့ နိုင်နိုင်နင်းနင်း စီမံနိုင်ဖို့ အင်မတန် အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးဖော်ဆောင်ရတဲ့ ကိစ္စဟာ အစိုးရတစ်ရပ်ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ဘယ်လောက်စီမံခန့်ခွဲမှုတွေ လုပ်နိုင်သလဲ၊ ဘယ်လောက်နိုင်နိုင်နင်းနင်း ရှိလဲဆိုတဲ့ မျက်နှာစာတစ်ခုလည်း ဖြစ်ကြောင်းနဲ့ အုပ်ချုပ်ရေးဖော်ဆောင် နေမှုအပိုင်းမှာလည်း ဝိုင်းဝန်းအားစိုက်ပေးကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ၊ မူဝါဒရေးရာဌာန ၊ ဌာနကြီးမှူး ဒေါက်တာအောင်အောင်မင်း က NUCC ၊ JCC-Education ၊ NUG-MOE (Interim Federal Education Council - IFEC) ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းနိုင်ရေးကိစ္စ တင်ပြတာ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းမှုကြောင့် ဖြစ်ပေါ် လာသော နိုင်ငံရေးအခြေအနေအား တော်လှန်ရေးအောင်မြင်မှုအတွက် အင်အားအဖြစ် မဟာဗျူဟာမြောက် ပြောင်းလဲနိုင်ရေး အပြီးသတ်စီမံချက် တင်ပြတာတွေကို ပြုလုပ်ခဲ့ပါတယ်။ 

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်းဆွေးနွေးအတည်ပြုပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။