အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON) တွေ့ဆုံပွဲ ကျင်းပပြုလုပ်

=====================================

ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနနှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ညနေ(၀၅:၀၀)နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း ဦးဆောင်ပြီး တွဲဘက်-အမြဲတမ်းအတွင်းဝန်နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC-MON)မှ ဥက္ကဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ တွေ့ဆုံပွဲတွင် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)ဖွဲ့စည်းထားရှိမှုအကြောင်းကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ပထမဦးစွာ ကောင်စီဖွဲ့စည်းထားရှိမှုအခြေအနေနှင့်ပတ်သက်ပြီး ကြိုဆိုပါကြောင်းနှင့် မွန်ပြည်နယ်ကဲ့သို့ အခြားသော ပြည်နယ်/ဖက်ဒရယ်ယူနစ်များတွင်လည်း အလားတူ CDM ကောင်စီများ ပေါ်ပေါက်ရန် CDM အောင်မြင်ရေးကော်မတီနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဆက်လက်ပြီး ကောင်စီမှ စီမံဆောင်ရွက်လျက်ရှိသည့် သင်တန်းရေးရာကိစ္စရပ်များတွင်လည်း ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ CDM နိုင်ငံ့ဝန်ထမ်းများ၏ CDM ပြုလုပ်မှုကို ခိုင်မာစေသည့် လုပ်ရပ်များ ကို လုပ်ဆောင်သွားမည်ဟု သိရှိရသည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း လမ်းညွှန်မှာကြားပြီး တက်ရောက်လာသူများမှလည်း အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ကာ တွေ့ဆုံဆွေးနွေးပွဲကို ည(၀၇:၁၅)နာရီအချိန်တွင် ရပ်နားခဲ့ကြပါသည်။

#MOFUA_NUG #NUG

#CCSCMON