(၆၁) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ်နေ့သို့ပေးပို့သည့် သဝဏ်လွှာ

(၆၁) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ်နေ့သို့ပေးပို့သည့် သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရhttps://nugmyanmar.org၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်၁။ ယနေ့သည် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO)  ဖွဲ့စည်းတည်ထောင် ခြင်း (၆၁) နှစ်မြောက် နေ့ထူးနေ့မြတ်ဖြစ်သည်။ ထို့အတူ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးကြိုးပမ်းမှု၏ အမှတ်သညာတစ်ခုလည်းဖြစ်သည်။ ၂။ ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ကချင်လွတ်လပ်ရေး အဖွဲ့သည် စတင်တည်ထောင်စဉ်က ကချင်လူမျိုးနှင့် ကချင်ဒေသလွတ်မြောက်ရေးအတွက် ရည်ရွယ်ခဲ့သော်လည်း၊ ယခုအခါ စစ်အာဏာရှင်လက်အောက် ကျရောက်နစ်မွန်းပြီး ဒုက္ခမျိုးစုံရင်ဆိုင်တွေ့ကြုံနေရလျက်ရှိသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအတွက်၊ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရှေ့မှ၊ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်နေပြီဖြစ်သည်။၃။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သည့် ကချင်တောင်တန်းဒေသသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိလာသည့်အခါ ပြည်ထောင်စုအဖွဲ့ဝင် ကချင်ပြည် နယ်အဖြစ် ပါဝင်လာခဲ့သည်။ သို့ရာတွင် ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရပေါ်ပေါက်လာခြင်း၊ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မြန်မာ့တပ်မတော်မှသိမ်းပိုက်ရယူလိုက်ခြင်းတို့နှင့်အတူ ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးရည်မှန်းချက်သည်လည်း မှေးမှိန်ပျောက်ကွယ် သွားခဲ့ရသည်။၄။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်မှနိုင်ငံတော်အာဏာကို ထပ်မံသိမ်းပိုက်ရယူလိုက် သည်သာမက စစ်အာဏာသိမ်းယူမှုကို အကြမ်းမဖက်ဆန့်ကျင်ကြသည့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်း သားပြည်သူများအား အကြမ်းဖက်နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်ကိုလုယူဖျက်ဆီးခြင်း၊ လူ့အခွင့်အရေးများချိုးဖောက်ခြင်းစသည်တို့ကို ပြုလုပ်လျက်ရှိရာ                       ကချင်လွတ်လပ်ရေးအဖွဲ့သည် ပြည်သူနှင့်အတူရပ်တည်လျက် ပြည်သူ့တပ်ဦးရှေ့မှ အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်လျက်ရှိသည်ကို တိုင်းရင်းသားပြည်သူများကိုယ်စား များစွာကျေးဇူးတင် ဂုဏ်ယူလျက်ရှိကြောင်း ဖော်ပြလိုသည်။၅။ ဤ (၆၁) နှစ်တာကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့အား ခေါင်းဆောင်မှုပေးခဲ့ကြသည့် အဆက်ဆက် သောခေါင်းဆောင်များနှင့်တကွ (၆၁) နှစ်တာကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့၏ဦးဆောင်မှုအောက်တွင် ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့်အမျိုးသမီး၊ အမျိုးသားများအားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုပါကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) ပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၈/၂၀၂၁) ပြုလုပ်

၁၉ အောက်တိုဘာလ ၂၀၂၁ယနေ့  အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး (၂၈/၂၀၂၁) ကိုကျင်းပခဲ့ပြီး အစည်းအဝေးမှာ ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။ ယာယီသမ္မတကြီးက အာဆီယံရဲ့ဆုံးဖြတ်ချက်များနှင့် စစ်ကောင်စီအပေါ်ကျရောက်နေသည့် ဖိအားများ ဟာ ဝမ်းနည်းပူဆွေးနေကြသည့် ပြည်သူ့များအတွက် ဝမ်းမြောက်ဖွယ်နေ့ရက်ဖြစ်ခဲ့ကြောင်း၊ စီးပွားရေးပိတ်ဆို့မှု များနှင့်ပါတ်သတ်ပြီး ချမှတ်ဖို့တိုက်တွန်းသည့် မူဝါဒများအနေဖြင့် မိမိတို့အခြေခံပြည်သူလူထုကို ကြီးမားစွာ ထိခိုက်စေမည့်အရာများကို သတိထားရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် စစ်ဗိုလ်များ မတရားကြီးပွားနေသည့် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ဝင်ငွေလမ်းကြောင်းကို ထိထိရောက်ရောက်ပိတ်ဆို့နိုင်ဖို့အရေးကြီးကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစိုးရသက်တမ်းကာလအားဖြင့် (၆) လသို့ ပြည့်မြောက်ပြီ ဖြစ်သောကြောင့်  (၆) လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏တော်လှန်ရေးခရီးအောင်မြင်မှုနှင့် ကျရှုံးမှုများ၊ စိန်ခေါ်မှုများကို သုံးသပ်ပြီး တော်လှန်ရေးအမြန်အောင်မြင်ဖို့ကြိုးပမ်းပြင်ဆင်သွားဖို့လိုကြောင်း များပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်က ဒီတစ်ပတ်အတွင်းမှာတော့ တော်လှန်ရေးအတွက် အားတက်စရာ သတင်းတွေ ကြားရတာများကြောင်း၊  မနေ့ကဆိုရင် အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ ပြည်သူ (၁၃၁၆)ဦး ၊ မတရားသဖြင့် တရားစွဲဆိုခံနေရသူ (၄၃၂၀) ဦးတို့ ပြန်လည်လွတ်မြောက်လာတယ် ကြားသိရလို့  ကာယကံရှင်များအတွက် အင်မတန်ဝမ်းသာမိပါကြောင်း၊ ဒါတွေဟာ ပြည်တွင်းပြည်ပက ကျတော်တို့ ပြည်သူတွေ ကြိုးစားရုန်းကန်မှုရဲ့ရလဒ်ပဲဖြစ်ကြောင်း၊ ဆက်လက်ပြီး  ကျတော်တို့ရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် ကျန်ရှိနေသေးတဲ့ အပြစ်မဲ့အကျဉ်းချခံထား ရသူတွေအားလုံးလည်း အမြန်ဆုံးလွှတ်မြောက်နိုင်ဖို့ကြိုးစားအားထုတ်ကြရမှာဖြစ်ကြောင်း၊ အခုဆိုရင် ပြည်သူတွေနဲ့အတူ့ ဝန်ကြီးဌာနတွေနဲ့ သံအမတ်ကြီးရဲ့ဘက်ပေါင်းစုံက ကြိုးပမ်း အားထုတ်မှုတွေကြောင့် နိုင်ငံတကာအခြေအနေတွေကလည်း တဖြေးဖြေးချင်း အားတက်စရာတွေရှိလာတာ တွေ့ရကြောင်း၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆိုရင်လည်း ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ရဲ့လက်ရှိအခြေအနေတွေ ကမ္ဘာကသိအောင် တောက်လျှောက်ပြောကြားနေပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနတို့ရဲ့ အားထုတ်မှုတွေ ကလည်း အားရစရာကောင်းကြောင်း၊ တစ်ဘက်က ပြည်တွင်းအခြေအနေမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံလာကြတဲ့တပ်မတော်သားတွေ၊ ရဲဝန်ထမ်းတွေက ပိုပိုများလာတယ်လို့ကြားသိရကြောင်း၊  ပြည်သူ့ခုံခံကာကွယ်စစ်ကြေညာပြီး တစ်လအတွင်းမှာ တပ်မတော်သား ၄၂၉ ယောက်၊ ပြည်သူ့ရဲ ၃၃၄ ယောက် ပြည်သူ့ဘက်ကို ပူးပေါင်းလာကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားတာတွေ့ရကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့လည်း ပြီးခဲ့တဲ့တစ်ပတ်က  CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ မီးသတ်ဝန်ထမ်းများကိုယ်စားပြုကော်မတီ နဲ့အထွေထွေအုပ်ချုပ်ရေးဌာန CDM ဝန်ထမ်းများအုပ်ချုပ်ရေး ကော်မတီတို့ကို ထပ်မံဖွဲ့စည်းဆောင်ရွက်နိုင်တာလည်း တွေ့ရတာမို့ ကျတော်တို့အစိုးရရဲ့လုပ်ငန်းစဉ်တွေဟာ ပိုမိုပြီး စနစ်တကျတွေဖြစ်လာကြောင်း၊ အခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ယူလာခဲ့ကြတာ (၆)လရှိသွားပြီမို့ မိမိတို့ဝန်ကြီး ဌာနများရဲ့ လုပ်နိုင်စွမ်းတွေကို ပြန်လည်သုံးသပ်ကြပြီး လိုအပ်ချက်ရှိတဲ့အပိုင်းတွေပြင်ဆင်ကြဖို့လိုကြောင်း၊ နောက် (၃) လအတွင်း ဘာတွေအောင်မြင်အောင်လုပ်ကြမလဲ ပြင်ဆင်ကြဖို့လိုအပ်ကြောင်း၊ နောက် (၆) လဆိုရင် ကျတော်တို့အောင်မြင်မှုတွေနဲ့ ဒီတော်လှန်ရေးကို ဘယ်လိုအဆုံးသတ်ကြမလဲ ဝိုင်းဝန်းကြိုတင်စဉ်းစား ထားကြရတော့မှာဖြစ်ကြောင်း၊ အခက်အခဲတွေကို တောင့်ခံပေးနေကြတဲ့ပြည်သူတွေအတွက် စဉ်စားပြီး ပိုအားစိုက်ကြိုးပမ်းကြဖို့ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအားလုံးကို တိုက်တွန်းချင်ကြောင်း၊ဆက်လက်၍ တော်လှန်ရေးရဲ့ ပထမဆုံးနဲ့အရေးအကြီးဆုံးထောက်တိုင်တွေဖြစ်သော CDM များနှင့်ပါတ်သတ်၍  တော်လှန်ရေးစကတည်းက အခက်အခဲမျိုးစုံနဲ့တောင့်ခံပေးနေကြသော CDM များဟာ အင်မတန် လေးစားစရာကောင်းကြောင်း၊ ကျတော်တို့ဘက်က ပြည်စုံအောင် မဖြည့်ဆည်းပေးနိုင်မှုတွေ အတွက်လည်း အားနာပြီးစိတ်မကောင်းဖြစ်ရကြောင်း၊ သူတို့တွေအတွက် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ၊ ရုပ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ဖြည့်ဆည်းပေးရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနလက်ကိုင်မရှိတဲ့ CDM ဝန်ထမ်းတွေလည်း ဝန်ကြီးချုပ်ရုံးက စနစ်တကျတာဝန်ယူ ကူညီပံ့ပို့ဆောင်ရွက်နိုင်ဖို့လည်း စီစဉ်ပြီးဖြစ်ကြောင်းများ ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ဝန်ကြီးဌာနများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနမှ အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးကာလအထူး ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချသွားရန်ကိစ္စကိုတင်ပြဆွေးနွေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ Covid-19 ကာကွယ်ဆေးနှင့်ပါတ်သတ်၍ လက်ရှိဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခြင်း၊ အလုပ်သမားဝန်ကြီးဌာနမှ စီးပွားရေးပိတ်ဆို့မှုနှင့် ပါတ်သတ်၍ မူဝါဒတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည် (၁၂) နာရီ ၁၅  မိနစ်တွင် ရုတ်သိမ်းခဲ့သည်ဟု သိရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာပေးပို့

အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာပေးပို့

အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာပေးပို့၁ အောက်တိုဘာလ ၂၀၂၁ခုနှစ်အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားနေ့ ကို ဂုဏ်ပြု သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ အောက်တိုဘာ (၁) ရက်နေ့မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ၇၂ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အနေနဲ့ တရုတ်ပြည်သူ အားလုံး ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး ဆုမွန် တောင်းပေး လိုက်ပါတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ရဲ့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။   တရုတ် ကွန်မြူနစ်တော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းဟာ တရုတ်ပြည်သူတွေက သူတို့ရဲ့ ကံတရားကို ကိုယ်တိုင်ဆုံးဖြတ်ပြီး သမိုင်းခေတ်သစ်ကို ဖွင့်လှစ်လိုက်တဲ့ လုပ်ရပ်တစ်ခုပါပဲ၊ ဒီခေတ်သစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာကို လက်လှမ်းမီတဲ့ အားကောင်းတဲ့ နိုင်ငံ ဖြစ်လာပြီး ပြည်သူတွေရဲ့ ကြွယ်ဝမှု တဖြည်းဖြည်း တိုးလာတာကို မှတ်ကျောက်တင် ခံနိုင်လာတာကို မြင်ရတယ်လို့လဲ ဝန်ကြီးချုပ်က သဝဏ်လွှာ ထဲမှာ ပြောထားပါတယ်။ အိမ်နီးချင်းတွေ အနေနဲ့ မြန်မာနဲ့ တရုတ်တို့ဟာ အားကောင်းပြီး ထူးခြားတဲ့ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ပြီး နှစ်နိုင်ငံလုံးက ပြည်သူတွေ အတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိတာ သေချာစေဖို့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက် နေပါတယ်။ လွတ်လပ်ရေးရအပြီး မြန်မာ့ ပထမဆုံး ဝန်ကြီးချုပ် ဦးနုဟာ ၁၉၅၀ မှာ တရုတ်နဲ့ သံတမန် ဆက်ဆံရေး ချက်ချင်း စတင်တည်ထောင်ခဲ့ပြီး နိုင်ငံချင်း ချစ်ကြည်ရေးအုတ်မြစ်ကို တည်ဆောက်ဖို့ တရုတ်ခေါင်းဆောင် မော်စီတုံးရဲ့ ဖိတ်ခေါ်ချက်အရ တရုတ်နိုင်ငံတလွှား ခရီးဆန့်ခဲ့ပါတယ်။ မြန်မာအစိုးရ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာလဲ ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံ ကို သွားရောက် လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့တဲ့ အတွက်နဲ့ မြန်မာပြည်သူ အားလုံးအတွက် တရုတ်မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးတဲ့ တရုတ်အစိုးရရဲ့ ကတိကဝတ်တွေ အတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်း တရုတ်အမျိုးသားနေ့ အခါသမယမှာ ဖော်ပြလိုက်ပါတယ်၊ ချစ်ကြည်ရေး တိုးမြင့်အောင် ဆောင်ရွက်ရာမှာ တရုတ်နဲ့ မိတ်ဖက်ဖြစ်ဖို့ NUG အစိုးရက အဆင်သင့် ရှိနေပြီး အနာဂတ်တွေကို မျှဝေထားတဲ့ လူ့အဖွဲ့အစည်း အောင်မြင် ဖြစ်ထွန်းဖို့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနဲ့ အပြန်အလှန် ဆက်ဆံရေး အားဖြည့်ဖို့ ဆက်လက် ကတိပြုချင်ပါတယ်လို့ သဝဏ်လွှာထဲမှာ ဖော်ပြထားတာကိုတွေ့ရပါတယ်။

ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခြင်း

ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနက အောက်ပါရည်ရွယ်ချက်များဖြင့် ပေးပို့လာသည့် ၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းလိုက်သည်။“၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပြဌာန်းရခြင်း ရည်ရွယ်ချက်များ”၂၀၂၁ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအား အောက်ပါရည်ရွယ်ချက်များဖြင့် ပြဌာန်းလိုက်ပါသည်။၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မတိုင်မီ ၂၀၂၁ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို မဖြစ်မနေ ပြဌာန်းနိုင်ရေး။၂။ အမျိုးသားညီညွတ်ရေးအစိုးရမှ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဓိက လိုအပ်လျက်ရှိသည့် ဘဏ္ဍာရန်ပုံငွေများကို အခွန်ထမ်းပြည်သူများ ကိုယ်တိုင် လိုလားစွာ ပေးဆောင်နိုင်သည့် အခွန်နှုန်းထားများနှင့် အညီ ကောက်ခံရရှိနိုင်ရေး။၃။ ပြည်သူလူထုအပေါ် အဓိက ဝန်ထုတ်ဝန်ပိုးမဖြစ်စေမည့် အခွန်နှုန်းထားများကို ခေတ်ကာလ အခြေအနေ နှင့်လျော်ညီစွာ ပြဌာန်းပြီး ပြည်သူနှင့်အတူ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်စေရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး။၄။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်လိုအပ်ချက်ကို ပြည်သူများလိုလားစွာ ထမ်းဆောင်သည့် အခွန်ဘဏ္ဍာရန်ပုံငွေများဖြင့် စနစ်တကျ သုံးစွဲနိုင်ရေး။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီpdf ဖြင့်ရယူရန် နှိပ်ပါ။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု

နွေဦးတော်လှန်ရေး၏ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်ကြိုးပမ်းအားထုတ်မှု ဖြစ်သည့်  အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) နှင့်ပတ်သက်သော အစီရင်ခံစာကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်လိုက်သည်။  pdf ဖိုင်ရယူရန် နှိပ်ပါ။

ပြည်သူ့ရင်ခွင် ခိုလှုံသူတွေ ဘယ်ကအဆက်သွယ်ရကြလဲ?

ပြည်သူ့ရင်ခွင် ခိုလှုံသူတွေ ဘယ်ကအဆက်သွယ်ရကြလဲ?

ဒီလမှာ "ပြည်သူ့ရင်ခွင် -  People's Embrace" အဖွဲ့ကို ဆက်သွယ်လာကြတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၄၀၀ခန့်ကို ဘယ်က အဆက်အသွယ်စရပါလဲ မေးကြည့်တဲ့အခါ ဖြေကြတဲ့ အဖြေတွေဖြစ်ပါတယ်။◼️၃၂.၇ ရာခိုင်နှုန်းက အရှေ့က CDM လုပ်သွားတဲ့ ညီအစ်ကိုမောင်နှမတွေ ညွှန်းပေးလို့◼️၂၄ ရာခိုင်နှုန်းက ပြည်သူ့ရင်ခွင် - People's Embrace Facebook page ရဲ့ ပို့စ်တွေက တစ်ဆင့်◼️၂၂.၃ ရာခိုင်နှုန်းက NUG၊ MOD၊ CRPH အစရှိတဲ့ အစိုးရရဲ့ တရားဝင်စာမျက်နှာတွေက တစ်ဆင့်◼️၁၁.၈ ရာခိုင်နှုန်းက သတင်းမီဒီယာတွေဆီက◼️၄.၆ ရာခိုင်နှုန်းက အခြား (လူသိများတဲ့ တပ်နဲ့ရဲ CDMများ၊ Facebook Group များ စသဖြင့်)◼️၃.၅ ရာခိုင်နှုန်းက Follower များသူ Social Influencer တွေဆီက◼️၁ ရာခိုင်နှုန်းကတော့ Myanmar Police CDM Channel က တစ်ဆင့် သိကြတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့်မို့ CDM လုပ်ထားသူ၊ တပ်နဲ့ရဲက ထွက်လာပြီးသူတွေအနေနဲ့ လုံခြုံရာမှာ ရှိနေကြရင် အထဲမှာ ကျန်ခဲ့သူတွေကို လက်တို့ပေးကြပါဦး။ ကျန်တဲ့သူတွေလည်း မိမိတို့နီးစပ်ရာက ပြည်သူ့ရင်ခွင် ခိုလှုံချင်သူတွေကို ကူညီပေးတဲ့ အဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာ သိနိုင်အောင် "ပြည်သူ့ရင်ခွင် - People's Embrace" Facebook စာမျက်နှာက ပို့စ်တွေကို shareပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်။◼️"ပြည်သူ့ရင်ခွင် - People's Embrace" သည် ပြည်သူ့မှ ပြည်သူသို့မူဝါဒဖြင့် ပြည်သူများနှင့် ဖွဲ့စည်းထားသည့် လွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ပြီး တပ်နှင့်ရဲ CDM တို့ကို တတ်နိုင်သည့်နည်းလမ်းတို့ဖြင့် အဘက်ဘက်မှ ထောက်ကူနေသော အဖွဲ့ဖြစ်ပါသည်။ တပ်နှင့်ရဲ CDM များအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးခြင်းများအပါအဝင် CDM ကုဒ်ထုတ်ပေးခြင်းလုပ်ငန်းများကို "ပြည်သူ့ရင်ခွင် - People's Embrace" တစ်ဖွဲ့တည်းကသာ ကာကွယ်ရေးဝန်ကြီးဌာန  Ministry of Defence - National Unity Government of Myanmar နှင့်ပူးပေါင်း၍  စိစစ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ့ရင်ခွင်အဖွဲ့ကို MyanmarPeople Telegram မှ ဆက်သွယ်နိုင်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၀/၂၀၂၁) ကို ကျင်းပပြုလုပ်၊ ၂၄ ဩဂုတ် ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၂၀/၂၀၂၁) ကို ကျင်းပပြုလုပ်၊ ၂၄ ဩဂုတ် ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပုံမှန်အစည်းအဝေး (၂၀/၂၀၂၁) ကို ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားများအသီးသီးပြောကြားကြရာ ယာယီသမ္မတကြီးက အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ၂၀/၈/၂၀၂၁ မှစ တင်ကာ ပြည်သူများနှင့် ဆက်သွယ်မှု မပြတ်အောင် ရေဒီယိုအသံလွင့်မှု အစီအစဉ်ကို  စတင် စမ်းသပ်ထုတ်လွင့်ခဲ့ခြင်း၊ CDM များကို ထောက်ပံ့နိုင်ရေးအတွက် အောင်လံလွင့်ချီ နွေဦးထီ ကို အောင်မြင်စွာ စတင်နိုင်ခြင်း၊ Covid-19 ကုသ ထိန်းချုပ် ကာကွယ် နိုင်ရေးအတွက် စီမံချက်ချမှတ် လုပ်ဆောင်နေခြင်း၊ ကမ္ဘာ့ နိုင်ငံကြီးအချို့မှ NUG အစိုးရအား ထိတွေ့ ပူးပေါင်းလုပ်ဆောင်နေခြင်း တို့ဟာ စစ်ကောင်စီကို အလွန်ပင်ထိခိုက်စေတာတွေ့ရကြောင်း၊ တစ်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ နှင့် PDF တပ်ဖွဲ့ဝင်များမှ စိတ်ဓါတ် တက်ကြွစည်းလုံး စွာဖြင့်  မိမိတို့၏ ဒေသကို ရရာ လက်နက်ဖြင့် အသက်ပေးကာကွယ်မှု ပိုမို လုပ်ဆောင်လာတာ တွေ့ရသည့် အတွက် အလွန်ချီးကျူးဂုဏ်ယူကြောင်း၊ ကြားရသည့် သတင်းများအရ စစ်တပ်အတွင်းတွင် ပြည်သူများဖက် ရပ်တည်ပူးပေါင်းလာကြသည့် ဦးရေ ပိုမို တွေ့ရှိလာရပြီး ထပ်မံပူးပေါင်းလာမည့် တပ်မတော်သားများလည်း ရှိသည်ကိုသိရပါ ကြောင်း၊၂၀၂၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်း အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ အပြစ်မဲ့ပြည်သူများ အကြမ်းဖက်သတ်ဖြတ်နေသည့်လုပ်ရပ်ကို အလိုမရှိသော တပ်မတော်သားများ နှင့် ပြည်သူ့ရဲများ ပြည်သူများထံ ခိုလှုံလာသူများအား လုံခြုံစွာ ကာကွယ် စောင့် ရှောက်မှုပေးဖို့ ပြည်ထောင်စု၀န်ကြီးချုပ် ဦးဆောင်ကာ ကောင်မတီတရပ်လည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၄င်းတပ်မတော်သားများ နှင့် ပြည်သူ့ ရဲတပ်ဖွဲ့၀င် များ၏ မိသားစုများ စားဝတ်နေရေးအတွက် မိမိတို့အစိုးရမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် တလှမ်းချင်းအတွက် အမှားအယွင်းမရှိအောင် သတိကြီးစွာ လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်းများပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်သူလူထု၏ ယုံကြည်ပေးမှုတွေ၊ ဇွဲသတ္တိခွန်အားတွေနဲ့ အတူရုန်းကန် လာခဲ့လိုက်ကြတာ အာဏာသိမ်းပြီး ၇ လထဲရောက်လာတဲ့အထိ အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်ကို မအုပ်ချုပ်နိုင်သေးကြောင်း ၊ ၇ လ ကြာမြင့်လာပေမယ့် ပြည်သူတွေဟာ တော်လှန်ရေးအပေါ် အားလျော့သွား တာမျိုး မရှိဘူး ဆိုတာကိုလည်း နေ့စဉ်ဖြစ်ရပ်တွေကသက်သေပြနေကြောင်း၊ ကျတော်တို့ရဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ရဲ့အောင်မြင်မှုဟာဆိုရင်လည်း ပြည်သူတွေအနေနဲ့ကျတော်တို့ NUG အစိုးရအပေါ်မှာ အားမလိုအားမရ ဖြစ်နေတာတွေရှိပေမယ့် ကျတော်တို့ရဲ့အခက်အခဲတွေကို နားလည်ပေးပြီး ကျတော်တို့နဲ့ တသားတည်း ရှိနေတယ်ဆိုတာကိုကောင်းကောင်း သိမြင်လိုက်ရကြောင်း၊ ပြည်သူတွေက အဆုံးစွန်နားလည်မှုတွေပေးပြီး အသက်တွေ ဘဝတွေ သွေးတွေ ချွေးတွေနဲ့အစွမ်းကုန် အင်တိုက်အားတိုက်ပါဝင်နေတဲ့ဒီတော်လှန်ရေးကို အမြန်ဆုံးအောင်မြင်အောင်လုပ်ဆောင်ပေးဖို့ကျတော်တို့မှာ ပိုတာဝန်ရှိသလို ခံစားရပါ ကြောင်း၊ အခုဆိုရင် အဖမ်းအဆီးတွေ ပိုမိုများပြားလာသလို တိုက်ပွဲတွေလည်း နေရာအနှံ့ပိုဖြစ်လာတာမို့ ကျတော်တို့တုံ့ဆိုင်း နေရမယ့် အချိန်မဟုတ်တော့ဘူးဆိုတာ ပိုသေချာလာကြောင်း၊ ပြီးခဲ့တဲ့တစ်ပတ် အတွင်းမှာဆိုရင် ကျတော်တို့ဟာ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ကော်မတီကို သမ္မတကြီးရဲ့ လမ်းညွှန်မှုနဲ့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ လက်အောက်ကနေ ဖွဲ့စည်းပြီးဆောင်ရွက်နေကြောင်း၊ မနေ့ကဆိုရင်လည်း ပြည်သူ့ရင်ခွင်ခိုလှုံကြမယ့် တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအတွက် ထုတ်ပြန်ကြေညာချက် တစ်စောင်ထုတ်ခဲ့ပြီး ဒါနဲ့ပါတ်သတ်လို့ ဆက်လက်စီမံဆောင်ရွက်သွားဖို့ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော်မှုကော်မတီကို ကျတော်ကဦးဆောင်ပြီး ဆောင်ရွက်နေကြောင်း၊ ပြည်သူ့အားကို ယုံကြည်ပြီး အောင်စိတ်နဲ့ရှေ့ဆက်ကြမည်ဖြစ်ကြောင်း၊ အခက်အခဲတွေ မပြည်စုံမှုတွေ ရှိမှာအသေအချာ ဖြစ်သော်လည်း အဲ့ဒါတွေကို ပြည်သူတွေရဲ့စိတ်ဆန္ဒပြင်းပြနေမှုတွေနဲ့အတူ ကျတော်တို့ညီညီညွတ်ညွတ်နဲ့ ယုံကြည်ချက်အပြည့်ထားပြီး  ကျော်လွှား ကြဖို့တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ Covid 19 အတွက် လက်ရှိဆောင်ရွက်ချက်များနှင့်ပါတ်သတ်၍ ဆွေးနွေးပြီး နေ့လည် ၁၁ နာရီ တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

NUG-အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၈/၂၀၂၁)ကျင်းပ

NUG-အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၈/၂၀၂၁)ကျင်းပ

၁၀ ဩဂုတ် ၂၀၂၁။NUG-အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေး (၁၈/၂၀၂၁)ကို ဒီနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှာ ကျင်းပခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးများ ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးမှာ ယာယီသမ္မတ နဲ့ ပြည်ထောင်စုဝန်ကြီးချုပ်တို့က အမှာစကားအသီးသီးပြောကြားကြရာယာယီ သမ္မတကြီးက အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုက ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းထားခြင်းခံရသူတွေပီပီဘယ်လိုပင် အခက်အခဲရှိစေကာမူ ပြည်သူတွေလိုလားတောင့်တတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစံစနစ်တည်ဆောက်ရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းသာယာဝပြောရေးတို့ကို မျက်ခြေမပြတ် သတိဝီရိယကြီးစွာ အကောင်အထည်ဖော်ဖို့လိုအပ်ကြောင်း၊ အစိုးရအဖွဲ့အနေနဲ့ မကြာခင် ပိုမို ခက်ခဲတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြရတော့မှာ ဖြစ်တာကြောင့် ကြိုတင်တွက်ဆကာ စီမံချက်တွေချထားရန်လိုကြောင်းတို့ကို ပြောကြားခဲ့ပြီး၊ပြည်ထောင်စုဝန်ကြီးချုပ်က ၃၃ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံကြီးရဲ့ အမှတ်တရနေ့အခမ်းအနားတွေ ကို နိုင်ငံတကာမှာ ခမ်းခမ်းနားနား စည်စည်ကားကားကျင်းပနိုင်ဖို့ရန် စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့ ပြည်ပရောက် မြန်မာတွေ နဲ့ နိုင်ငံတကာက မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ၊ ပြည်တွင်းမှာလဲ အခက်အခဲ အဖမ်းအဆီးတွေကြားထဲကပင် Campaign အမျိုးမျိုးဆင်နွှဲခဲ့ကြ ဆင်နွှဲနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေအနေနဲ့ ကပ်ရောဂါဒဏ်ဖိစီးနှိပ်စက်နေတဲ့ကြားထဲကပင် တော်လှန်ရေးအတွက် ဘယ်တော့မှ သွေးမအေးသွားဘူးဆိုတာကို သက်သေပြလိုက်သလိုပင်ဖြစ်ကြောင်း၊ မြန်မာ့အရေးကိစ္စအတွက်  အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်လိုက်တဲ့အတွက် ကြိုဆိုကြောင်း၊ မကြာခင်မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နဲ့လဲ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရကြောင်း၊ NUG ဘက်ကလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အထူးကိုယ်စားလှယ်အနေ နဲ့ လည်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနတွေကို ကောင်းစွာသုံးသပ်ပြီး ဝိုင်းဝန်းအဖြေရှာပေးနိုင်မယ်လို့လည်း မျှော်လင့်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမဆန်မှုတွေအတွက် ယခုတစ်ပတ်အတွင်းမှာ သံအမတ်ကြီးဦးကျော်မိုးထွန်း နဲ့ လူ့အခွင့်အရေးဝန်ကြီး၊ တရားရေးဝန်ကြီးတွေ ဦးဆောင်ပြီး အချက်အလက်များစုဆောင်းကာ တရားစွဲ ဆိုနိုင်တဲ့အထိ အစီရင်ခံစာထွက်နိုင်ဖို့ကြိုးပမ်းနေကြောင်း၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ကြီးဌာနကလည်း ယခုတပတ်အတွင်းတွင် ပြည်သူတွေ လှူဒါန်းလာတဲ့ငွေကြေးတွေကို သဘာဝဘေးဒဏ်ခံစားနေကြရတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းကို လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်းတို့ကို ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးဌာနတွေက သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆွေးနွေးကြရာ နိုင်ငံခြားရေးဝန်ကြီး ဌာနက အရေးပေါ်ကိစ္စတစ်ရပ်ပေါ်ပေါက်လာပါက လျှင်မြန်စွာ သဘောထားထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် ကိစ္စ၊ စီမံဘဏ္ဍာဝန်ကြီးဌာနက အကြမ်းဖက်စစ်တပ်လက်အောက်ကနေ တိမ်းရှောင်လာသူတွေရဲ့ အခက်အခဲ စိန်ခေါ်မှုများကိစ္စ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက နိုင်ငံတကာနဲ့တွေ့ဆုံ ဆွေးနွေးမှုအကြောင်းတွေ နဲ့ ကျန်းမာရေးဝန်ကြီးဌာနက Covid 19 လုပ်ဆောင်ချက်တွေနဲ့ လက်ရှိအခြေအနေတွေကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး နေ့လည် ၁၂ နာရီ ခွဲတွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။