ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း

========

ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃ /၂၀၂၄) အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည် ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာ နှုတ်ခွန်းဆက်သပါကြောင်း။

တော်လှန်ရေး အရှိန်အဟုန်ဖြင့် သွားနေတဲ့ကာလမှာ မိမိတို့ ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေဟာလည်း ကျယ်ပြန့်တွင်ကျယ်လာတာ တွေ့ရပါကြောင်း၊ အရေးကြီးဆုံးအချက်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက သယံဇာတတွေကို စီမံခန့်ခွဲတဲ့ နေရာမှာ တော်လှန်ရေးကာလနဲ့ လျော်ညီမယ့် ကျစ်လစ်စနစ်ကျတဲ့ ညွှန်ကြားမှုများနှင့် ဆောင် ရွက်ဖို့ ဖြစ်ပါကြောင်း။

သယံဇာတကဏ္ဍ ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များနဲ့အတူ စာရင်းဇယား မှန်ကန်တိကျဖို့၊ ပွင့်လင်းမြင်သာရှိဖို့ လိုအပ်ပါကြောင်း၊ သယံဇာတနဲ့ဆိုင်တဲ့ကိစ္စရပ်များအားလုံးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ကဏ္ဍအလိုက် တာဝန်ယူဖြေရှင်းကြရမှာဖြစ်တာကြောင့် ယခုဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို အချက်အလက် စာရင်းဇယားများနှင့်အတူ စနစ်တကျပြုစု ထိန်းသိမ်းထားရှိကြဖို့ လိုအပ်ပါကြောင်း။

မြို့နယ်တခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာမြို့နယ်များအလိုက် စာရင်းပြုစုထားရှိရန်လိုအပ်ပြီး မြို့နယ်သယံဇာတနှင့်ဆိုင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ချမှတ်ပေးထားတဲ့ မူဝါဒနဲ့အညီ အကောင်အထည်ဖော် တိုက်တွန်းလမ်းပြပေးရမှာ ဖြစ်ပါကြောင်း၊ 

တော်လှန်ရေးကာလအလွန် တာဝန်ယူမှု/ တာဝန်ခံမှုရှိစွာနဲ့  ဖြေရှင်းရန်တို့ကို မြို့နယ်များကလည်း လုပ်ဆောင်ထားဖို့ လိုအပ်ပါကြောင်း၊ လက်ရှိမှာ ပြည်သူတွေဟာ သယံဇာတအပေါ် မှီခိုအားထားရမှု များလာသည့်အတွက် ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ဖြစ်ပေါ်ကြုံတွေ့လာရတဲ့ အခြားအငြင်းပွားမှုတွေ၊ ပြဿနာရပ်တွေကို တာဝန်ရှိသူများအနေဖြင့် အတတ်နိုင်ဆုံး ညင်သာစွာ ကိုင်တွယ်ဖြေရှင်းကြဖို့ကိုလည်း အထူးမှာကြားလိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် တော်လှန်ရေးအောင်မြင်ဖို့ မဝေးတော့ပြီမို့ သက်ဆိုင်ရာဌာနအသီးသီးမှာ တာဝန်ယူ ဆောင်ရွက်နေသူများအားလုံးကို ဇွဲလုံ့လဝီရိယအပြည့်နဲ့ ကြိုးစားအားထုတ် ရှေ့ဆက်ကြပါစို့လို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ တွဲဖက် အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။

သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၃/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။

သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ