ကုလသမဂ္ဂတွင် မြန်မာ့အရေးနှင့် စပ်လျဉ်း၍ သံတမန်ရှင်းလင်းပွဲပြုလုပ်

ကုလသမဂ္ဂတွင် မြန်မာ့အရေးနှင့် စပ်လျဉ်း၍ သံတမန်ရှင်းလင်းပွဲပြုလုပ်

================================

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းသည် မတ်လ (၈) ရက်နေ့က ကုလသမဂ္ဂ Palais de nations အတွင်း နိုင်ငံတကာ သံတမန်များနှင့် သံအရာရှိများအား မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ တင်ပြချက်နှင့် နိုင်ငံတကာသို့ တောင်းဆိုချက်များနှင့်ပတ်သက်၍  ရှင်းလင်းပွဲ တခုကို လုပ်ဆောင်ခဲ့ပါသည်။ 

အဆိုပါ ရှင်းလင်းပွဲတွင် အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်နေမှု အခြေအနေများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ၏ ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့်  နယ်မြေစိုးမိုးရရှိထားမှုအခြေအနေများ၊ အရပ်သားအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားရှိမှုများ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ 

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား လက်နက်၊ငွေကြေးထောက်ပံ့မှုများအား ပူးပေါင်းပစ်မှတ်ထားပိတ်ဆို့အရေးယူရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းတို့အား ဘဏ္ဍာရေးနှင့် နည်း ပညာအကူအညီ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုက်ရိုက်ပေးအပ်ရန်၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၂၆၆၉) ပါ တောင်းဆိုချက်များကို လိုက်နာလာအောင် ဆက်လက် ကြိုးပမ်းလုပ်ဆောင်ရန်၊ အကြမ်းဖက်စစ်ကောင်စီက တရားဝင်မှုရရှိစေရန်ကြိုးပမ်းနေမှုများအားလုံးကို လက်မခံရန်၊ ကုလသမဂ္ဂအနေဖြင့်  မြန်မာ့အရေးကို  ယခုထက်ပိုမို၍ လုပ်ဆောင်ရန် ဝိုင်းဝန်ဖိအားပေးရန် စသည့်အချက်များကို တောင်းဆိုခဲ့သည်။ 

ထို့ပြင် လူ့အခွင့်အရေးကောင်စီအနေဖြင့်မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ခံမှု၊တာဝန်ယူမှုများဖော်ဆောင်နိုင်မည့် နည်းလမ်းသစ်များကို ရှာဖွေကြံဆ လုပ်ဆောင်ရန်၊  အထွေထွေအတွင်းရေးမှူးအနေဖြင့် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသော ကုလသမဂ္ဂအေဂျင်စီများ၏ လုပ်ဆောင်နေမှုအစီရင်ခံစာတခုကို ပြင်ဆင်ရေးသားနိုင်ရေး တောင်းဆိုရန် တို့ကို တိုက်တွန်းခဲ့သည်။ 

သံတမန်ရှင်းလင်းပွဲကို ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြင်သစ်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် နန်းစုမွန်အောင်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦး ဂျာဘေတ် အာလောမ် တို့ ပါဝင်တက်ရောက်ခဲ့သည်။ 

အဆိုပါသံတမန်ရှင်းလင်းပွဲကို Luxembourg  နိုင်ငံသံရုံးနှင့် International IDEA တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ 

Diplomatic Briefing on the Myanmar situation held at the United Nations