အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် မတ်လ (၂၆) ရက်

• ဒီနေ့ အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင်အားလုံး စဉ်းစားဖို့လိုတဲ့ ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စအတွက် ပြောချင်ပါတယ်။ ဝန်ထမ်းရေးရာ ခန့်အပ်ရေးအတွက် စံတွေ၊ မူတွေကို စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အစွန်းနှစ်ဖက်ကို ရှောင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲရေး တွေကို အဓိက လုပ်ဆောင် ကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု တွေ ဖြစ်ဖို့ ဂရုတစိုက် ရှိသင့်တယ်လို့ ယူဆပါတယ်။ 

• ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စတွေမှာ အဆင့်မြင့်ဝန်ထမ်း ကိုယ်စားလှယ်တွေ ခန့်ထားရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်လာမယ်လို့ ယူဆပါတယ်။ အခုအချိန်ဟာ တော်လှန်ရေးကာလ ဖြစ်တာကြောင့် ၊ တံခါးမရှိ ဓားမရှိ ဝင်ဖို့ ထွက်ဖို့ ခွင့်ပြုတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းခန့်အပ်ရေး မူတွေကို စဉ်းစားဆုံးဖြတ်တဲ့အခါ “မလျော့မတင်း စောင်းကြိုးညှင်း” ဆိုတဲ့ မူကို လက်ကိုင်ထားသင့်ပါတယ်။ 

• အထူးသဖြင့် နိုင်ငံ့အကျိုးအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူငယ်သွေးသစ်တွေ၊ လူငယ် မျိုးဆက်သစ်တွေကို နေရာပေးကြဖို့ လိုပါတယ်။ တော်လှန်ရေးဆိုတာက အဟောင်းကို အသစ်နဲ့ အစားထိုးတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ မျိုးဆက်ဟောင်းကို မျိုးဆက်သစ်နဲ့ အစားထိုးနိုင်မှသာ အနာဂတ်ကာလမှာ သက်ဝင်လှုပ်ရှားနိုင်မှာ ဖြစ်ကြောင်း ပြောကြားချင်ပါတယ်။ 

• အခုလို တိုင်းပြည်ပြုပြင်ရေးကိစ္စတွေကို ဆောင်ရွက်ကြတဲ့အခါမှာ action နဲ့ result ကို ကွဲကွဲပြားပြား နားလည်သဘောပေါက်သင့်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးရဲ့ဆောင်ရွက်ချက်တွေဟာ action သက်သက် မဖြစ်စေဘဲနဲ့ ရလဒ်တစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်ဖို့ လိုကြောင်း အလေးအနက်ထား တိုက်တွန်းလိုပါတယ်။ 

• ကျွန်တော်တို့ဟာ ပြည်သူလူထုအတွက် အကျိုးအဖြစ်ထွန်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ အလုပ်တွေဟာ မြန်မြန်ဆန်ဆန် ဖြစ်ဖို့လည်း လိုသလို၊ လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ ထိထိရောက်ရောက်ဖြစ်ဖို့လည်း လိုပါတယ်။ အခု ဒီနေရာမှာ “ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး” ကိုလည်း အလေးအနက်ထားဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ 

• လက်ရှိ ပစ္စုပ္ပန်မှာ ကျွန်တော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်း ပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထ ပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာ ထက် ပိုလွန်တဲ့ လူထုဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်။ 

• ကျွန်တော်တို့ဟာ အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ တော်လှန်ရေးရဲ့ သက်လုံကို ချိန်သားကိုက်အောင် အမြဲတမ်း လုပ်ဆောင်ကြဖို့ လိုကြောင်း ပြောချင်ပါတယ်။ တော်လှန်ရေး (၃) နှစ်တာ ကာလအတွင်းမှာ လူထုရဲ့ ပေးဆပ်မှုနဲ့ လူထုရဲ့ နွမ်းလျမှုတွေကိုလည်း ကျွန်တော်တို့ တွေ့မြင်ခံစားကြရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ လူထုအတွက် တော်လှန်ရေး၊ လူထု၏ တော်လှန်ရေး၊ လူထုက ဆင်းသက်တဲ့ တော်လှန်ရေး ဖြစ်ဖို့ အမြဲ ရှေ့ရှုဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားရင်း တိုက်တွန်းအပ်ပါတယ်။

အရေးတော်ပုံ မုချအောင်မြင်ရမည်။