အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်း

၂၀၂၄ ခုနှစ် မတ်လ (၈) ရက်

ဒီနေ့ ပြုလုပ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား မှာ  ကျွန်တော့်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စား စကားပြောကြားခွင့်ရလို့ အထူး ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒီနေ့ အခမ်းအနားဟာ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် အင်မတန် အနှစ်သာရ ရှိတဲ့ အခမ်းအနားဖြစ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ အဲသည့်လို ပြောရတဲ့ အကြောင်းရင်း ခိုင်ခိုင်လုံလုံ ရှိနေပါတယ်။ 

အကြောင်းကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အတိတ်သမိုင်းကို ကြည့်ရင် စစ်အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒကြီးစိုးတဲ့ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်ညှင်းပန်းမှုတွေကို တွေ့မြင်ခဲ့ရတဲ့ သမိုင်းဖြတ်သန်းမှုတွေ ရှိတာ တွေ့ခဲ့ရပါတယ်။ အာဏာရှင်စနစ်ဆိုးရဲ့ လက်အောက်မှာ ကျား/မ ကွဲပြားမှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့သလို၊ လိင်စိတ်ခံယူမှု ကွဲပြားခြင်းအပေါ် အခြေခံပြီး ဖိနှိပ်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်း နှိပ်စက်မှုတွေ ရှိခဲ့တာတွေ့ရပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ စနစ်အနေနဲ့လည်း ရိုက်သွင်းခံထားရသလို၊ အတွေးအခေါ်ပိုင်းအရလည်း ပုံဖျက်ခံထားကြရတာတွေ့ရပါတယ်။ 

ယခု ကျွန်တော်တို့ ဦးဆောင် ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်နဲ့ စစ်အာဏာရှင် ယန္တရားကို တော်လှန်တိုက်ဖျက်ဖို့ တစ်ခုတည်းသက်သက် မဟုတ်ဘူးလို့ ယူဆပါတယ်။ စစ်အာဏာရှင်စနစ်ကနေ အရင်းခံပြီး ပေါ်ထွက်လာတဲ့ အထွေထွေသော ဖိနှိပ်ညှင်းဆဲမှုနဲ့ အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုတွေကို ချေဖျက်တော်လှန်တဲ့ လူထုတော်လှန်ရေးလှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ တိုင်းပြည်နဲ့ လူထုရဲ့ အဓိက အရင်းခံ ပြဿနာဖြစ်သလို ကျား/မ တန်းတူညီမျှ မရှိဘဲ၊ ဖိုဝါဒကြီးစိုးတာ / အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုအပေါ်မှာ တစ်ဆင့်နိမ့် ဖိနှိပ်ခံထားရတာတွေဟာ ပြဿနာရဲ့ အကိုင်းအခက်တွေအဖြစ် တွေ့မြင်နေရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ အကိုင်းအခက်တွေကိုလည်း ရနိုင်သမျှ၊ ချိုးဖျက် တော်လှန်ရမှာဖြစ်သလို လူ့အဖွဲ့အစည်းအတွင်းက အထွေထွေသော ခွဲခြားဖိနှိပ်ခံရမှုတွေရဲ့ ပြဿနာ အရင်းခံကိုလည်း တူးဖျက် တော်လှန်ပစ်ရမယ်လို့ ပြောချင်ပါတယ်။ 

လူ့အဖွဲ့အစည်းတိုင်း၊ တိုင်းပြည်တိုင်း၊ နိုင်ငံတိုင်းမှာ အခြေခံအားဖြင့် ကျား/မ ကွဲပြားမှုတွေပဲ ရှိနေတာ မဟုတ်ပါဘူး။ လိင်စိတ်ခံယူမှု ကွဲပြားချက်တွေလည်း ရှိနေတာကို သတိချပ်ဖို့ လိုပါတယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းတိုင်းမှာ လွတ်လပ်စွာ တည်ရှိနေတဲ့ ဖြစ်တည်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလို ကွဲပြားမှု အပေါ်မှာ လူကို လူလို့ မမြင်နိုင်ဘဲနဲ့ ခွဲခြားတဲ့၊ ဖိနှိပ်တဲ့ အမြင် အတွေးအခေါ်တွေဟာ ရှေးရိုးစွဲ အစဉ်အလာဟောင်းကနေ ရိုက်သွင်းတဲ့ ဝါဒမှိုင်းတွေပဲ ဖြစ်ပါတယ်။ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို အလေးထားတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ ဒီလို ခွဲခြားဆက်ဆံမှုတွေကို အပြီးတိုင် ချုပ်ငြိမ်းစေဖို့ လိုအပ်ပါတယ်။ အခု လူထုတစ်ရပ်လုံးက အားကြိုးမာန်တက် ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းနဲ့ မလိုလားအပ်တဲ့ ရှေးရိုးအစဉ်အလာဟောင်းတွေကို တွန်းလှန်တော်လှန်တဲ့ လူထုတော်လှန်ရေးတစ်ရပ်လည်း ဖြစ်ပါတယ်။ 

လူ့အဖွဲ့အစည်းက ပုံသွင်းထားတဲ့ ထုံးတမ်းအစဉ်အလာတွေမှာ ကောင်းကျိုးတွေ ရှိသလို၊ ခေတ်နဲ့ မလျော်ညီတော့တဲ့ ကျင့်ထုံးတွေလည်း ရှိနေတာတွေ့ရပါတယ်။ အဲသည့်ထဲမှာ အမျိုးသားဖြစ်ခြင်းနဲ့ အမျိုးသမီးဖြစ်ခြင်းအပေါ် ခွဲခြားကြည့်မြင်ပြီး၊ တွေးခေါ်ယူဆတဲ့ လူမှုဆိုင်ရာ အပြုအမူတွေလည်း ရှိနေတာတွေ့ရပါတယ်။ တကယ်တော့ လူ့အဖွဲ့အစည်းထဲမှာ အားလုံးက လူသားတွေပဲ ဖြစ်တယ်…ဆိုတာ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ အမျိုးသားဖြစ်လို့ ပိုပြီး မြင့်မြတ်တာ မရှိသလို၊ အမျိုးသမီးဖြစ်လို့ နိမ့်ကျတယ်ဆိုတာလည်း မရှိပါဘူး။ ဒါ့အပြင် တစ်ဦးချင်းအလိုက် လိင်စိတ်ခံယူမှု ကွဲပြားတာတွေဟာလည်း လွတ်လပ်စွာ လူသားဖြစ်တည်မှုအလိုက် တည်ရှိနေကြတာပဲ ဖြစ်ပါတယ်။ လူကို လူလို့ ကြည့်မြင်နိုင်ဖို့သာ အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒါဟာ လက်ရှိ ကျွန်တော်တို့ ချီတက်နေတဲ့ နွေဦးတော်လှန်ရေးနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေပါတယ်။ 

ကျွန်တော်တို့ဟာ အရေးအရာအလိုက် တစ်ဦးချင်း ကျွမ်းကျင်မှု အရည်အသွေးအတွေအပေါ်မှာသာ အဓိက ထားပြီးတော့ လုပ်ကိုင် ဆောင်ရွက်သင့်ပါတယ်။ ဒီလို အရည်အသွေးမျိုးတွေကို ဘယ်သူမဆို ရရှိပိုင်ဆိုင်နိုင်တာကို လက်ခံကြဖို့ ဖြစ်ပါတယ်။ အမျိုးသမီးဖြစ်လို့၊ အမျိုးသားဖြစ်လို့ ဆိုတဲ့ သတ်မှတ်ပြဋ္ဌာန်းချက်တွေနဲ့ မသက်ဆိုင်ပါဘူး။ တစ်ဦးချင်း အရည်အချင်းအပေါ်မှာပဲ မူတည်ပါတယ်။ လူသားရယ်လို့ ဖြစ်လာရင် အားလုံးက ကိုယ်စီကိုယ်စီ စွမ်းရည် အရည်အချင်းတွေ ပိုင်ဆိုင်ထားနိုင်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဦးချင်းရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လူသားဖြစ်တည်မှု အပေါ်မှာသာ ကျွန်တော်တို့ဟာ အခြေခံကျကျ ရှုမြင်ဖို့ ဖြစ်ပါတယ်။ ဒါတွေကို ဖီလာဆန့်ကျင်နေတဲ့ ဖိုဝါဒကြီးစိုးမှု၊ ဂျဲန်ဒါခွဲခြားမှုတွေဟာ မလိုလားအပ်တဲ့ လူမှုအပြုအမူတွေပဲဖြစ်ပါတယ်။ 

ကျွန်တော်တို့ဟာ တစ်ဦးချင်းအနေနဲ့ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။ ဒါတွေကို သိမြင်နားလည်ပြီး တစ်ယောက်ရဲ့ အလှကို တစ်ယောက်က မြင်နိုင်ဖို့၊ တစ်ယောက်ရဲ့ အရည်အသွေးကို တစ်ယောက်က မြင်နိုင်ဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ ဒါ့အပြင် အရေးအရာတွေကို ရှုမြင်တဲ့နေရာမှာ ဂျဲန်ဒါကွဲပြားမှုဆိုတာတွေ၊ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းဆိုတာတွေအပေါ်မှာ အခြေမခံဘဲ လူသားဖြစ်တည်မှုအပေါ်မှာပဲ အခြေခံပြီး ကြည့်မြင်သင့်ပါတယ်။ 

အခု အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားဟာ ရှေးရိုးစွဲလူ့အဖွဲ့အစည်းထဲက ဖောက်ထွက်လာတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့အနေနဲ့ အလေးအနက်ထား အောက်မေ့သတိရခြင်းဖြစ်တယ်လို့ ပြောချင်ပါတယ်။ စစ်အာဏာရှင်စရိုက်ရဲ့ နောက်ကွယ်က အပံ့အပိုးဖြစ်တဲ့ ဖိုဝါဒကြီးစိုးတဲ့ အတွေးအခေါ်ကို ချိုးဖျက်တဲ့ အနေနဲ့ / ကျွန်တော်တို့ဟာ အမျိုးသမီးတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို လေးစား အသိအမှတ်ပြုပြီး / အလေးအနက်ထား ဝိုင်းဝန်းချီတက်ကြရမယ်လို့ / ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။