အမျိုးသားညီညွတ်ရေးအစိုးရ ၁၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

" အမျိုးသားညီညွတ်ရေးအစိုးရ ၁၂/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ် "

 ◼ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထ ပါဝင်လာစေဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြောကြား 

မတ် ၂၆  ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၂/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “ ဒီနေ့ အစည်းအဝေးမှာ၊ ကျွန်တော့်အနေနဲ့ အစိုးရအဖွဲ့ဝင်အားလုံး စဉ်းစားဖို့လိုတဲ့ ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စအတွက် ပြောချင်ပါတယ်။ ဝန်ထမ်းရေးရာ ခန့်အပ်ရေးအတွက် စံတွေ၊ မူတွေကို စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အစွန်းနှစ်ဖက်ကို ရှောင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရဖြစ်တဲ့အတွက် ပြုပြင် ပြောင်းလဲရေး တွေကို အဓိက လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ဖို့ ဂရုတစိုက် ရှိသင့်တယ်လို့ ယူဆပါတယ်။ ဝန်ထမ်းရေးရာ ခန့်အပ်ရေးကိစ္စတွေမှာ အဆင့်မြင့်ဝန်ထမ်း ကိုယ်စားလှယ်တွေ ခန့်ထားရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်လာမယ်လို့ ယူဆပါတယ်။ အခုအချိန်ဟာ တော်လှန်ရေးကာလ ဖြစ်တာကြောင့် ၊ တံခါးမရှိ ဓားမရှိ ဝင်ဖို့ ထွက်ဖို့ ခွင့်ပြုတာမျိုးလည်း မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းခန့်အပ်ရေး မူတွေကို စဉ်းစားဆုံးဖြတ်တဲ့အခါ “မလျော့မတင်း စောင်းကြိုးညှင်း” ဆိုတဲ့ မူကို လက်ကိုင်ထားသင့်ပါတယ်။ အထူးသဖြင့် နိုင်ငံ့အကျိုးအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူငယ်သွေးသစ်တွေ၊ လူငယ် မျိုးဆက်သစ်တွေကို နေရာပေးကြဖို့ လိုပါတယ်။ တော်လှန်ရေး ဆိုတာက အဟောင်းကို အသစ်နဲ့ အစားထိုးတာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ မျိုးဆက်ဟောင်းကို မျိုးဆက်သစ်နဲ့ အစားထိုးနိုင်မှသာ အနာဂတ်ကာလမှာ သက်ဝင်လှုပ်ရှားနိုင်မှာ ဖြစ်ကြောင်း ပြောကြားချင်ပါတယ်။ အခုလို တိုင်းပြည်ပြုပြင်ရေးကိစ္စတွေကို ဆောင်ရွက်ကြ တဲ့အခါမှာ action နဲ့ result ကို ကွဲကွဲပြားပြား နားလည်သဘောပေါက်သင့်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံးရဲ့ဆောင်ရွက်ချက်တွေဟာ action သက်သက် မဖြစ်စေဘဲနဲ့ ရလဒ်တစ်ခုကို ဆုပ်ဆုပ်ကိုင်ကိုင်ပြနိုင်ဖို့ လိုကြောင်း အလေးအနက်ထား တိုက်တွန်းလိုပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ဟာ ပြည်သူလူထုအတွက် အကျိုးအဖြစ်ထွန်းဆုံး လုပ်ဆောင်ပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ အလုပ်တွေဟာ မြန်မြန်ဆန်ဆန် ဖြစ်ဖို့လည်း လိုသလို၊ လွယ်လွယ်ကူကူ ဖြစ်အောင်လုပ်ဖို့လည်း လိုပါတယ်။ ဒါ့အပြင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက် တွေဟာ ထိထိရောက်ရောက်ဖြစ်ဖို့လည်း လိုပါတယ်။ အခု ဒီနေရာမှာ “ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး” ကိုလည်း အလေးအနက်ထားဖို့ ထပ်မံ တိုက်တွန်းချင်ပါတယ်။ လက်ရှိ ပစ္စုပ္ပန်မှာ ကျွန်တော်တို့ဟာ စစ်ကောင်စီရဲ့ ယိုယွင်း ပြိုလဲမှုကို မျက်ဝါးထင်ထင် မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု အားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထ ပါဝင်လာစေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူလူထုဟာ တာဝန်ကျေသင့်တာ ထက် ပိုလွန်တဲ့ လူထုဖြစ်ပါတယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက် စစ်ကောင်စီ အဆုံးသတ် ပြိုလဲချိန်အထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်း ကြိုးစားကြဖို့ လိုပါတယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့ တော်လှန်ရေးရဲ့ သက်လုံကို ချိန်သားကိုက် အောင် အမြဲတမ်း လုပ်ဆောင်ကြဖို့လိုကြောင်း၊ တော်လှန်ရေး (၃) နှစ်တာ ကာလအတွင်းမှာ လူထုရဲ့ ပေးဆပ်မှုနဲ့ လူထုရဲ့ နွမ်းလျမှုတွေကိုလည်း တွေ့မြင်ခံစားကြရမယ်လို့ ယုံကြည်ကြောင်း၊ လူထုအတွက် တော်လှန်ရေး၊ လူထုရဲ့ တော်လှန်ရေး၊ လူထုက ဆင်းသက်တဲ့ တော်လှန်ရေး ဖြစ်ဖို့ အမြဲ ရှေ့ရှုဆောင်ရွက်ရမှာ ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို ပြည်သူများ ရဲ့ ယုံကြည်ထောက်ခံမှုများနဲ့အတူ တော်လှန်ရေးအင်အားစုများ အသီးသီးနဲ့ လက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လာတာ ၃ နှစ်တာကာလ ရောက်ရှိ တော့မှာ ဖြစ်ပါတယ်။ ၃ နှစ်တာကာလ ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် ရည်မှန်းခဲ့သလောက် ရာနှုန်းပြည့်တွေ မဆောင်ရွက်နိုင်ခဲ့ကြပေမယ့် အတော်လေး ကြိုးစားရုန်း ကန်ပြီး အားထုတ်နိုင်ခဲ့ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် သမိုင်းကြောင်းရှည်လျားပြီး လူမျိုးပေါင်း စုံ၊ အစုအဖွဲ့ပေါင်းစုံ တည်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဘုံရည်မှန်းချက်တူညီစွာ စုစုစည်း စည်း အလုပ်လုပ်နိုင်ကြဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြားထဲကကိုပဲ ယနေ့လိုမျိုး အခြေအနေထိ စုစည်းမိပြီး အလုပ်တွေ အတူတ ကွ လုပ်နိုင်ကြတယ်ဆိုတာ အားလုံးရဲ့ နွေဦးတော်လှန်ရေးအပေါ် ယုံကြည်မှုနဲ့ ဒီတစ်ကြိမ်ဟာ စစ်အာဏာရှင်တွေအတွက် နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ သန္နဌာန်တွေကြောင့်သာ ဖြစ်ပါတယ်။ ” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး ၆ လ အတွင်းမှာ စစ်အုပ်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ တဖြေးဖြေး ပြိုကွဲလာတာ၊ အင်အားတွေ ယုတ်လျော့လာတာကို တွေ့မြင်နေကြရပြီး စစ်တပ်အတွင်း တခါမှ မကြုံဘူးခဲ့တဲ့ လက်နက်ချသူတွေ၊ ထွက်ပြေးသူတွေ များသထက် များ လာတဲ့အတွက် အတင်းအကျပ် စစ်သားစုဆောင်းခြင်း ကိစ္စတွေကိုတောင် လုပ်ဆောင်နေကြ ရတာပဲ ဖြစ်ပါတယ်။ အတင်းအဓမ္မစစ်သားစုဆောင်းမှုကြောင့် ပြည်သူတွေ အလွန်အမင်း စိတ်သောကရောက်ရသလို စီးပွားရေးကဏ္ဍဘက်ကို ထိခိုက်လာတဲ့ အခြေအနေတွေ လည်း ဖြစ်လာနေပါပြီ။ ရန်ကုန်တိုင်းစက်မှုဇုံတွေမှာ လုပ်သားပြတ်လပ်မှုတွေ ကြုံနေရတဲ့ အခြေအ နေကိုလည်း ကြားသိရပါတယ်။ တော်လှန်ရေးအင်အားစုတွေ အသီးသီးကတော့ ဒီအဓမ္မ စစ်သား စုဆောင်းမှုအပေါ်ကို နည်းမျိုးစုံနဲ့ တုန့်ပြန်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီလို ဆိုးဝါးလွန်းတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျွန်တော်တို့အားလုံး အတူလက်တွဲပြီး အပြီးတိုင် ချေမှုန်း ဖို့ဆိုတဲ့ နည်းလမ်းကလွဲပြီး မရှိတာမို့ ဆက်လက်ပြီး ညီညီညာညာ အတူကြိုးစားသွားကြဖို့ တိုက်တွန်း လိုပါတယ်။ ” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

အစည်းအဝေးမှာ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက တရားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းခန့်ထားရေးဆိုင်ရာ အခြေအနေကို တင်ပြဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။