ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၄) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ဒီမိုကရေစီထွန်းကားတဲ့ တိုင်းပြည်တွေမှာ ပြည်သူက ပေးတဲ့အခွင့်အာဏာကို လက်ခံပြီး ပြည်သူ့အရေးအတွက် တာဝန်ယူမှု/တာဝန်ခံမှုတွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်ရတာတွေက အစိုးရ တစ်ရပ်ရဲ့တာဝန်ဖြစ်ပါကြောင်း၊ အစိုးရဆိုတဲ့ တာဝန်ကိုစတင် ယူလိုက်ပြီဆိုကတည်းက အစိုးရရဲ့ ယန္တရားအဆင့်ဆင့်ဟာ မူဝါဒ၊ စည်းဘောင်တွေနဲ့အညီ အလုပ်လုပ်ဆောင်ကြရပြီး ဆောင်ရွက်သမျှတိုင်းအတွက်လည်း တာဝန်ယူတာဝန်ခံမှုတွေ ပူးတွဲပါလာရမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ကိုယ့်ရဲ့ ဒေသန္တရအဆင့် အုပ်ချုပ်ရေးဖော်ဆောင်မှု တာဝန်ရှိသူအဆင့်ဆင့်ကို အာဏာရှင်မဆန်ဘဲ အစိုးရပီသစွာ ပြည်သူကိုအလုပ်အကျွေးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့လိုမှာဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ မြေပြင်က အရှိတရားတွေကို လက်ခံပြီး ပြုပြင်သင့်တာကို လျင်လျင်မြန်မြန် ပြုပြင်နိုင်ကြမှသာ ရေရှည် ထိန်းကျောင်းသွား နိုင်မှာဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအသုံးစရိတ်တွေကို ထိထိ ရောက်ရောက်နဲ့ အလေအလွင့်မရှိအသုံးပြုနိုင်ဖို့နဲ့ တပ်ရိက္ခာ၊ ဒေသအလိုက်အရံရိက္ခာ ဖြည့်ဆည်းမှုတွေအတွက် မြေပြင်တာဝန်ရှိသူတွေ အာရုံစိုက် လုပ်ဆောင်ကြဖို့လိုအပ်ကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၂/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။