အမျိုးသားညီညွတ်ရေးအစိုးရ ၁၄/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ ၁၄/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးပြုလုပ်

◾ လူထုက လက်တွေ့ ခံစားနေရတဲ့ အခက်အခဲ ပြဿနာတွေကို အရှိ ပကတိအတိုင်း နားလည်မှသာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေက ထိရောက်မှန်ကန်လိမ့်မယ်လို့ ယာယီသမ္မတပြောကြား

ဧပြီ ၁၆  ၊ ၂၀၂၄

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၄/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ယာယီသမ္မတ ဒူဝါလရှီးလက  “  ယနေ့ အချိန်ဟာ မြန်မာရိုးရာဓလေ့ အစဉ်အလာ နေ့ကောင်း နေ့မြတ် အခါသမယ ဖြစ်သလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ အပ်နှင်းထားတဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းရွက်ခြင်း (၃) နှစ်ပြည့် အချိန်အခါတစ်ခုလည်း ဖြစ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုနဲ့အတူ ဖြတ်သန်းခဲ့တဲ့ (၃) နှစ်တာ ကာလအတွင်းမှာ၊ ထိုက်သင့်တဲ့ တော်လှန်ရေး အောင်ပွဲတွေကို ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) ကျော်ကာလအထိ ပြည်သူလူထုကို နှိပ်စက် ညှင်းပန်းခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ တဖြည်းဖြည်း ယိုယွင်းချိနဲ့လာတာကိုလည်း ပြည်သူတစ်ရပ်လုံး မျက်ဝါး ထင်ထင် တွေ့မြင်ရပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက်ထား ကြိုးစားနေကြောင်း တင်ပြချင်ပါ တယ်။ အခု ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေ တစ်ရပ်လုံးကို လွှမ်းခြုံကြည့်ရင် ခုခံတော် လှန်စစ်ရေး အခြေအနေတွေက အားရကျေနပ်စရာ အကျိုးရလဒ်တွေ တွေ့မြင်ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပြည်သူလူထုက ဥတုဘေး အကျပ်အတည်းနဲ့ ကြုံပြီး စားဝတ်နေရေး အကြပ်အတည်းက အင်မတန်ကြီးမားလာတာကို တွေ့နေရပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်က မလွတ်မြောက်သေးတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံး ပပျောက်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “အခုဆိုရင် NUCC ကနေ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့လို့ ကျွန်တော်တို့အနေနဲ့ ဝမ်းသာအားတက်ရပါတယ်။ အခုကျင်းပခဲ့တဲ့ ပြည်သူ့ညီလာခံမှာလည်း လက်တွေ့ ပြည်သူလူထုခံစားနေရတဲ့ အခက်အခဲတွေကို ကောင်းစွာ ဖော်ထုတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ လက်တွေ့ ပကတိအခြေအနေတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာ နိုင်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ ကျွန်တော်တို့ဟာ ပြည်သူ့အရေးအရာကိစ္စတွေကို ဆွေးနွေးအဖြေရှာတဲ့နေရာမှာ အရှိ ပကတိနဲ့ ကင်းကွာလို့ မရဘူးလို့ ပြောချင်ပါတယ်။ လူထုက လက်တွေ့ ခံစားနေရတဲ့ အခက်အခဲ ပြဿနာတွေကို အရှိ ပကတိအတိုင်း နားလည်မှသာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေက ထိရောက်မှန်ကန်လိမ့်မယ်လို့ ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေးအတွင်းက မွေးဖွားလာတဲ့ မျက်နှာသစ်နိုင်ငံရေးအင်အားစုတွေထဲမှာ ရဲရင့်တက်ကြွပြီး စိတ်အားထက်သန်ပြင်းပြတဲ့ လူငယ်မျိုးဆက်သစ်တွေ အမြောက်အမြား ရှိတာကို သတိထားမိပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေး အတွက် ခွန်သစ် အားသစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုမျက်နှာ သစ်နိုင်ငံရေး အင်အားစုတွေ၊ သွေးသစ်တော်လှန်ရေး အင်အားစုတွေကို ကျွန်တော်တို့ အားလုံး လက်တွဲခေါ်ယူပြီး တစ်သားတည်း လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ရဲရင့်တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုဟာ တော်လှန်ရေးအတွက် အခြေခံမောင်းနှင်အား ဖြစ်ပေမယ့် သူ့ချည်း သက်သက်နဲ့ မလုံလောက်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ မဟာဗျူဟာ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ကျခြင်း၊ အမြော်အမြင်ရှိခြင်းဆိုတာတွေကို ပေါင်းထည့်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အဖြစ်အပျက်တွေကို “အရှိကို အရှိအတိုင်း သိနားလည်ဖို့” အားထုတ်ကြရမှာ ဖြစ်ပါတယ်။ မြန်မာစကားပုံတစ်ခုမှာ “ခုတ်ရာ တခြား၊ ရှရာ တလွဲ” ဆိုတဲ့ စကားရှိပါတယ်။ ပြည်သူရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ “မယောင်ရာ ဆီလူး” နေလို့ မရပါဘူး။ ထိထိရောက်ရောက်ဖြစ်ရမယ်၊ လက်တွေ့ကျကျ ဖြစ်ရမယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်အောင်လည်း ကြိုးစားအားထုတ်ရမယ်လို့ ပြောကြားအပ်ပါတယ်။

” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ဒီကနေ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း တည်ထောင်ခဲ့တာ ၃ နှစ်ပြည့် မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ ၃ နှစ်အတွင်းမှာ ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်း ဖြတ် သန်းခဲ့ရတဲ့ အခြေအနေတွေ၊ အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေ အသီးသီးနဲ့ ဆက် သွယ်ချိတ်ဆက်စီမံခဲ့တဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ အစုအဖွဲ့အသီးသီး၊ နောက်ခံ အခြေအနေအမျိုးမျိုးကနေ အဆိုပြုပေးပို့လာတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ စုစည်းဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အစိုးရအဖွဲ့အတွင်းမှာ နားလည်မှု ကောင်းကောင်း၊ ပေါင်းစပ်လှုပ်ဆောင်မှု အင်အားကောင်းကောင်းနဲ့ တော်လှန်ရေး အတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြရာမှာ အစောပိုင်း ၁ နှစ်လောက်အတွင်း ဝန်ကြီးဌာနတွေ ရပ်တည် နိုင်ဖို့၊ Function တွေကောင်းကောင်းလည်ပတ်နိုင်ဖို့နဲ့ အစိုးရအဖွဲ့အတွင်းမှာကိုပဲ နိုင်ငံရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေ နားလည်မှုတွေ တည်ဆောက်ခဲ့ကြရတဲ့ ကာလတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးအတွက်လိုအပ်မယ်လို့ ယူဆခဲ့ကြတဲ့ ကော်မတီတွေ ကော်မရှင်တွေ ဖွဲ့စည်းပြီးလည်း တည်ဆောက်ရေးကဏ္ဍဘက် အာရုံစိုက်ခဲ့ကြရတဲ့ နှစ်လည်း ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အစိုးရအဖွဲ့အတွင်းမှာ ဝန်ကြီး၊ ဒုဝန်ကြီးများ ပိုမိုနားလည်မှုရှိစွာနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေ အားကောင်းလာပြီး၊ တော်လှန်ရေးအတွက်လည်း ဦးဆောင်အစိုးရ ပီပီ ကောင်းမွန်စွာ ဦးဆောင်နိုင်ခဲ့ကြတာကို ကျေနပ်ဖွယ်ရာတွေ့ရသလို လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွေမှာ ဦးဆောင် တာဝန်ယူတဲ့ အတွင်းဝန်တွေအနေနဲ့ ဌာနဆိုင်ရာ အဆင့်ဆင့်နဲ့အ တူ အတော်လေး ကြိုးကြိုးစားစား ဆောင်ရွက်ကြတာကို တွေ့ရလို့ တော်လှန်ရေးအစိုးရ အဖွဲ့ကို ဦးဆောင်သူတစ်ဦးအနေနဲ့ ကျေးဇူး တင်ပြီး တော်လှန်ရေးမှာ တစိုက်မတ်မတ် ပါဝင်ပေးကြလို့လည်း ဂုဏ်ယူကြောင်း ပြောကြား လိုပါတယ်။” လို့ ပြောကြားပါတယ်။

ဆက်လက်ပြီးတော့လည်း “တော်လှန်‌‌ရေးအစိုးရတစ်ရပ်အနေနဲ့ တော်လှန်ရေးအောင်မြင်မှုကို ရှေးရှုပြီး တော်လှန်ရေးအင်အားစု အစုအဖွဲ့အသီးသီးနဲ့ ပေါင်းစည်းချိတ်ဆက်လုပ်ဆောင်ခဲ့မှု အပိုင်းတွေကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့ဟာ အစိုးရတစ်ရပ်လုံးအနေနဲ့ပင်ဖြစ်စေ၊ ဝန်ကြီး ဌာနများ အနေ နဲ့ပင်ဖြစ်စေ၊ ကော်မတီများအနေနဲ့ပင်ဖြစ်စေ၊ အစုအဖွဲ့အသီးသီးနဲ့ တောက်လျှောက် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ခဲ့မှုတွေရဲ့ အသီးအပွင့်တွေကို မြင်တွေ့နေကြရပြီ ဖြစ်ပါတယ်။ နွေဦး‌တော်လှန်ရေးအစမှာ နိုင်ငံတကာပညာရှင်များနဲ့ လေ့လာစောင့်ကြည်သူများက တော်လှန်ရေး အင် အားစုတွေဟာ ခိုင်မာအားကောင်းတဲ့ မြန်မာစစ်တပ်ကို အနိုင်ယူဖို့ လုံးဝမဖြစ်နိုင် ဘူးထင်ခဲ့ ကြပေမယ့် အခုဆိုရင် ကျွန်တော်တို့ရဲ့ စုစည်းမှုအားနဲ့ သမိုင်းတစ်လျှောက် မကြုံဘူးခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အင်အားချိနဲ့လဲပြိုမှုတွေကို မြင်နေရပြီ ဖြစ်ပါတယ်။ ဒါတွေဟာ ၃ နှစ်တာ ကာလအတွင်း နေရာဒေသအသီးသီးက အင်အားစုအသီးသီးတို့ ပေါင်းစုပြီး ဆောင် ရွက်ခဲ့မှုတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ၃ နှစ်တာကာလအတွင်း နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ဝန်ဆောင်မှုပေးရေးစတဲ့ ကဏ္ဍအသီးသီးမှာ အောင်မြင်မှုတွေရှိ ခဲ့သလို လိုအပ်ချက်တွေလည်း များစွာရှိနေသေးတယ်ဆိုတာကိုလည်း ဝန်ကြီးများအားလုံး နားလည်ပြီး ဖြစ်မယ်ထင်ပါတယ်။ လူ့စွမ်းအားအရင်းအမြစ် အခက်အခဲ၊ ဘဏ္ဍာ‌ငွေကြေး အခက်အခဲများနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲများကြားက စီမံကြရတာ မလွယ်ကူကြပေမယ့် တတ်နိုင်သမျှတော့ ရှိတဲ့ အရင်းအမြစ်များကို ကောင်းမွန်စွာ အသုံးချနိုင်ကြဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်များနဲ့ တော်လှန်ရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးအစီအမံများနဲ့ ရှေ့ဆက်ကြဖို့လည်း တိုက်တွန်းပြောကြား လိုပါတယ်။ အခုဆိုရင် တော်လှန်ရေးရဲ့ အခြေအနေအရပ်ရပ်ဟာ ဖြစ်ပေါ်မှုတွေ၊ ပြောင်းလဲမှုတွေ အင်မတန်ကို မြန်ဆန်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖက်ဒရယ်အစိုးရအနေနဲ့ ကျွန်တော်တို့ဟာ ဘယ်ကဏ္ဍမှာမှ မျက်ခြေပြတ်သွားလို့ မဖြစ်ပါဘူး၊ စစ်‌ရေးအခြေအနေနဲ့ အုပ်ချုပ်‌ရေးတည် ထောင်မှုအခြေအနေတွေက ဆက်စပ်နေသလို အုပ်ချုပ်ရေးကဏ္ဍကလည်း နိုင်ငံရေးအခြေအ နေနဲ့ ဆက်စပ်နေပြန်ပါတယ်။ အဲ့ဒီအခြေအနေတွေအပေါ် မူတည်ပြီး နိုင်ငံတကာရေးရာ ဘက်ကလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်စီမံဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အစိုးရအဖွဲ့အတွင်းမှာ လိုအပ်ရင် လိုအပ်သလို သက်ဆိုင်ရာ ဝန်ကြီး ဌာနတွေ ချက်ခြင်း အစည်းအဝေးခေါ် တိုင်ပင်ဆွေးနွေးကြပြီး ပူးပေါင်းစီမံရမယ့် လုပ်ငန်း တွေလည်း ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စီမံမှုတွေမှာ နှေးကွေးနေရင် နိုင်ငံရေးအခြေ အနေအရ အပြောင်းအလဲ ဖြစ်သွားနိုင်တာတွေ၊ မလိုလားအပ်တဲ့ နိုင်ငံရေးပုံဖော်မှုတွေ ဖြစ် လာနိုင်တဲ့အတွက် အားလုံးသတိရှိရှိနဲ့ အသင့်ဖြစ်နေကြဖို့လည်း တိုက်တွန်းလိုပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါ တယ်။

ဒါအပြင် အစိုးရအနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိသမျှ ဥာဏ် ပညာနဲ့ စိတ်ခွန်အားအပြည့် အသုံးပြုပြီး တော်လှန်ရေးကို အမြန်ဆုံး အောင်အောင်မြင်မြင် အဆုံးသတ်နိုင်အောင် ဆက်လက် လုပ်ဆောင်သွားဖို့ လိုအပ်မှာ ဖြစ်ကြောင်း၊ အခက်အခဲတွေကြားက လုပ်ငန်းတွေဆောင်ရွက် နိုင်အောင် ယနေ့အချိန်ထိ ယုံယုံ ကြည်ကြည်နဲ့ ပူးပေါင်းပါဝင်ပြီး ပံ့ပိုးကူညီနေတဲ့ ပြည်သူ တစ်ယောက်ချင်းစီကိုလည်း အထူး ကျေးဇူးတင်ကြောင်းနဲ့ မကြာခင်မှာ အသွင်ကူးပြောင်းရေး ကာလအစိုးရတစ်ရပ်ကို တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ လုပ်ငန်းတာဝန်တွေ လွှဲပြောင်းပေးနိုင်တဲ့ အခြေအနေထိဖြစ်အောင် ဆက်လက် ကြိုးစားပေး ကြအတွက်လည်း တိုက်တွန်းပြောကြား ခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတာတွေကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါတယ်။