အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၄ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်

၂၀၂၄ ခုနှစ် ဧပြီ (၁၆) ရက် 

• ယနေ့ အချိန်ဟာ မြန်မာရိုးရာဓလေ့ အစဉ်အလာ နေ့ကောင်းနေ့မြတ် အခါသမယ ဖြစ်သလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ အပ်နှင်းထားတဲ့ တော်လှန်ရေးတာဝန်တွေ ထမ်းရွက်ခြင်း (၃) နှစ်ပြည့် အချိန်အခါတစ်ခုလည်း ဖြစ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းကို ပြည်သူလူထုနဲ့အတူ ဖြတ်သန်းခဲ့တဲ့ (၃) နှစ်တာ ကာလအတွင်းမှာ၊ ထိုက်သင့်တဲ့ တော်လှန်ရေး အောင်ပွဲတွေကို ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 

• နှစ်ပေါင်း (၇၀) ကျော်ကာလအထိ ပြည်သူလူထုကို နှိပ်စက်ညှင်းပန်းခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီဟာ တဖြည်းဖြည်း ယိုယွင်းချိနဲ့လာတာကိုလည်း ပြည်သူတစ်ရပ်လုံး မျက်ဝါး ထင်ထင် တွေ့မြင်ရပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရဟာ အကြမ်းဖက်စစ်အာဏာရှင်စနစ် ချေမှုန်းနှိမ်နင်းရေးကို၊ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ အလေးအနက်ထား ကြိုးစားနေကြောင်း တင်ပြချင်ပါတယ်။ 

• အခု ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေ တစ်ရပ်လုံးကို လွှမ်းခြုံကြည့်ရင် ခုခံတော်လှန်စစ်ရေး အခြေအနေတွေက အားရကျေနပ်စရာ အကျိုးရလဒ်တွေ တွေ့မြင်ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပြည်သူလူထုက ဥတုဘေး အကျပ်အတည်းနဲ့ ကြုံပြီး စားဝတ်နေရေး အကြပ်အတည်းက အင်မတန်ကြီးမားလာတာကို တွေ့နေရပါတယ်။ ကျွန်တော်တို့ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်အောက်က မလွတ်မြောက်သေးတဲ့ ပြည်သူလူထုတွေရဲ့ ဒုက္ခတွေကို အမြန်ဆုံး ပပျောက်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်။ 

• အခုဆိုရင် NUCC ကနေ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ကျင်းပနိုင်ခဲ့လို့ ကျွန်တော်တို့အနေနဲ့ ဝမ်းသာအားတက်ရပါတယ်။ အခုကျင်းပခဲ့တဲ့ ပြည်သူ့ညီလာခံမှာလည်း လက်တွေ့ ပြည်သူလူထုခံစားနေရတဲ့ အခက်အခဲတွေကို ကောင်းစွာဖော်ထုတ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးရဲ့ လက်တွေ့ ပကတိအခြေအနေတွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာ နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

• ကျွန်တော်တို့ဟာ ပြည်သူ့အရေးအရာကိစ္စတွေကို ဆွေးနွေးအဖြေရှာတဲ့နေရာမှာ အရှိ ပကတိနဲ့ ကင်းကွာလို့ မရဘူးလို့ ပြောချင်ပါတယ်။ လူထုက လက်တွေ့ ခံစားနေရတဲ့ အခက်အခဲ ပြဿနာတွေကို အရှိ ပကတိအတိုင်း နားလည်မှသာ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှုတွေက ထိရောက်မှန်ကန်လိမ့်မယ်လို့ ပြောချင်ပါတယ်။ 

• နွေဦးတော်လှန်ရေးအတွင်းက မွေးဖွားလာတဲ့ မျက်နှာသစ်နိုင်ငံရေးအင်အားစုတွေထဲမှာ ရဲရင့်တက်ကြွပြီး စိတ်အားထက်သန်ပြင်းပြတဲ့ လူငယ်မျိုးဆက်သစ်တွေ အမြောက်အမြား ရှိတာကို သတိထားမိပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေး အတွက် ခွန်သစ် အားသစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒီလိုမျက်နှာသစ်နိုင်ငံရေး အင်အားစုတွေ၊ သွေးသစ်တော်လှန်ရေး အင်အားစုတွေကို ကျွန်တော်တို့ အားလုံး လက်တွဲခေါ်ယူပြီး တစ်သားတည်း လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ 

• ရဲရင့်တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုဟာ တော်လှန်ရေးအတွက် အခြေခံမောင်းနှင်အား ဖြစ်ပေမယ့် သူ့ချည်းသက်သက်နဲ့ မလုံလောက်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ မဟာဗျူဟာ အတွေးအခေါ်တွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ကျခြင်း၊ အမြော်အမြင်ရှိခြင်းဆိုတာတွေကို ပေါင်းထည့်ပေးဖို့ လိုပါတယ်။ ဒါ့အပြင် ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အဖြစ်အပျက်တွေကို “အရှိကို အရှိအတိုင်း သိနားလည်ဖို့” အားထုတ်ကြရမှာ ဖြစ်ပါတယ်။ 

• မြန်မာစကားပုံတစ်ခုမှာ “ခုတ်ရာ တခြား၊ ရှရာ တလွဲ” ဆိုတဲ့ စကားရှိပါတယ်။ ပြည်သူရဲ့ ဘေးဒုက္ခတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ “မယောင်ရာ ဆီလူး” နေလို့ မရပါဘူး။ ထိထိရောက်ရောက်ဖြစ်ရမယ်၊ လက်တွေ့ကျကျ ဖြစ်ရမယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေ ဖြစ်အောင်လည်း ကြိုးစားအားထုတ်ရမယ်လို့ ပြောကြားအပ်ပါတယ်။

အရေးတော်ပုံမုချအောင်ရမည်....