ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း
ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄ /၂၀၂၄) အစည်းအဝေးကျင်းပခြင်း
============
ပြည်ထောင်စုဝန်ကြီးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၄) အစည်းအဝေးပထမပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် လည်းကောင်း၊ အစည်းအဝေးဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ဝင်များ ဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ အတွင်းဝန်များ၊ ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ရုံးအဖွဲ့များ၊ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် "ယနေ့အစည်းအဝေးကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပါအဝင် တက်ရောက်လာသူများအားလုံး ဘေးကင်းလုံခြုံကျန်းမာကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သပါကြောင်း၊ နှစ်သစ်အခါသမယမှာ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ကြပြီး မိမိတို့ ဘုံရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်ကို အမြစ်ဖြတ်ဖို့အတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ အကောင်အထည်ဖော်ကြဖို့ ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ အားလုံးရည်သန်နေကြလိမ့်မယ်လို့ ယုံကြည်ပါကြောင်း၊ ယခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍကို လေ့ကျင့်ပျိုးထောင်နိုင်ရန် တာဝန်ရှိသူများအားလုံးက ကြိုးစားအားထုတ်နေကြတာဖြစ်ပြီး သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်များ ပေါ်ပေါက်လာတာနဲ့အမျှ သယံဇာတအခန်းကဏ္ဍသည်လည်း အင်မတန်အရေးကြီးလာမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့သည် ဖက်ဒရယ်စနစ်ကို ဦတည်သွားနေတာဖြစ်တဲ့အတွက် ဖက်ဒရယ်ယူနစ်တွေနဲ့အတူ လက်တွဲလုပ်ဆောင်ရန် ကဏ္ဍအသီးသီးမှာ တာဝန်ယူဆောင်ရွက်နေကြသူတွေက ကြိုတင်ပြင်ဆင်ထားကြဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ဖက်ဒရယ် သယံဇာတမူဝါဒတစ်ရပ် ထွက်ရှိလာဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ကူညီပံ့ပိုးပေးဖို့ကိုလည်း အထူးတိုက်တွန်းမှာကြားလိုပါကြောင်း၊ ဒါမှသာ မိမိတို့လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အုတ်မြစ်ခိုင်မာပြီး ပြည်သူပြည်သားအားလုံးအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ညီမျှ မျှတမှာဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေနှင့် ပြည်သူလူထု လိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့ မိမိတို့ရည်မှန်းချက်တွေအားလုံး အောင်မြင်ဖို့ ဘက်ပေါင်းစုံက ကြံ့ကြံ့ခိုင်ကြိုးစားဆောင်ရွက်ခဲ့ကြလို့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးသည်လည်း ကောင်းမွန်တဲ့ အရွေ့တစ်ခုသို့ ရောက်ရှိလာပြီဖြစ်တာကြောင့် NAB-NR အဖွဲ့ဝင်များအနေဖြင့် ရှေ့ဆက်ကြိုးစားသွားကြပါစို့လို့" အားပေးတိုက်တွန်း ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ (၃/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့ လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စုအဆင့်သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့ပါသည်။
သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပါသည်။ တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (၄/၂၀၂၄) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံ ရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ