ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄)ကျင်းပပြုလုပ်

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ မေလ (၂) ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၂၄) ကို ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် "ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံက ဟန်ချက်ညီအောင် လုပ်ဆောင်ရင်း ပြည်သူလူထုကို အကာ အကွယ်ပေးနိုင်ဖို့ ကြိုးစားရင်းနဲ့ တဘက်ကလည်း အခွန်ကောက်ခံမှုမှ ရရှိထားတဲ့ ဘဏ္ဍာငွေတွေကို စနစ်တကျ အကျိုးရှိထိရောက်စေဖို့ ကြီးကြပ်လုပ်ဆောင်ပေးကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုများနှင့် ပတ်သက်ပြီး စနစ်တကျ မှတ်တမ်းမှတ်ရာနဲ့တကွ ပြုစုထိန်းသိမ်း ထားကြဖို့လည်း အထူးသတိပေး ညွှန်ကြားလိုပါကြောင်း၊ ပြည်သူ့ဘဏ္ဍာတွေ ဖြစ်တာကြောင့် ကိုယ်ကျိုးသုံးစွဲမှု၊ လွဲမှားသုံးစွဲမှုတွေကို ပြင်းပြင်းထန်ထန် တင်းကြပ်ဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ နောင်ကူးပြောင်းမယ့် အသွင်ကူးပြောင်းရေးကာလ အစိုးရလက်ထဲကို စာရင်းဇယား တွေနဲ့တကွ လွှဲပြောင်းပေးကြရမှာဖြစ်ပြီး အဲဒီလို လွှဲပြောင်းကြတဲ့အခါ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူ တွေ အားလုံးဟာ မိမိတို့ တာဝန်ယူဆောင်ရွက်ခဲ့သမျှ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စအရပ်ရပ်ကို အပြည့်အဝ တာဝန်ယူ/တာဝန်ခံကြရမှာ ဖြစ်ပါကြောင်း၊ အစိုးရယန္တရား အဆင့်ဆင့်အနေနဲ့ အထူးသတိထားပြီး စီမံဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း၊ ကြားကာလအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ စီမံဆောင်ရွက်ကြတဲ့ အခါ တော်လှန်ရေးကာလ ဖြစ်တယ်ဆိုတဲ့ အခြေခံအကြောင်းအရင်းကို မမေ့မလျော့ကြဘဲ လုပ်သင့် လုပ်ထိုက်တာတွေကို စဉ်းစားကြဖို့ လိုအပ်မှာ ဖြစ်ပါကြောင်း၊ လမ်းညွှန်ချက်တွေ ပေးတဲ့အခါမှာလည်း ဗဟိုအစိုးရအနေနဲ့ ပြတ်ပြတ်သားသား လမ်းညွှန်ချက်တွေပေးဖို့ လိုမှာ ဖြစ်ပြီး လိုက်နာဖို့ ပျက်ကွက်တဲ့ မြို့နယ်တွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ကိုင်တွယ်ကြဖို့လည်း လိုအပ်လာပြီ ဖြစ်ပါကြောင်း" ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော် ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ (၁၃/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လည်(၁:၃၀)နာရီအချိန်တွင်အောင်မြင်စွာရပ်နားခဲ့ပါသည်။