ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နွေဦးတော်လှန်ရေးတစ်နှစ်ပြည့် ပြည်သူလူထုထံသို့ ပြောကြားသည့် မိန့်ခွန်း

ချစ်ခင်လေးစားရပါသော နိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူအပေါင်းတို့ခင်ဗျား-

ဒီနေ့ဆိုရင် အဓမ္မ စစ်ဝါဒီတွေက နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ခဲ့တာ (၁) နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးလုံး အကြမ်းဖက် စစ်ကောင်စီကို လုံးဝ အုပ်ချုပ်ခွင့်မပြု စတမ်းဆိုတဲ့ သံဓိဌာန်နဲ့ နည်းလမ်းမျိုးစုံသုံးပြီး ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ တိုင်းရင်းသားပြည်သူများကို နိုင်ငံတော်အစိုးရအနေနဲ့ အထူးလေးစား ဂုဏ်ပြုပါကြောင်း ဦးစွာ ပထမ ပြောကြားလိုပါတယ်။

          လမ်းမတွေပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ကျဆုံးခဲ့တဲ့သူတွေ၊ စစ်ကောင်စီရဲ့ စစ်ကြောရေး စခန်းနဲ့ အကျဥ်းထောင်တွေအတွင်း ကျဆုံးခဲ့တဲ့သူတွေ၊ တော်လှန်ရေး စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ထိခိုက်ဒဏ်ရာရခဲ့သူတွေ အားလုံးဟာ ပြည်သူ့ သူရဲကောင်းတွေပါပဲ။ ပြည်သူက အမြဲတမ်း သတိတရရှိနေမှာဖြစ်သလို၊ တချိန်မှာ နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုရမယ့် ပုဂ္ဂိုလ်တွေလည်း ဖြစ်ပါတယ်။ အဓမ္မအာဏာသိမ်းမှု တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ အမျိုးသားညီညွတ် ရေးအစိုးရ ယာယီသမ္မတအနေနဲ့ ပြည်သူ့သူရဲကောင်းအပေါင်းကို ဂုဏ်ပြု ဦးညွတ်လိုက်ပါတယ်။ 

     မြန်မာစစ်အာဏာရှင်စနစ် ဘယ်လောက်ဆိုးယုတ်သလဲဆိုတာ မြန်မာပြည်သူတွေ အသိဆုံး ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်ကနေ ၂၀၂၁ခုနှစ် အတွင်း လေးကြိမ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံဟာ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ နဲ့ကျန်းမာရေး အဆင့်အတန်း အဖက်ဖက်က နိမ့်ကျပြီး ကမ္ဘာ့ အဆင်းရဲဆုံး (LDC) နိုင်ငံတစ်ခုအဖြစ် ဂုဏ်သိက္ခာ ညိုးငယ်ကျဆင်းခဲ့ရတယ်။ မြန်မာပြည်ရဲ့ အဓိကနိုင်ငံရေးပြဿနာဟာ ဘာလဲ၊စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို တည်ဆောက် ခြင်း မပြုနိုင်တဲ့ အချက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ 

စစ်အာဏာရှင်အဆက်ဆက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကျင့်သုံးဖို့ ငြင်းပယ်ခဲ့ကြတယ်။ ဒီမိုကရေစီကို ငြင်းပယ်ခြင်းအားဖြင့် ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်မှု၊ လူ့အခွင့်အရေးများ ဆိတ်သုဥ်းခဲ့ရတယ်။ ဖက်ဒရယ်ကို ငြင်းပယ်ခြင်းကြောင့် တိုင်းရင်းသားများ လိုလားတဲ့ တန်းတူရေး နဲ့ တရားမျှတမှု အခွင့်အလမ်းများ ဆိတ်သုဥ်းခဲ့ရတယ်။ စစ်အုပ်စုနားလည်တာက နိုင်ငံရေးမှာ စစ်တပ်က အစဥ်အဆက် ဗိုလ်ကျစိုးမိုးရေးနဲ့ လူမျိုးကြီးဝါဒပဲ ဖြစ်တယ်။ နိုင်ငံရေးအာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင်လွမ်းမိုးထားပြီးတဲ့နောက် စစ်တပ်ဟာ သီးသန့် လူတန်းစားတစ်ခုဖြစ်လာ တယ်။ စစ်ခေါင်းဆောင်တွေဟာ အခွင့်ထူးခံ အုပ်စုတစ်ခု ဖြစ်လာတယ်။ သူတို့ ကြံစည်လုပ်ဆောင် သမျှ စစ်အုပ်စုဗဟိုပြုရေး ဖြစ်လာတယ်။ စစ်တပ်အကျိုးစီးပွါး အဓိက ဝါဒ ဖြစ်လာတယ်ဆိုတာ ကျွန်တော်တို့တွေ့ရတယ်။

          သူတို့ဝါဒက ပြည်သူဟာ စစ်တပ်ကို အစဥ်အမြဲ ကျိုးနွံနေရမယ်၊ ပြည်သူဟာ စစ်တပ်ပြု သမျှ နုရမယ် ဆိုတဲ့ ဝါဒပဲ။ တစ်နည်းအားဖြင့် စစ်တပ်က ပြည်သူကို ကျွန်ဇာတ်သွင်းတဲ့ ဝါဒပဲ၊ စစ်ကျွန်ဘဝမှာ တိုင်းရင်သားပြည်သူတစ်ရပ်လုံး လူ့ဂုဏ်သိက္ခာ ထိခိုက်ဆုံးရှုံးခဲ့ကြရတယ်။ စစ်အုပ်စုဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကျင့်သုံးဖို့ ငြင်းပယ်ခြင်းအားဖြင့် ပြည်တွင်းစစ်ကို မီးမွှေးပေးခဲ့တယ်။ အနှစ်(၇၀) ကျော် ပြည်တွင်းစစ်သည်ပင်လျှင် စစ်အုပ်စုရဲ့ အကျိုးစီးပွါး ဖြစ်လာ တယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အချာအာဏာ မဆုံးရှုံး ရေး ကြွေးကြော်သံများနဲ့ အကြိမ်ကြိမ် အာဏာသိမ်းခဲ့တာလည်း ဖြစ်တယ်။

          မြန်မာနိုင်ငံမှာ စစ်တပ်က ဗိုလ်ကျစိုးမိုးနေသမျှ၊ စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ သက်ဆိုးရှည်နေသမျှ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ ဖွံဖြိုးတိုးတက်မှု အခွင့်အလမ်းများ လက်လွတ် ဆုံးရှုံးနေရမှာ ဖြစ်ပါတယ်။ ခြုံကြည့်ရင် မြန်မာ့နိုင်ငံရေးပြဿနာအားလုံးရဲ့ အဓိကအကြောင်း၊ အဓိက လက်သည်တရားခံဟာ စစ်အုပ်စုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ ထင်ထင်ရှားရှား တွေ့မြင် နိုင်ပါတယ်။ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ တန်းတူညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကား ပြီး လူမှုစီးပွါး ဖွံဖြိုးတိုးတက်တဲ့ ကမ္ဘာ့အဆင့်မှီနိုင်ငံသစ်ကို ထူထောင်လိုတယ်ဆိုရင် စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် တွန်းလှန် ဖယ်ရှားပစ်ဖို့ကလွဲလို့ တခြားဖြေရှင်းနည်းမရှိဘူးလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်။

          ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကတော့ သမိုင်းတစ်လျောက် အဆိုးယုတ်ဆုံး စစ်အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ ပြည်သူကရွေးကောက်တင်မြောက်ထားတဲ့ တရားဝင်အစိုးရဆီက အဓမ္မ အာဏာသိမ်းယူခဲ့ခြင်းဟာ နိုင်ငံတော်ပုန်ကန်မှု ကျုးလွန်ခဲ့ခြင်းဖြစ်သလို၊ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်တဲ့ လူငယ်တွေ၊ ပြည်သူတွေကို လူမဆန်တဲ့နည်းမျိုးစုံနဲ့ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ် နေခြင်းဟာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများနဲ့ ဆက်စပ်ပြီး ပြည်သူ ၁၅၀၀ ခန့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ ၁သောင်းနှစ်ထောင်ခန့်   ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ရင်ဆိုင် နိုင်ခြင်းမရှိတဲ့အခါ အရပ်သား ကျေးရွာပေါင်းများစွာနှင့် ချင်းပြည်နယ် ထန်တလန်မြို့နှင့် ကရင်နီပြည်နယ်မှ မြို့အချို့ကို မီးရှို့ဖျက်ဆီးပြီး၊ စစ်နဲ့ မသက်ဆိုင်တဲ့ ပြည်သူ ၁၀၀၀ ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်။ ဒီသတ်ဖြတ်မှုတွေထဲမှာ ဒီဇင်ဘာလ (၇)ရက်က ဆားလင်းကြီး မြို့နယ်၊ ဒုံးတောရွာဖြစ်စဥ်မှာ ပြည်သူ(၁၁)ဦး၊ ခရစ္စမတ်ရက်က ကရင်နီ ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို ရွာဖြစ်စဥ်မှာ ပြည်သူ ၃၅ ဦးကျော် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တဲ့ ဖြစ်စဥ်တွေ ပါဝင်ခဲ့ပါတယ်။ 

          စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဗျူဟာကို တစ်နှစ်လုံးလုံး ကြံ့ကြံ့ခံခဲ့ပြီး ဇွဲမလျော့စတမ်း ခုခံတွန်းလှန်နေခဲ့ကြတဲ့ မြန်မာပြည်သူတွေရဲ့ သူရသတ္တိကတော့ ကမ္ဘာကပင် လေးစား အသိအမှတ် ပြုခဲ့ရပြီဖြစ်တယ်။ နိုင်ငံတကာအနေနဲ့လည်း အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကို လုံးဝ အသိအမှတ်မပြုဘဲ လိုအပ်တဲ့ ပိတ်ဆို့အရေးယူမှုများပြုလုပ်ဖို့ မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုကပဲ အဓိက တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။

          အခုဆိုရင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် တည်ရှိနေခြင်းဟာ နိုင်ငံတကာမျက်နှာစာမှာ မြန်မာပြည်သူတွေရဲ့ အရေးကြီးတဲ့ အောင်ပွဲဖြစ်ပါ တယ်။ CRPH, NUCCနဲ့ NUG တို့အပေါ် တရားဝင် ပြည်သူ့ကိုယ်စားပြု အဖွဲ့အစည်းတွေအဖြစ် နိုင်ငံတကာရဲ့ နားလည်မှု၊ အသိအမှတ်ပြုမှုများ တိုးတက်ရရှိနေသလို ဒီအဖွဲ့အစည်းသုံးခုကို ပြည်သူ့တော်လှန်ရေးရဲ့ ပဲ့ကိုင်အဖွဲ့အစည်းများဖြစ်ဖို့ မြန်မာပြည်သူတွေ မျှော်လင့်ချက်ထားရှိကြ တယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်း နားလည်ပါတယ်။ ပြည်သူ့မျှော်လင့်ချက်ကို ဖြည့်ဆည်း နိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုုးစားအားထုတ်သွားပါ့မယ်ဆိုတဲ့ အကြောင်းလည်း ဒီနေ့ ဒီရက်မှာ ကတိပြုလိုပါတယ်။

        စစ်အာဏာရှင် အတွေးအခေါ် ကြီးစိုးပြီး ပြည်သူကို ရန်ပြု အကြမ်းဖက်နေတဲ့ စစ်တပ်ကို ဖျက်သိမ်းပစ်ဖို့နဲ့ ပြည်သူကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အပေါ် ယုံကြည်သက်ဝင်တဲ့ တပ်မတော်သစ်တစ်ရပ် တည်ထောင်ဖို့ဆိုတာလည်း သမိုင်းရဲ့ တောင်းဆိုချက်ဖြစ်ပါတယ်။ ပြည်သူ့တော်လှန်မှု တစ်နှစ်တာကာလအတွင်း “ပြည်သူ့ကာကွယ်ရေး တပ်မတော်” PDFကို ဖွဲ့စည်းထူထောင်နိုင်ခြင်းဟာ မြန်မာပြည်သူတွေရဲ့ အရေးကြီးတဲ့ စွမ်းဆောင်မှု ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (EAOs) များနဲ့ လက်တွဲပြီး စုဖွဲ့မှု၊ ဗဟိုအမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက်မှု၊ စစ်မဟာဗျူဟာ ညှိနှိုင်းရေးဆွဲမှုနဲ့ စုပေါင်းအကောင်အထည်ဖော်မှုများ တိုးတက်အားကောင်းလာပြီဖြစ်တဲ့အတွက် တော်လှန်ရေးခရီး မဝေးတော့ဘူးလို့ ကျွန်တော်တို့ ပြောချင်ပါတယ်။ အနာဂတ်တပ်မတော်သစ် ထူထောင်ဖို့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံလာမည့် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆက်လက်ကြိုဆိုနေမြဲဖြစ်ပါတယ်။ တိုင်းပြည်ကိုချစ်သော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူများနှင့် အမြန်ဆုံးပူးပေါင်းလာကြဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်။ 

ပြည်သူ့ခုခံတွန်းလှန်စစ် မှတ်တမ်းများအရ စက်တင်ဘာ (၇) ရက်နေ့မှ ဇန်နဝါရီ (၆) ရက်၊ ၄ လတာ အတွင်း အကြမ်းဖက်စစ်ကောင်စီအင်အား (၇၀၁၆) ဦး ထိခိုက်ကျဆုံး ပြုန်းတီးစေခဲ့တာ ဟာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ အရေးကြီးတဲ့ အောင်မြင်မှုဖြစ်ပါတယ်။ PDF နဲ့ မဟာမိတ် EAOs များ ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် ရှေ့ပြေး စီမံဆောင်ရွက်မှုများ ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

          အခုဆိုရင် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်နိုင်ပြီးဖြစ်တဲ့ ဒေသတွေမှာ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အာဏာတည်ဆောက်မှုကိုလည်း ဆက်တိုက် အကောင်အထည် ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဥ်နဲ့တွဲပြီး ကြားကာလ ပြည်သူ့တရားစီရင်ရေး မဏ္ဍိုင် ထူထောင်ဖို့လည်း တစ်ပြိုင်တည်း စီမံဆောင်ရွက်နေပြီဆိုတာ အသိပေးလိုပါတယ်။

          အခုအချိန်အထိ စစ်အုပ်စု လက်အောက်ခံ ဖြစ်နေသေးတဲ့ လက်နက်ကိုင်အဖွဲ့များနဲ့ ပတ်သက်ရင် စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ မဖြစ်လိုရင် ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းဖို့ လိုပါတယ်။ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ တာဝန်ရှိတဲ့သူတွေကတော့ နိုင်ငံတကာတရားစီရင်ရေးစနစ်အရကော၊ ပြည်တွင်းတရားစီရင်ရေးစနစ်အရပါ အရေးယူအပြစ် ပေးခံရလိမ့်မယ်ဆိုတာ သတိပေးလိုပါတယ်။ 

          ဒီတော်လှန်ရေးက စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်က အပြီးတိုင် ဖယ်ရှားပစ်ဖို့ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပါ တယ်။ စစ်အာရှင်စနစ်ဖယ်ရှားပြီးတဲ့အခါ ဘယ်လိုအနာဂတ်မျိုးကို ကျွန်တော်တို့ မျှော်မှန်းပါသလဲ၊ တိုင်းသူပြည်သားအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့ နိုင်ငံတော်၊ တိုင်းရင်းသား အားလုံး တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တည်းဟူသော ဖက်ဒရယ်အခွင့်အရေးများ အပြည့်အဝ ရရှိတဲ့ ပြည်ထောင်စု၊ ခွဲခြားမှုကင်းတဲ့၊ ငြိမ်းချမ်းတဲ့၊ သဟဇာတဖြစ်တဲ့ လူအဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်မှန်းထားတာ ဖြစ်တဲ့အတွက် မွန်မြတ်သန့်စင်တဲ့ တော်လှန်ရေး ဖြစ်တယ် လို့ဆိုချင်ပါတယ်။ အခုဆိုရင် အနာဂတ် မြန်မာနိုင်ငံတော်သစ် (New Myanmar) ရဲ့ အာရုဏ်ဦးကို ပြည်သူ့တော်လှန်ရေးနဲ့အတူ ကျွန်တော်တို့ မျက်မှောက်ပြုနိုင်ပြီ ဖြစ်ပါတယ်။

          ဒီတော်လှန်ရေးမှာ အသက်တွေ၊ ဘဝတွေ၊ ပိုင်ဆိုင်မှုတွေ စွန့်လွှတ်ပေးဆပ်ခဲ့တဲ့ ပြည်သူတစ်ယောက်စီတိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရက အလေးအမြတ်ပြုပါတယ်။ ဒီတော်လှန်ရေးဟာ ပြည်သူတွေကိုယ်တိုင် ဦးဆောင်ပါဝင်တဲ့ ပြည်သူ့တော်လှန်ရေးလည်းဖြစ်တဲ့ အတွက် Generation – Z လူငယ်တွေ၊ PDF ရဲဘော်တွေ၊ CDM ဝန်ထမ်းတွေ၊ သပိတ်အင်အားစု တွေ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EAOs)တွေ တက်ညီလက်ညီ လက်တွဲဆင်နွှဲကြမယ်ဆိုရင် အပြီးသတ် ပြည်သူ့အောင်ပွဲ အရယူဖို့ အချိန်များစွာ မလိုတော့ဘူးလို့ ယုံကြည်ပါတယ်။ တို့ပြည်သူ များ ရည်မျှော်တဲ့ အနာဂတ်မြန်မာနိုင်ငံတော်သစ် (New Myanmar)ကို ပုံဖော်ထုဆစ်မယ်သူ ဟာလည်း မြန်မာပြည်သူများ ကိုယ်တိုင် ဖြစ်ပါတယ်။ မကြာသောကာလမှာ တိုင်းရင်းသားပြည်သူတွေရဲ့ ညီညွတ်မှု စွမ်းပကားကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ပေါ်ထွန်းလာတော့မှာ ဖြစ်ပါတယ်။

          ယဥ်ကျေးတဲ့ ကမ္ဘာကြီးအနေနဲ့လည်း မြန်မာပြည်က အရိုင်းအစိုင်းတွေကို ဖယ်ရှားပစ်ဖို့ အရေးမှာ မြန်မာပြည်သူတွေနဲ့အတူတကွ ဆက်လက်ရပ်တည်ပေးကြပါ။ တော်လှန်ရေးအင်အားစု တွေအနေနဲ့ အဖက်ဖက်က ပြိုဆင်းနေပြီဖြစ်တဲ့ စစ်အုပ်စုကို အနားမပေးစတမ်း ဆက်လက်တိုက်ပွဲ ဝင်ကြပါ။ တိုင်းရင်းသားပြည်သူများအနေနဲ့လည်း မြန်မာနိုင်ငံတော်သစ် (New Myanmar) တည်ဆောက်ရေးနှင့် ပြည်သူ့ခုခံတွန်းလှန်စစ်မှာ နိုင်ရာကဏ္ဍက ဆက်လက်ထောက်ခံပါဝင်ပေးကြ ပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။

ဒူဝါလရှီးလ 
ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့