ကြေညာချက်အမှတ် (၅/၂၀၂၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
https://nugmyanmar.org

ကြေညာချက်အမှတ် (၅/၂၀၂၂)
၂၀၂၂၊ ဖေဖော်ဝါရီ ၄ ရက်

အကြမ်းဖက်စစ်အုပ်စု၏ အဆင်အခြင်မဲ့ အာဏာလုယူမှုကြောင့် မြန်မာတစ်နိုင်ငံလုံးရှိပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝများအားလုံးသည် အကျပ်အတည်းပေါင်းများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ ကျောက်ပန်းတောင်း မြို့နယ် ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်သည် အကြမ်းမဖက်အာဏာဖီဆန်ရေး နည်းလမ်းများထဲမှ အဆုံးစွန်ဆုံးနည်လမ်းကို ရွေးချယ်ကာ အကြမ်းဖက် စစ်ကောင်စီအား မိမိကိုယ်ကို မီးရှို့၍ ဆန့်ကျင်ဆန္ဒပြပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျဆုံးခဲ့ရပါသည်။

ယခုကဲ့သို့ မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြသည့် ဖြစ်ရပ်အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒဖော်ထုတ်မှုများ နေ့စဉ်မပြတ် ရှိနေသော်ငြားလည်း အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့ဆန္ဒကို လျှစ်လျှူရှုမြဲရှုကာ ၎င်းတို့အာဏာတည်မြဲရေးအတွက် အကြမ်းဖက်လုပ်ရပ် များကို ဆက်လက်ကျူးလွန်လျက်ရှိရာ အာဏာလုယူပြီး တစ်နှစ်တာကာလအတွင်း ပြည်သူ (၁၅၁၀) ဦးကျဆုံးခဲ့ရပြီး အသက်မပြည့်သောကလေးသူငယ် (၁၆) ဦးအပါအဝင် အရပ်သားပြည်သူ ၁၈၄ ဦးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။ မြို့ရွာများ မီးရှို့ခံရမှု (၂၄၉)ကြိမ်ရှိခဲ့ပြီး ပြည်သူလူထု၏ အိမ်ခြေပေါင်း(၁၂၀၀)ခန့်နှင့် ပိုင်ဆိုင်မှုများစွာ ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု စာရင်းဇယားများအရ သိရှိရသည်။ အဆိုပါ ကိန်းဂဏန်းများသည် ယခုအချိန်အထိ ရပ်တန့်မှုမရှိပဲ အကြမ်းဖက်စစ်အုပ်စုသည် အရပ်သားပြည်သူ များအား သတ်ဖြတ်မှု၊ မြို့ရွာအိုးအိမ်များအား မီးရှို့ဖျက်ဆီးမှု တို့ကို နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိသည်ကိုလဲ တွေ့ရသည်။ 

အဆိုပါ ဖြစ်ရပ်များသည် အကြမ်းဖက်စစ်အုပ်စု၏ အာဏာရယူလိုမှုဇောတစ်ခုတည်းကို ရှေ့တန်းတင်ကာ အဆင်အခြင်မဲ့ မတရားအာဏာလုယူမှုအောက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝအသီးသီးမှာ အစစအရာရာ ချွတ်ခြုံကျ၍ မလုံခြုံမငြိမ်းချမ်းသော ဘဝသို့ ရောက်ရှိနေသည့် အခြေအနေကို ထင်ထင်ရှားရှား မီးမောင်းထိုးပြလျက်ရှိပေသည်။

ပြည်သူလူထု၏ ယခုကဲ့သို့သော စွန့်လွှတ်အနစ်နာခံမှုများ၊ ပျက်စီးဆုံးရှုံးရမှုများအတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် လွန်စွာကြေကွဲဝမ်းနည်းရပြီး အဆိုပါ ရင်းနှီးပေးဆပ်ရမှုများအားလုံးကို အချည်းနှီးမဖြစ်စေရပဲ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝများအားလုံးကို ချွတ်ခြုံကျပျက်စီးစေသော၊ ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံငြိမ်းချမ်းမှုကို ထိပါးနှောက်ယှက်နေသော စစ်အာဏာရှင်စနစ်ကို  မြန်မာ့မြေပေါ်မှ အပြီးတိုင်ဖယ်ရှား၍ နောင်အနာဂတ်တွင်လဲ မည်သည့်အခါမှ ပြန်လည်ခေါင်းထောင်မထလာစေရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း လေးနက်စွာကတိပြုပါသည်။ နိုင်ငံတကာအဝန်းအဝိုင်းအနေဖြင့်လဲ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်များကို နှောက်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များ အမြန် ရပ်တန့်သွားနိုင်ရေး ထိရောက်သော လုပ်ဆောင်မှုများဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။