(၇၃) နှစ်ပြည့် ကရင်တော်လှန်ရေးနေ့သို့ အမျိုးသားညီညွတ်‌ရေးအစိုးရက ပေးပို့သော သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

https://nugmyanmar.org

“(၇၃) နှစ်ပြည့် ကရင်တော်လှန်ရေးနေ့သို့ အမျိုးသားညီညွတ်‌ရေးအစိုးရက ပေးပို့သော သဝဏ်လွှာ"

၂၀၂၂ ဇန်နဝါရီ ၃၁ ရက်

ကရင်တော်လှန်ရေး၏ (၇၃) နှစ်ပြည့်ကာလအတွင်း ကရင်လူမျိုးတို့၏ လွတ်လပ်ရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ တရားမျှတရေးနှင့် ကရင့်ကြမ္မာကရင်ဖန်တီးနိုင်ရေးအတွက် ငြိမ်းချမ်းစွာ ညှိနှိုင်း တောင်းဆိုခဲ့သော်လည်း အာဏာရှင်များက အကြမ်းဖက်နှိမ်နှင်းခဲ့သဖြင့်မလွှဲမရှောင်သာ ခုခံတိုက်ပွဲဝင်ခဲ့သော ကော်ခိုစောဘဦးကြီး နှင့်တကွ ကျဆုံးသွားသော ကရင့်အာဇာနည်ခေါင်းဆောင်ကြီးများ၊ ရဲဘော်ရဲဘက်များ ၊ ကရင်ပြည်သူများအား အမျိူးသားညီညွတ်‌ရေးအစိုးရက သမိုင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

ယနေ့မျက်မေှာက်အချိန်ကာလသည် အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံချက်ပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးကို ဦးတည်လျက် ကရင်ပြည်သူများအပါအဝင်  တစ်နိုင်ငံလုံးအတွက်အရေးကြီးသော အချိန်ကာလ ဖြစ်သည့်အားလျော်စွာ မိမိတို့ အမျိူးသားညီညွတ်‌ရေးအစိုးရက ကရင်ပြည်သူလူထုများနှင့်အတူ အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ချေမှုန်းနိုင်မည့် တော်လှန်ရေးအတွက် ကျရာနေရာတွင် အားဖြည့်ပါဝင်ပေးကြပါမည် ဟု အလေးအနက်ကတိပြုအပ်ပါသည် ။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဂျီနီဗာသဘောတူညီချက် (Geneva Convention) အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို ချိုးဖောက်လျက် ကရင်ပြည်နယ်အပြင် ပြည်ထောင်စု တဝှမ်းလုံးရှိ အပြစ်မဲ့ ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်နှင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ အင်အားအလွန်အကျွံသုံး၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့် အရပ်သားပြည်သူလူထုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို နေ့စဉ်မပြတ်ဆောင်ရွက်နေပါသည်။ ထိုအကြမ်းဖက်လုပ်ရပ်များအား အမျိုးသားညီညွတ်‌ရေးအစိုးရက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အဆိုပါ လုပ်ရပ်များ ချက်ခြင်းရပ်တန့်စေရန်နှင့် တာဝန်ရှိသူများ တာဝန်ယူမှုအပြည့်အဝရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားပါမည်။

စစ်အာဏာရှင်စနစ်၊ လူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်အမျိုးမျိုးတို့ကို အပြီးတိုင်ဖယ်ရှား၍ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့  ကရင်လူမျိုးများအပါအဝင် တိုင်းရင်းသားညီနောင်အားလုံးနှင့်အတူ တော်လှန်ရေးစိတ်ဓါတ်အပြည့်ဖြင့် လျှောက်လှမ်း ချီတက်သွားမည်ဖြစ်ပါကြောင်း ကတိသစ္စာပြုရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။