အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေး (၃/၂၀၂၂) ကျင်းပပြုလုပ်

ဇန်နဝါရီ ၂၅၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးအမှတ်(၄၀) (၃/၂၀၂၂) ကို ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ တွင် ကျင်းပခဲ့ပါတယ်။အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုရင် ဆိုးရွာလွန်းတဲ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်အာဏာရှင် အကြမ်းဖက်သမားတွေကို ပြည်သူတွေဟာ ဇွဲရှိစွာနဲ့ လုံ့လဝီရိယမလျှော့ဘဲ တွန်းလှန်လာခဲ့ကြတာလည်း တနှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ပြည်သူတွေ အတွက်လည်း ဒီတော်လှန်ရေးဟာ အတော်ပင်ပန်းဆင်းရဲ လှကြောင်း၊ ဒါပေမယ့် အရှိန်လျော့မသွားဘဲ ဆက်လက်တွန်းလှန်နေတဲ့ ပြည်သူတွေနဲ့အတူ အမြန်ဆုံး အောင်မြင်မှုတွေ ရရှိအောင် ပိုမိုအားကောင်းအောင်၊ အားဖြည့်ကြရင်း ကျနော်တို့ ရှေ့ဆက်သွားကြမှာဖြစ်ပါကြောင်း။ ကျွန်တော်တို့ တော်လှန်ရေးဟာ zero ကနေ စကြရတာဖြစ်ပြီး အခုအချိန်အထိလည်း နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ သိသာထင်ရှားစွာ မရသေးပေမယ့် ပြည်တွင်းပြည်ပက ကျွန်တော်တို့ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ သွားနေကြတာဖြစ်ကြောင်း၊ ဒီလိုသွားရင်းနဲ့ အောင်မြင်မှုဟာ မြင်နေရပြီမို့ ဆက်လက်ကြိုးပမ်းကြဖို့ ပြောကြားလိုကြောင်း။ နိုင်ငံတကာအနေနဲ့လည်း အမှန်တရားဘက်က ရပ်တည်ပေးဖို့ နှိုးဆော်လိုကြောင်း၊ အမှန်တရားဘက်မှ ရပ်တည်ပေးခဲ့တဲ့ အာဆီယံနိုင်ငံအချို့မှ ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ဒီတပတ်အတွင်းမှာ ကျွန်တော်တို့ပြည်သူတွေအတွက် ဝမ်းမြောက်ဂုဏ်ယူစရာကိစ္စကတော့ အမေရိကန်နိုင်ငံ အခြေစိုက် Chevron နဲ့ ပြင်သစ်နိုင်ငံ အခြေစိုက် Total တို့ စစ်ကောင်စီနှင့် စီးပွားဆက်မလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ကိစ္စဖြစ်ကြောင်း။ ပြည်တွင်း ပြည်ပမှ မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားတက်သရော အကူအညီပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် NUG ရဲ့ဝန်ကြီးဌာန အသီးသီး၊ အထူးသဖြင့် စီးပွားရေးဆိုင်ရာ ဝန်ကြီး ဌာနများရဲ့ အားထုတ်ကြိုးပမ်းမှုကြောင့် ယခုကဲ့သို့ စစ်ကောင်စီရဲ့ အကြီးမားဆုံး ဝင်ငွေရလမ်းတစ်ခုကို ပိတ်ဆို့နိုင်တာဖြစ်တာကြောင့် တက်ညီလက်ညီဆောင်ရွက်ခဲ့ကြတာ တွေအတွက် အထူးပင်ဂုဏ်ပြုလိုကြောင်း။ တိုင်းပြည်အာဏာကို မတရားလုယူထားတဲ့ အကြမ်းဖက်သမားတွေ ထင်ရာစိုင်းနေတဲ့ ကာလဖြစ်တာကြောင့် စိတ်မချမ်းမြေ့စရာများကတော့ နေ့စဉ်လိုလို ကြားသိ နေရတာတွေရှိကြောင်း။ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ရင်း ကျဆုံးသွားရတဲ့ မြန်မာပြည်အရပ်ရပ်က သူရဲကောင်းတွေအတွက်လည်း အလွန်စိတ်ထိခိုက်ရသလို အပြစ်မဲ့ပြည်သူကိုပါမရှောင် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေကြတာတွေအတွက်လည်း ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်း၊ မကြာခင်ရက်ပိုင်းအတွင်းက မတရားသဖြင့် သေဒဏ်ချခံလိုက်ရတဲ့ တော်လှန်ရေးရဲဘော် ၂ ဦးဖြစ်တဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့အပါအဝင် သေဒဏ်ချခံရတဲ့ တော်လှန်ရေးသမားများအားလုံးအတွက် စိတ်ထိခိုက်ရသလို တဘက်ကလည်း ငါတို့ တော်လှန်ရေးကို မြန်မြန်အောင်မြင်အောင်လုပ်ရမယ်ဆိုတဲ့ သံဓိဌာန်လည်း ပိုမို ခိုင်မာလာကြောင်း၊ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ မတရားအကျဉ်းချခံနေရတဲ့ သူရဲကောင်းတွေ အားလုံးအတွက် ကျွန်တော်တို့ ပိုကြိုးစားပြီး ဒီအကြမ်းဖက်သမားတွေကို အမြစ်ဖြတ် ချေမှုန်းနိုင်သည်အထိ တိုက်ပွဲဝင်ကြရမှာဖြစ်ပါကြောင်း။ ဒီလိုအောင်မြင်မှုတွေ ရနိုင်ဖို့အတွက်ဆိုရင် ပြည်သူတွေ ယုံကြည်အားကိုးကြတဲ့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူတွေနဲ့ ထိုက်တန်တဲ့ ရလဒ်တခုကို ဆောင်ကြဉ်းပေးနိုင်ဖို့ အားကုန်ရုန်းကန်ကြရမယ့် နှစ်လည်းဖြစ်ပါကြောင်း။ မကြာခင်မှာ စစ်အာဏာသိမ်းမှု တနှစ်ပြည့် တော့မှာဖြစ်ပြီး ကျွန်တော်တို့ မကြုံချင်ခဲ့တဲ့ နှစ်ပတ်လည်တခုဖြစ်ကြောင်း၊ တနှစ်လုံးလုံး ပြောစရာစကားမရှိလောက်အောင် ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် သမားတွေကို ဇွဲကြီးကြီးနဲ့ တွန်းလှန်ရင်း အာဏာရှင်စနစ်အမြစ်ပြတ်နိုင်ဖို့ ကြိုးစားရုန်းကန် နေကြတဲ့သူ တဦးချင်းစီကို လေးစားဂုဏ်ပြုလျက် ကျွန်တော်တို့တတွေ အလုပ်တွေ ပိုကြိုးစားကြပါမယ်လို့ ကတိပြုပါကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီး မြှပ်နှံမှုဝန်ကြီးဌာန၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးတင်ပြကြပြီး အစည်းအဝေးကို နံနက် (၁၁း၅၀)မိနစ်တွင် ရုတ်သိမ်းခဲ့ပါတယ်။