ယနေ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပပြုလုပ်သော ပြည်သူ့ညီလာခံ ဖွင့်ပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့သော အမှာစကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

နိုင်ငံတော်သမ္မတရုံး

[email protected]

     ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ယာယီသမ္မတ ဒူဝါလရှီးလ၏ ပြည်သူ့ညီလာခံ ဖွင့်ပွဲအမှာစကား

 ချစ်ခင်လေးစားရပါသော ပြည်သူ့ညီလာခံကိုယ်စားလှယ်များ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ လေ့လာသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သံတမန်များကို ရှေးဦးစွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ၊ လိုအင်ဆန္ဒ အဝဝ ပြည့်ကြပါစေလို့ ဆုတောင်းမေတ္တာပို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ 

 ပြည်သူ့ညီလာခံကြီးကို အခုလို ကျင်းပနိုင်တာဟာ နွေဦးတော်လှန်ရေးရဲ့ အရေးကြီးလှတဲ့ အလှည့်အပြောင်း အချိုးအကွေ့ဖြစ်ပြီး သမိုင်းမှာလည်း မော်ကွန်းဝင်ကျန်ရစ်မယ့် အစည်းအဝေး ကြီးဖြစ်တဲ့အတွက် အခုလို မိန့်ခွန်းပြောခွင့်ရတာ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒီပြည်သူ့ ညီလာခံကြီးဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ တိုင်းပြည်အာဏာကို လက်နက်အားကိုး မတရားသိမ်းယူဖို့ ကြိုးစားတဲ့ တစ်နှစ် ပြည့်လုဆဲဆဲ ကာလနဲ့ သွားရောက် တိုက်ဆိုင်နေတာလဲ ဖြစ်ပါတယ်။ စစ်အုပ်စုက ဘယ်လောက်ပဲ တိုင်းပြည်ကို အကြမ်းဖက် အာဏာရယူဖို့ ကြိုးစားပေမဲ့ ပြည်သူလူထုက လက်မခံပဲ နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တွန်းလှန် နေတယ်ဆိုတဲ့ ပြယုဂ်တစ်ခုအဖြစ် ဒီပြည်သူ့ညီလာခံကြီးကို ကျင်းပနိုင်တဲ့အတွက် နိုင်ငံရေးအနှစ်သာရ အားဖြင့် အလွန် အရေးကြီးလှပါတယ်။ 

 ပြည်ထောင်စုကြီးရဲ့ အဓိကအရင်းခံ ရေသောက်မြစ် ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖြေရှင်းနိုင် မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးကြီးလှတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်ကြီးကို ဒီညီလာခံမှာ အတည်ပြုပြီး သမိုင်းမှတ်တိုင်စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ အရပ်သား ပြည်သူ့အစိုးရ ပေါ်ထွန်းရေးအစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ အတည်ပြုပြဌာန်းမယ့် ပဋိဉာဉ် ကြီးက နွေဦးတော်လှန်ရေးအတွက် ရှေ့ဆောင်လမ်းပြ မီးရှုးတန်ဆောင်ဖြစ်လာမှာ ဖြစ်ပါတယ်။  

  ဒီပဋိဉာဉ်ကြီးမှာ ပါတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို လူထုဆန္ဒနဲ့အညီ အတည်ပြုပြဌာန်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism)ကို လိုက်နာကျင့်သုံးနိုင်မှသာ ကျွန်တော်တို့မျှော်ရည်တဲ့ ဖက်ဒရယ်ပြည်ထောင် စုကြီးတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို တည်ဆောက်နိုင်ဖို့ ပဋိညာဉ်မှာ ပါဝင်တဲ့ အစုအဖွဲ့များ ဖြစ်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့အစည်း များ၊ သမဂ္ဂများ၊ အမျိုးသမီး၊ လူငယ်နဲ့ လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ် လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများရဲ့  စုပေါင်းညီညွတ်မှု၊ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဟန်ချက် ညီညီ ကြိုးပမ်းအားထုတ်မှုက အလွန်အရေးကြီးလှပါတယ်။ အဲဒီလို အားထုတ်ကြဖို့ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ/ ကော်မရှင်တွေ ဖွဲ့စည်းပြီး ဆောင်ရွက်နေကြတဲ့အတွက်လည်း များစွာ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ 

 အာဏာရှင်စနစ်ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီပဋိဉာဉ်နဲ့အညီ ရေးဆွဲထားတဲ့ မဟာဗျူဟာ တွေကိုလည်း အကောင်းဆုံး လေ့လာသုံးသပ်ပြီး အတည်ပြုပေးနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ကြိုတင် ပြင်ဆင်မှုဆိုင်ရာ လုပ်ငန်းတွေကိုလည်း တင်ပြအတည်ပြုချက် ရယူနိုင် မယ်လို့ ယုံကြည်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ လမ်းညွှန်မှု၊ မူဝါဒဆိုင်ရာ ထိန်းကျောင်းမှုတွေကို ခံယူပြီး ဒီမဟာဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေကို အားလုံးနဲ့ လက်တွဲပြီး အကောင်အထည်ဖေါ်သွားမှာဖြစ်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရ အနေနဲ့ အစိုးရဖွဲ့စည်းပြီးကတည်းက အခုအချိန်ထိ ပဋိဉာဉ်မှာ ပါတဲ့ ပြဌာန်းချက် များနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ညီလာခံမှာ အစီရင်ခံ တင်ပြသွားမှာ ဖြစ်ပါတယ်။  

 ဒီလိုညီလာခံကြီးကျင်းပနိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းခဲ့ကြသူတွေ၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်တွေ၊ နည်းပညာပံ့ပိုးကူညီကြသူတွေကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ဖေါ်ပြလိုပါတယ်။ ဒီညီလာခံကြီးကနေ အစပြုပြီး ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်ကြီးနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ အားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ သန္နိဌာန်ပြုရင်း၊ ဒီညီလာခံကြီး အောင်မြင်စေ ကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။  

  အားလုံး စစ်ဘေးဒဏ်၊ သဘာဝဒဏ်များမှ ကင်းလွတ်ပြီး၊ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုများ ခံစား ရရှိပါစေ၊ ငြိမ်းချမ်းသာယာဝပြောတဲ့၊ တရားမျှတတဲ့ နိုင်ငံရေးစနစ်တခုကိုလည်း ခံစားရရှိပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ 

အရေးတော်ပုံ မုချအောင်ရမည်။

(ယာယီသမ္မတ)

အမျိုးသားညီညွတ်ရေးအစိုးရ

ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်