ပြည်သူ့ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ပြောကြားသည့်အဖွင့်အမှာစကား

လေးစားအပ်တဲ့ပြည်သူ့ညီလာခံသဘာပတိကြီးများ၊ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတကြီး၊ 

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်ကြီးများ၊ 

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီဝင်များ၊  

ပြည်သူ့ညီလာခံကိုယ်စားလှယ်တော်များ၊ 

အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များနှင့် 

လေ့လာသူများအားလုံး မဂ်လာပါလို့ ရှေးဦးစွာ နုတ်ခွန်းဆက်သအပ်ပါတယ်။ 

ယနေ့ကျင်းပပြုလုပ်တဲ့ ပြည်သူ့ညီလာခံဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ အလွန် ထူးခြားလေးနက်ပြီး အရေးကြီးတဲ့ညီလာခံတစ်ရပ်ဖြစ်ပါတယ်။ စစ်အာဏာရှင်ကိုဖြုတ်ချပြီး ပြည်သူ့ဘဝလွတ် မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေး ပြည်သူ့ အင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်နိုင်ငံရေးပါတီများနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်အတိုင်ပင်ခံကောင်စီများ လက်တွဲချိတ်ဆက်ပြီး ယခုလို ကျင်းပနိုင်ခြင်းအတွက် မိမိအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းဖော်ပြလိုပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးကာလဖြစ်သော်လည်း တက်ရောက်ပါဝင်သင့် ပါဝင်လိုကြတဲ့အဖွဲ့အစည်း တွေ၊ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ များစွာကျန်ရှိနေအုန်းမှာဖြစ်ပေမယ့်၊ တတ်နိုင်သမျှ ပါဝင်သင့် ပါဝင်နိုင်တဲ့ အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ တက်ရောက်ပါဝင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးခြင်း အတွက်လည်း မိမိအနေဖြင့် ဂုဏ်ပြုပါကြောင်းအလေးအနက်ဖော်ပြလိုပါတယ်။ 

လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ တပ်မတော်ဟာ ပြည်သူတွေရဲ့ လွတ်လပ်တဲ့ဆန္ဒသဘောထားနှင့် ဒီမိုကရေစီနည်းကျရွေးချယ်မှုကို ဆန့်ကျင်ပြီး၊ နိုင်ငံတော်အာဏာကို အတင်းအဓမ္မ ထပ်မံလုယူသိမ်းပိုက်လိုက် ပြန်ပါတယ်။ ဒီလိုပြုမူဆောင်ရွက်လိုက်ခြင်းဟာ စတင်ဖြစ်တည်ထွန်းသစ်စ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အပြင် စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းနှင့်မြော်လင့်ချက်များကို ရိုက်ချိုး ဖျက်ဆီးပစ်ရာရောက်စေခဲ့ပါတယ်။ ထို့အတူ စစ်တပ်ကြီးစိုးတဲ့နိုင်ငံရေး၊ စီးပွားရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများ ပြန်လည်အားကောင်းပြီး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၊  ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့ကို လျစ်လျူရှု မျက်ကွယ်ပြုတဲ့စနစ်ဆိုးကို ပြန်လည်အသက်သွင်းဖို့ကြိုးစားနေခြင်းလည်း ဖြစ်ပါတယ်။

တပ်မတော်ရဲ့ တရားမဲ့ပြုမူဆောင်ရွက်မှုကို လက်မခံငြင်းဆန်ကြတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများဟာ စစ်အာဏာသိမ်းပြီး ရက်အနည်းငယ်အတွင်းမှာပဲ နိုင်ငံတဝှမ်းလုံးမှာ လမ်းပေါ်ကိုထွက်၊ ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံထဲမှာသာမက ကမ္ဘာအရပ်ရပ်မှာပါ တပ်မတော်က အာဏာသိမ်းတာကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ လမ်းပေါ်ကိုထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသူအရေအတွက်ဟာ ရာဂဏန်း၊ ထောင်ဂဏန်း မဟုတ်ပါဘူး။ နေ့စဥ် သောင်းဂဏန်း၊ သိန်းဂဏန်းနှင့် ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် Generation Z လို့ခေါ်တဲ့လူငယ်မျိုးဆက်သစ်တွေက ဦးဆောင်ခဲ့ကြပါတယ်။ 

“စစ်တပ်ကအာဏာသိမ်းခြင်း အလိုမရှိ”၊ “ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး”၊ “ဖမ်းဆီးထားတဲ့ခေါင်းဆောင်များ ချက်ချင်းလွှတ်”၊ “လူငယ်တွေမှာ အနာဂတ်ရှိတယ်” အစရှိသည်ဖြင့် ရဲရင့်ပြတ်သားတဲ့ကြွေးကြော်မှုများနှင့် မျိုးဆက်သစ်လူငယ်များအပါအဝင်ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့သက်သေဟာ မြန်မာနိုင်ငံ အတွင်းမှာသာမက ကမ္ဘာ့အလယ်မှာပါ ထင်ရှားကျော်ကြားခဲ့ပါတယ်။ သို့ပေမယ့် အာဏာသိမ်းစစ်ကောင်စီ ကတော့ ယဥ်ကျေးတဲ့ပြည်သူများရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကန့်ကွက်မှုကို လျစ်လျုရှုပြီး၊ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုးစုံနှင့် လက်နက်မဲ့ပြည်သူတွေကို ရိုက်နှက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခဲ့ပါတယ်။ 

လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - 

လာမယ့်ရက်အနည်းငယ်အတွင်း စစ်အာဏာသိမ်းမှုကာလ (၁၂) လပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ဒီ (၁၂) လတာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကန့်ကွက်ကြတဲ့ လူငယ်တွေနှင့် ပြည်သူတွေကို သာလွန်အင်အားတွေနဲ့ အကြမ်းဖက်နှိမ်နင်းပြီး သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ငြိမ်ဝပ်ပိပြားသွားစေဖို့ ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် လူငယ်တွေနှင့်ပြည်သူတွေရဲ့တရားမျှတမှုကို ချစ်မြတ်နိုး တဲ့စိတ်၊ လူ့အခွင့်အရေးကိုတန်ဖိုးထားပြီး လွတ်မြောက်လိုစိတ်တို့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ပြင်းပြတဲ့စိတ်အားထက်သန်မှုတို့ကို ဘယ်လိုမှ နှိပ်ကွပ်ချိုးဖျက်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာ ယခုအခါ စစ်ကောင်စီအနေနဲ့ မျက်ဝါးထင်ထင် သိမြင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။   

စစ်ကောင်စီအနေနဲ့ ယခုအချိန်အထိ လူငယ်တွေနဲ့ ပြည်သူတွေရဲ့ လိုလားမှုကို မသိကျိုးကျွံပြုလျစ်လျုရှုနေဆဲ ဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့လက်ထဲမှာရှိနေတဲ့ အချုပ်အခြာအာဏာကို မဆီမဆိုင်လုယူထားပြီး၊ သူတို့ကပဲ နိုင်ငံနှင့်ပြည်သူတွေရဲ့ကောင်းကျိုးအတွက် စေတနာစိတ်နှင့် အလုပ်လုပ်နေသလိုလို အသံကောင်း ဟစ်နေဆဲဖြစ်ပါတယ်။ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ သူတို့ကို လက်မခံ၊ အသိအမှတ်မပြုနေတော့ တာကို သိပင်သိငြားသော်လည်း၊ ပုလင်းတူဗူးဆို့နိုင်ငံအချို့ရဲ့ အကူအညီနှင့် ပြည်သူတွေကို ရက်စက်စွာပြုမူဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေတာဟာ သူတို့ကိုယ်သူတို့သာမက၊ နိုင်ငံနှင့်ပြည်သူ တွေကိုပါ အဆိုးဆုံးအခြေအနေသို့တွန်းပို့နေတယ်ဆိုတာ အတိအလင်းပြောကြားလိုပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်နယ်၊ ပြည်မနေရာဒေသအသီးသီးမှာ သာလွန်အင်အားတွေနဲ့ ပြည်သူတွေကိုထိုးစစ် ဆင်တိုက်ခိုက်နေတာကို ချက်ချင်းရပ်တန့်ဖို့လိုပါတယ်။ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် မတရားဖမ်းဆီးအကျဥ်းချထားတဲ့ ပြည်သူတစ်သောင်းကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ် ပေးဖို့လိုပါတယ်။ မိမိတို့နှင့်အလျဥ်းသက်ဆိုင်ခြင်း မရှိတဲ့ နိုင်ငံတော်အာဏာကို ချက်ချင်းစွန့်လွှတ်ပြီး အချုပ် အခြာအာဏာရဲ့မူလပိုင်ရှင်တွေဖြစ်တဲ့ပြည်သူထံ အမြန်ဆုံး ပြန်လည် လွှဲအပ်ဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ နည်းမျိုးစုံဖြင့် တိုက်ခိုက်ဖြိုချမှုကို ဆက်လက်ရင်ဆိုင်နေရမှာဖြစ်ကြောင်း သတိပေးလိုပါတယ်။

လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - 

လက်ရှိ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ လူတစ်ဖွဲ့၊ လူတစ်စုရဲ့ အကျိုးစီးပွားကိုရယူ ဖို့ဆင်နွဲနေတဲ့တော်လှန်ရေး မဟုတ်ပါဘူး။ လူတစ်စု၊ လူတစ်ဖွဲ့က စေခိုင်းကြီးကြပ်တဲ့တော်လှန်ရေးလည်း မဟုတ်ပါဘူး။ နိုင်ငံသူနိုင်ငံသား ပြည်သူတစ်ရပ်လုံးရဲ့အကျိုးစီးပွားအတွက် ပြည်သူများကိုယ်တိုင် ဦးဆောင် ပါဝင်တဲ့တော်လှန်ရေးဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ “ဓမ္မ” ကို ချစ်မြတ်နိုးပြီး “အဓမ္မ” ကိုငြင်းပယ်တဲ့ ပြည်သူတွေရဲ့ ရင်ထဲ အသည်းထဲကနေ ထွက်ပေါ်လာတဲ့ ကိုယ်ကျင့်တရားကောင်းမွန်မှုကနေ စီးဆင်းလာတာ ဖြစ်ပါတယ်။ ဒါကြောင့် ယခု ပြည်သူတွေဆင်နွဲနေတဲ့တော်လှန်ရေးဟာ မုချမသွေအောင်မြင်မှာဖြစ်ပါတယ်။

လူ့ကျင့်ဝတ်ကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်ရတာဖြစ်လို့ ခက်ခဲကြမ်း တမ်းမှုများ၊ ကြေမွထိခိုက်ရမှုများ၊ စိတ်မသာညီးတွားရမှုများ မလွဲမသွေရှိနေမှာပဲဖြစ်ပါတယ်။ သို့သော်လည်း စနစ်ဆိုးကို ခြေမွပြီး၊ စနစ်သစ်တစ်ခုကို တည်ဆောက်ကြရတာဖြစ်လို့ နာကျင်ရပေမယ့် ပန်းတိုင်ရောက်တဲ့ တစ်နေ့ မိမိတို့အားလုံး “သားဖွားတဲ့မိခင်ရဲ့ ပီတိ” လိုမျိုး ဂုဏ်ယူကျေနပ်နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ ပဲ၊ ခက်ခဲကြမ်းတမ်းစွာ ခုခံတော်လှန်မှုပြုနေကြတဲ့ ပြည်သူ့ဘက်တော်သား တော်လှန်ရေးအင်အားစုများအနေ ဖြင့် “အဆိုးအားဖြင့် အရှုံးဘက်ကို မယိမ်းယိုင်သွားစေဘဲ၊ အကောင်းအားဖြင့် အဆိုးအညစ်များကို အနိုင်ယူဖို့” မိမိအနေနဲ့ ကြုံကြိုက်တုန်း တိုက်တွန်းနိုးဆော်လိုပါတယ်။

တစ်ဆက်တည်းမှာပဲ နွေဦးတော်လှန်ရေးကာလ ယနေ့အထိ မဆုတ်မနစ်သော စိတ်ပိုင်းဖြတ်ကြံ့ခိုင်မှုများဖြင့် အကြံကောင်းဉာဏ်ကောင်းများသာမက၊ ငွေကြေးမှအစ အဘက်ဘက်မှ မနားမနေ ပံ့ပိုးကူညီတာဝန်ယူပေး ကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာပြည်သူပြည်သားများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလို ပါတယ်။ (၁၂) တာကာလအတွင်း ပြည်သူတွေရရှိတဲ့အောင်မြင်မှုများဟာ နိုင်ငံတကာမှာရှိတဲ့ မြန်မာပြည်သူ ပြည်သားများနှင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေကိုချစ်ခင်တန်ဖိုးထားကြတဲ့ မိတ်ဆွေများရဲ့ကရုပြုမှုနှင့် အတူတကွရပ်တည်ပေးမှုများကြောင့်လည်း ဖြစ်ပါတယ်။ 

လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - 

မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံရဲ့အတိတ်နိုင်ငံရေးသမိုင်းအတွေ့ အကြုံနှင့်သင်ခန်းစာများအပေါ်အခြေခံပြီး၊ တိုင်းရင်းသားလူမျိုးများအားလုံးမြော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတစ်ခုကို တည်ထောင်နိုင်ဖို့ဖြစ်ပါတယ်။ ဒီလိုတည်ထောင်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုး များအနေနဲ့ မိမိတို့ရဲ့ကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်တဲ့ပုံစံနှင့်သဏ္ဍာန်ထဲကနေ ကိုယ်ပိုင်ပြဌာန်းနိုင်ခြင်း အပြည့် အဝရှိပြီး၊ လူမျိုးတစ်ခုခု၊ အစုအဖွဲ့တစ်ခုခုရဲ့ ထိန်းချုပ်မှုကင်းလွတ်ခြင်းရှိတဲ့ လွတ်လပ်မှု၊ တန်းတူမျှတမှု၊ ကြီးနိုင် ငယ်ညှင်းကင်းရှင်းမှုတို့နှင့်ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ဖို့ဖြစ်ပါတယ်။ 

လက်ရှိနွေဦးတော်လှန်ရေးကာလမှာ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှာ “ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ်”ရေးဆွဲခြင်းလုပ်ငန်းစဉ်အပါအဝင် ပြည်သူ့ဘက်တော်သားတော်လှန်ရေးအင်အားစုတွေ ကြားမှာ အလွန်အရေးကြီးတဲ့နိုင်ငံရေးအရ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေရှိနေပါတယ်။ ယခုပြုလုပ်မယ့် ပြည်သူ့ညီလာခံမှာ ပြန်လည်ညှိနှိုင်းပြုပြင်ထားတဲ့ “ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်” အတည်ပြုခြင်းအပါအဝင် နွေဦးတော်လှန်ရေးအောင်မြင်နိုင်ဖို့အတွက် အချက်အခြာကျတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ကြပါလိမ့်မယ်။ 

တစ်ဖက်မှာလည်း စစ်အာဏာသိမ်းထားတဲ့ ရက်တစ်ရက်တိုးလေလေ၊ ပြည်သူတွေခံရတဲ့ ဒုက္ခဆင်းရဲကြပ် တည်းမှုတွေကလည်း တစ်ရက်ပိုလေလေဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအမြန်ဆုံးလွတ်မြောက်လုံခြုံဖို့ အတွက် စစ်အာဏာသိမ်းမှုကို အမြန်ဆုံးဖယ်ရှားနိုင်ဖို့ “ပြည်သူ့ဒုက္ခ အမြန်ဆုံးလွန်မြောက်နိုင်ရေး” ကိုမျက်ခြေ မပြတ် ရှေးရှူဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ 

လေးစားအပ်တဲ့ သဘာပတိများ၊ ယာယီသမ္မတကြီးနှင့် ခေါင်းဆောင်များခင်ဗျား - 

ယနေ့မှစတင်ပြီး ကျင်းပပြုလုပ်သွားမယ့် “ပြည်သူ့ညီလာခံကြီး” ရည်မှန်းချက်အတိုင်း အောင်မြင်စွာကျင်းပနိုင် ပါစေ။ ပါဝင်တက်ရောက်ကြသူကိုယ်စားလှယ်များ၊ စိတ်အားထက်သန်မှုများစွာဖြင့် လေ့လာသူများ၊ ညီလာခံ ကျင်းပရေးတာဝန်ရှိသူများ၊ အလုပ်အဖွဲ့ဝင်များအားလုံး ဘေးကင်းလုံခြုံစွာ ရှိကြပါစေ။ မြန်မာနိုင်ငံသူနိုင်ငံ သားအပေါင်း ဘေးလွတ်လုံခြုံ၍ တရားမျှတမှုနှင့် လွတ်လပ်ခြင်းများ အမြန်ဆုံးရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း လေးစားစွာ နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။


၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်