၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သုံးပွင့်ဆိုင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သုံးပွင့်ဆိုင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း

(၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်)

ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ ဥက္ကဌ၊ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၏ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်ချမ်း သာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်း ဦးစွာပထမ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဒီကနေ့ဟာ ၁၉ရာစုဆန်းပိုင်းမှာ အလုပ်သမားများအနေနဲ့ ၎င်းတို့ရဲ့ ဆုံးရှုံးသွားတဲ့ အခွင့် အရေးတွေ၊ လုပ်ခနဲ့ လုပ်အား ထိုက်သင့်မျှတစွာ ရရှိနိုင်ရေးအတွက် ဖိနှိပ်မှုတွေကြားကနေ အသက်သွေးချွေးတွေရင်းပြီး ညီညီညွတ်ညွတ်၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်တောင်းဆိုမှုတွေရဲ့ အောင်မြင်မှု မှတ်ကျောက်အဖြစ် ၁၈၈၉ခုနှစ်၊ မေလ ၁ရက်နေ့မှာတော့ ကမ္ဘာ့အလုပ်သမားနေ့ရယ်လို့ သတ် မှတ်ပြီး နိုင်ငံအနှံ့အပြားမှာ ကျင်းပခဲ့ကြတဲ့နေ့လည်းဖြစ်ပါတယ်။ ကမ္ဘာ့အလုပ်သမားနေ့ကို ၁၈၉၀ ပြည့်နှစ်ကစပြီး ကျင်းပခဲ့တာ ယခုဆိုရင် ၁၃၄ ကြိမ်မြောက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း တိုင်းပြည်အတွက် မရှိမဖြစ် စွမ်းအားစုကြီးဖြစ်တဲ့ မြန်မာ အလုပ်သမားထုကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ မေဒေး အခမ်းအနားကို ၁၉၃၈ ခုနှစ်၊ မေလ ၁ ရက်နေ့ က စတင်ပြီး ကျင်းပနိုင်ခဲ့ပါတယ်။ အလုပ်သမားများ အနေနဲ့ မိမိအခွင့်အရေးကို သိရှိပြီး ကိုယ်တိုင် တောင်းဆို တိုက်ပွဲဝင်ရာက ပေါ်ပေါက်လာတဲ့နေ့ဖြစ်တာကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ နေ့ထူးနေ့ မြတ်တစ်ရက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး အဲ့ဒီနှစ်မှာပဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်  အလုပ်သမား အစည်း အရုံးတွေ အားကောင်းလာခဲ့ပြီး အလုပ်သမားဥပဒေ ပြုပြင်ပြောင်းလဲရေး၊ အလုပ်သမားအခွင့် အရေး အပြည့်အဝရရှိရေး၊ ဝန်နဲ့အား မျှတတဲ့ အလုပ်များ လုပ်ဆောင်နိုင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာရှင်တွေရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ ကို သိမ်းယူမှုနောက်ပိုင်း ဆယ်စုနှစ်ပေါင်းများစွာ အခြေခံအလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးခဲ့ ရပြီး အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကိုပါ ကန့်သတ်ပိတ်ပင်ခံခဲ့ရတာကို အားလုံး သိရှိပြီးဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပုံမှန်ဝင်ငွေရရှိမှုတွေ ဆုံးရှုံးနေရပြီး လူမှုစီးပွားဘဝတွေ ထိခိုက်ခံစားနေရချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အုပ်စုက တိုင်းပြည်အာဏာကို တဖန်ပြန်လည် လုယူခဲ့တာကြောင့် မြန်မာအလုပ်သမားထုကြီး အပါအဝင် ပြည်သူတစ်ရပ်လုံး အတိဒုက္ခရောက်ခဲ့ကြရပါတယ်။ အခြေခံအလုပ်သမား အခွင့်အရေး နဲ့ လူ့အခွင့်အရေးတွေ အဆိုးရွားဆုံးအခြေအနေထိ ချိုးဖောက်ခံနေရတာကိုလည်း မျက်ဝါးဝါးထင် ထင် ကြုံတွေ့ခဲ့ကြရပါတယ်။ မတရားအာဏာလုယူမှုအပေါ် ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ အလုပ် သမား သမဂ္ဂခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာတွေ၊ တရားမဲ့ ဖမ်းဆီးတာတွေ၊ သတ်ဖြတ် တာတွေအပြင် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးတောင်းဆိုခွင့်တွေ ပိတ်ပင်ခံရတာ၊ အဓမ္မ အလုပ်ခိုင်းစေခြင်းခံရတာစတဲ့ ပုံစံမျိုးစုံနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကို တစ်နိုင်ငံလုံးက ပြည်သူလူထုနဲ့ ထပ်တူ ခံစားခဲ့ကြရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ မြန်မာအလုပ်သမားထုတစ်ရပ်လုံးက မိမိတို့ရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုနှင့်အတူ စည်းလုံးတက်ကြွစွာ ပါဝင်လာခဲ့ကြပြီး ဒီနေ့အချိန်အထိ မဆုတ်မနစ် အနစ်နာခံ၊ ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေမှုတွေအတွက် များစွာလေးစားဂုဏ်ပြုအပ်ပါတယ်။ စစ်အုပ်စုအနေနဲ့ အလုပ်သမားများရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေမှုများအတွက် ILO ဖွဲ့စည်းပုံ စည်းမျဉ်းတွေအရ အမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry on Myanmar-COI) ကို ဖွဲ့စည်း ကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ခိုင်မာတိကျပြီး စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို အထင် အရှားတွေ့မြင်နေရပါတယ်။ 

အခုဆိုရင် အဘက်ဘက်က ရှုံးနိမ့်နေတဲ့ စစ်အုပ်စုဟာ အဓမ္မစစ်သားစုဆောင်းမှုအတွက် ဥပဒေတစ်ရပ်ကို အခွင့်အာဏာမရှိဘဲ ထုတ်ပြန်ကာ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်ရှိတဲ့ လူငယ်တွေကို ဖမ်းဆီးခြိမ်းခြောက်ပြီး စစ်သားစုဆောင်းလျက်ရှိပါတယ်။ အဲ့ဒီလိုလုပ်ရပ်တွေက စစ်မှုထမ်းဆောင်စေခြင်းထက် အဆိုးရွားပုံစံနဲ့ အဓမ္မခိုင်းစေမှု  ဖြစ်ပေါ်စေပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု လုပ်ရပ်အဖြစ်သာ ရှိတယ်ဆိုတဲ့အကြောင်းကို အခိုင်အမာ ပြောကြားလိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ILO COIရဲ့ တိုက်တွန်းချက် တွေကိုလည်း မထီမဲ့မြင်ပြုပြီး ဆက်လက်ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်နေတာကို လည်း တွေ့ရမှာဖြစ်ပါတယ်။ ပြည်ပရောက် နိုင်ငံသားများ၊ အလုပ်သမားများရဲ့ လစာဝင်ငွေကနေ ဝင်ငွေခွန် အဓမ္မ ကောက်ခံတာတွေ၊ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့ သတ်မှတ်ထားတဲ့ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် လွှဲပိုဖို့ ဖိအားပေးတာတွေ၊ ပြည်သူလူထု အပေါ် အကြမ်းဖက်လုပ်ရပ်တွေအတွက် သွေးစွန်းငွေ မဖြစ်စေလိုတာကြောင့် လိုက်နာမှု မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတာတွေစတဲ့ ဖိနှိပ် ခြိမ်းခြောက်မှုတွေကို စစ်အုပ်စုအနေနဲ့ ပြည်တွင်းအလုပ်သမားတွေကိုသာမက ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအပေါ်မှာလည်း နည်းမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စု တည်မြဲနေသရွေ့ အလုပ်သမား အခွင့်အရေး အပါအဝင် ဘယ်လိုအခွင့်အရေးကိုမှ ရရှိနိုင်မှာမဟုတ်တာ အထင်အရှားဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ နွေဦးတော်လှန်ရေး အမြန်ဆုံးအဆုံးသတ် အောင်မြင်ရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ အလုပ်သမားထုကြီးအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့် အတူ ညီညွတ်စွာနဲ့ ဆက်လက်ကြိုးပမ်းအားထုတ်ကြဖို့ ဒီကနေ အထူးတိုက်တွန်းလိုပါတယ်။ ILO အပါအဝင် နိုင်ငံတကာ အလုပ်သမားရေးရာ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လိုလားတဲ့ ILO အဖွဲ့ ဝင်နိုင်ငံတွေအနေနဲ့လည်း အကြမ်းဖက်မှုများ ကျူးလွန်နေတဲ့ စစ်အုပ်စုကို ILO ဖွဲ့စည်းပုံစည်းမျဉ်းများနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ လာမယ့် ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကျင်းပပြုလုပ်မယ့် ၁၁၂ ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ(ILC)မှာ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံအသိ အမှတ်ပြုပေးခြင်းဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ အခြေခံ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးတို့အတွက် လက်တွေ့ကျ တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ပေးဖို့ အလေးအနက်တောင်းဆိုလိုပါတယ်။ နွေဦးတော် လှန်ရေးမှာသာမက တိုင်းပြည်ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက်ပါ အရေးပါတဲ့ စွမ်း အားစုကြီးဖြစ်တဲ့ ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားထုကြီးကို အစဉ်လေးစားဂုဏ်ပြုပါ ကြောင်းနှင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအတွက် ဆက်လက် အတူတကွ တိုက်ပွဲဝင်သွားမည်ဆိုတာကို အလေးအနက် ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။